မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။
ကြာတော့ ကြာခဲ့ပါပြီ...
နု စဉ် အရွယ် . တရားရှာ ခဲ့ပုံ ကို ပြန်လည် တင်ပြချက်
၁၀ တန်း ပြီးကတည်းက..နှစ်တိုင်း လိုလို ပဲ..သင်္ကြန် ရောက်တိုင်း ဘုန်းကြီး ၀တ် ဖြစ်ပါတယ်
အလုပ် ကလည်း အား နေ တာရယ်.. ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ လုပ်နိုင်တာ ဆိုလို့ ဒီ သင်္ကြန် အချိန် က ပိုကောင်း လို့ ပါ
အမြဲလိုလို သင်္ကန်း စီး ဖြစ်တဲ့ ကျောင်းက တော့ ပုဇွန်တောင် ညောင်ကုန်း . က.. သာသနာ့ရိပ်သာ လေးပါ
ကျောင်းဆောင် လေးက..ကျဉ်း ၊ သင်္ကြန် ကာလ က လည်း လူများတော့ နေစရာ အခက်အခဲ တော်တော် ဒုက္ခရောက် ပါတယ်.။
ဒါပေမယ့်. ဆရာတော်နဲ့ လည်း သိနေတော့ ကျောင်းဆောင် ပေါ်က အဆင်ပြေတဲ့ နေရာလေး တနေရာတော့ အမြဲ ရတတ်ပါတယ်. ကျော တစ်ခင်း စာ ပေါ့.
သင်္ကြန်တွင်းကာလ ကတော့ ဘုန်းကြီးဝတ် တဲ့သူတွေ ကများလေ တော့ သံဃာ တွေအချင်းချင်း တန်းစီ ပြီး စု ပေါင်း အိပ် ကြရပါတယ်။
သင်္ကြန်ပြီး လို့ နှစ်ဆန်း တစ်ရက်နေ့ လည်း ရောက်ရော အကုန် လုံးနီးပါ က လူထွက်သွားကြပါတယ်
ကျွန်တော်ကတော့ နှစ်ဆန်း တစ်ရက် နေ့ ကို ရဟန် ၀တ် နဲ့ နေချင်လို့  လူမထွက်ပါဘူး။ နောက်တနေ့ .နှစ်ဆန်း နှစ်ရက် ကျမှ ပဲ ရှင်လိင်ပြန် ပါတယ် ။
အဲသလို ကျောင်းဆောင် ပေါ်မှာ သံဃာ အင်အား နည်းသွား တဲ့အခါ ကျတော့ ကိုယ့်တပါးတည်း အေးဆေး ထင်ပြီး စိတ်ချလက်ချ ကြိန်းစက် တော်မူပါတယ်။ (အိပ်တယ်ပေါ့ဗျာ)..
အဲဒီမှာ စတွေ့ တာပါပဲ.........
ညဥ့်သန်းခေါင် တရေးနိုးတော့ မှ..ကိုယ့် ရဲ့ ခြေရင်းမှာ.. ခြင်ထောင် လေး တစ်လုံး တွေ့ ပါတယ်။
ကိုယ့်လိုပဲ . ဒုလ္လဘ ရဟန်း တပါး ပဲ အောက်မေ့ ပြီး သေချာ မကြည့်မိလိုက်ပါဘူး ။ မျက်မှန် ကလည်း မပါလေတော့ မသဲကွဲဘူးလေ။
အပေါ့အပါး သွားပြီးလို့ ပြန်လာတော့မှ ပဲ ခြင်ထောင် ထဲက သံဃာ ကို သေချာကြည့်လိုက်မိပါတယ်။
အမလေးးးးးးးးးးးး............ဘုရား .........ဘုရား ...........ဘုရား .........
ဘုန်းကြီးမဟုတ်ပဲ .. မာတုကာမ.မိန်းမတစ်ယောက် ဖြစ်နေပါလား..
မိန်းမတောင် မှ..အသက် ကြီးကြီး မဟုတ်.. အပျိုဖြန်း လေး.......... ကိုယ်နဲ့ လည်း မတိမ်းမယိမ်း...ဇာခြင်ထောင် ပါးပါး လေး ကိုဖောက်ထွင်းပြီး အတိုင်းသားမြင်ရေပုံ က..
အိပ်နေလိုက်တာ.. တော်တော် တောင် အိပ်မောကျနေပြီလေ . ဘေးနားမှာတော့ သူ့ အမေလို လို ..အဒေါ်လိုလို မိန်းမကြီးတစ်ဦး ..
ခြုံထားတဲ့ စောင်လေးတောင် ဟိုတ၀က် ဖုံး ဒီ တ၀က် ဖုံး..
အော်.. ကြည့်စမ်းပါအုံး ..
တနေကုန် သင်္ကြန် ရေပက်ခံထွက်ထားလို့ ထင်ပါ့ . အသား လေးတွေ တောင် နေလောင် နီမြန်းလို့ ။
ပါးစောင်မှာလည်း သားရေ လေးတွေ စီးကျနေပါလား ဟရို့ 
ခိုမလေးတစ်ကောင် တဟင်းဟင်း နဲ့  ငြီး သံ လိုလို ဟောက်သံ လိုလို အသံ လေး သဲ့ သဲ့ ကြားနေရသလို ပါပဲ..
အော်.. ဒီ တကာမလေး က နှစ်နှစ်ခြိုက်ခြိုက် ကို အိပ်နေတာပါလား..
သယ်.........ကြည့်စမ်း ကြည့်စမ်း ၊
ငါ ဟာ ဘုရားသားတော် သိမ်ဝင် ရဟန်း တပါး ဖြစ်နေတောင် . ကိုယ်နဲ့ သွေးမတော် သားမစပ် တစိမ်း မိန်းမ တစ်ယောက် ကို ဘာလို့ များ ကြည့်နေပါလိမ့်
မလျော်ပေဘူး .အာပတ်တော့ သင့်တော့မှာပဲ .. သတိ သတိ . သတိဆိုတဲ့ တရားဟာ ပိုတယ်လို့ မရှိပါလား.
မြင်ရင် မြင်တယ် လို့ မှတ် .. မြင်တယ် . တွေ့ တယ်.. လှတယ် . ပေါ်နေတယ်။
ဟင် .. မဟုတ်ပါဘူး.. ငါရဲ့ အမှတ်သတိ မပြတ်ရှိအောင် . အို ရဟန်း ကြိုးစားမှတ်ပြီး သမာဓိ ဆောက်လိုက်စမ်း ဟဲ့ 
သြော်.. ပုထုဇဉ် ဆိုတော့လည်း သတိ ဘယ်မြဲ ပါ့မလဲ ။ အမှားမကင်း နိုင်ဘူးပေါ့လေ။
ကျောင်းထိုင် ဆရာတော် ကရော ဘယ်မှာလဲ... တခြား ဘယ်ဘုန်းကြီးမှလည်း အနားမှာမရှိ
ခက်တော့ နေပါပြီ..
ကတုံး နဲ့ ဆံပင် .......... ဘုန်းကြီးနဲ့ မာတုကာမ ... ........လားလားမျှ မအပ်စပ်ပေ...
ဘာလုပ်ရမလဲ..ကိုယ့်ရဲ့ အိပ်ရာ ခြေရင်း ခပ်လှမ်းလှမ်း လေးမှာ လာအိပ်နေကြပါလား ..
အိပ်စရာ နေရာ တော်တော်ရှားလို့ လား
ဘယ်ကိုမှလည်း ထွက်သွားလို့ မရ..ဘယ်သူ့ ကိုမှလည်း သွား ပြောလို့ မရ...ညဥ့်နက်သန်းခေါင် အချိန်မတော်..
ခြင်ထောင်ထဲ ပြန်ဝင် ပြီးတော့ တညလုံး အိပ် မပျော်တော့ပါဘူး..
ကျွန်တော်တို့ က ညီအစ်ကို နှစ်ယောက်တည်း ဗျ...မိန်းကလေး တွေနဲ့ တခန်းထဲ အတူတူအိပ်ဖို့ မပြောနဲ့ ...၀မ်းကွဲ အစ်မတွေ ညီမ တွေနဲ့ တောင် ဖက်လှဲ တကင်း နေခဲ့ဖူုးတာမဟုတ်......................ပြောရရင်..မိန်းမ ကိစ္စ ရှင်းတယ်ပေါ့လေ.( ကြွားရင် ကြွားတယ် မှတ်ပါ ဒကာ . ဒကာမ အပေါင်းတို့ )
နောက်ပြီး ကျွန်တော် က အိပ်ဆော့ တယ်.. ငယ် ငယ် ကတည်း.က ဖျာပေါ်မှာအိပ်ရင် . တရေးနိုး ရင် ဖျာ ပေါ်ကနေ ကြမ်းပြင် ပေါ်ကို ရောက်သွားရော..
အခု တော့....အခုတော့...ကောင်းကြသေးရဲ့ လား..........
မတော်လို့ များ ... ဒီ ဘုန်းကြီး ငယ်လေး...အိပ် ဆော့ ပြီး..ခြေရင် ဘက် နယ်ကျွံ သွားရင်... ( မတွေးဝံ စရာပါပဲ နော်)....
လည်ချောင်း ထဲလည်း အာခေါင် တွေ ပတ်ကြားအက် သကဲ့ သို့  ခြောက်သွေ့ လာပါတယ်. ရေ ငတ်သလိုလို. . အိမ်သာ ပဲ .ပြန်သွားချင်သလိုလို .. ဟိုလိုလို .. ဒီလိုလို .. မရိုးမရွ ကြီး..
သူ့ ရဲ့ ငြီး သံလေးကလည်း တချက်ချက် ပို ကျယ်လာသလို ပါလား .
ဒီအသံဟာ ငါ့ ရဲ့ သမာဓိ ကို . မီး နှင့် အတို့ ခံရသော ဖယောင်းသဖွယ် တစက်ချင်း အရည်ဖျော်သလို . ဖြစ်စေမယ့် အသံ မျိုးပါလား။
နောက်ဆုံး မျက်လုံကို တခြားဘက်ကိုလွဲ ပြီး အသက် ပြင်းပြင်း ရှူထုတ်လိုက်ပါ တော့တယ်။
ထိုစဉ် မလှမ်းမကမ်း က မှုန်ပြပြ ဘုရားစင် ရဲ့ မီရောင် အောက်မှာ ၀ိုးတ၀ါး လှမ်း မြင်လိုက်တာက. ဗုဒ္ဓ၀င် ရုပ်စုံ စာအုပ်လေး ၊
ပြတင်းပေါက်မှ လေအဝှေ့ တွင် . စာအုပ်ထဲမှ.စာမျက်နှာမျာက တဖျတ်ဖျတ် လှန်သွား ပြီး နောက်ဆုံး ပွင့် လျက် ရှိသော စာမျက်နှာက .
ဗုဒ္ဓ ၏ အောင်ခြင်း ရှစ်ပါး ထဲမှ ပထမဦးဆုံး အောင်မြင်တော်မူခန်း .
မာန်နတ်သည် စစ်သည် ဗိုလ်ပါတို့ ဖြင့် တိုက်ခိုက် ၍ မနိုင်သော အခါ ." အာရတီ ၊ ၀ီရတီ ၊ ပါပါ " ဟု ဆိုအပ်သော မာန်နတ်၏ သမီးပျိုများ စေလွတ်ကာ မြတ်ဗုဒ္ဓအား က္ကုတ္ထိယ တို့ ရဲ့ မာယာ များဖြင့် . ညှို့ ငင် ဆွဲဆောင် သိမ်း သွင်း ခန်း ဖြစ်သည်။
ကိလေသာ ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ မှ မတုန်မလှုပ် သော သမာဓိဖြင့် တည်ကာ မေတ္တာ ဖြင့် အနိုင်ယူတော်မူသောအခန်း ဖြစ်ပေသည်။
အော်. ဟုတ်ပေသားပဲ
ငါဟာ ဘုရားသားတော် တပါးပေပဲ .
ငါ၏ အဖ ဘုရား ကဲ့ သို့ တည်ကြည်သော သမာဓိ ကို စောင့်ထိန်းအံ့ .. ဖြစ်ပျက် တို့ ကို နှလုံး သွင်းအံ့..ဆိုပြီ ၀င်သက် ထွက်သက် ..ကိုပဲ မှတ်နေရင်းနဲ့ ... အာရုဏ်တက် သွားပါ တော့တယ်..
ဒီ တော့ မှ ပဲ ..သက်ပြင်းချနိုင်ပါတော့တယ်...
ဒါပေမယ့်..စိတ်ထဲမှာတော့... ကျောင်းထိုင် ဘုန်းကြီးကို..တမျိုး မြင် မိပါတယ်.... သံဃာ နဲ့ မာတုကာမ..ကြမ်းတပြေးတည်း မအိပ် စကောင်းလို့ ကြားဖူးထားတာ အခုတော့..ကိုယ့် ခြေရင်း ကြီးမှာဆိုတော့လေ..
မနက်မိုးလင်းတော့လည်း ဘာမှ...မပြောတော့ပါဘူး........... ထားလိုက်ပါတောာ့..ကိုယ်လည်း ရှင်လိင်ပြန် လူထွက် သိက္ခာ ချ ပြီး အိမ်ပြန်လာပါတော့တယ်။
အဖြစ်မှန်က.ဒီလို...
သူတို့ တွေက...ကျောင်းဝေယာဝစ္စ လုပ်ကိုင်ပေးကြတဲ့ သူ တွေ ပါ..
ဒီ နေရာက..အရင်ကတည်းက.သူ တို့ တွေ ရဲ့ နေရာ.................
သင်္ကြန် ကာလ ဘုန်ကြီးဝတ် ကြတဲ့ သူတွေ များလို့ . နေရာကိ ဖယ်ပေး ပြီး စားဖိုဆောင် မှာ သွားအိပ်ကြတာပါ..
ဘုန်းကြီးတွေ မရှိတော့ လောက်တဲ့  အချိန်ကျမှ...သူ တို့ ရဲ့ မူလ နေရာကို လာပြန်အိပ် ကြတာပါ.
ကျောင်းဆောင်ကြီး တခု လုံးမှာ..ရဟန်းပျို လေးက..လွဲ ပြီး..ဘယ်သူမှ မရှိလို့ လည်း .. ဘာမှ.. မပြောတော့.ပဲ အိပ်စက် လိုက်ကြဟန် တူပါရဲ့ ..
နောင် နှစ် တွေ မှာလည်း အဲဒီကျောင်းကို ပဲ .. ဆိုက်ဆိုက်မြိုက်မြိုက် ထပ် ရောက်ပြီး... သင်္ကန်း စီး ဖြစ်ပါတယ်.
စိတ်ထဲမှာတော့...ကျောင်း ဆောင် တွေ တိုးချဲ့ ဆောက်ပြီး. ငါးထပ် ဓမ္မာရုံကြီးကလည်း ထည်ထည်ဝါ၀ါ ဆိုတော့..နေစရာ လုံလောက် ပြီလို့ ထင်မိလို့ ပါ..
ဒီတစ်နှစ် လည်း .. ဟို .. အရင်နှစ် တွေ လို ပါပဲ....
သင်္ကြန်ပြီးလို့ ..နှစ်ဆန်း တစ်ရက်နေ့ ည..ရောက်တိုင်း........
ဒီတခါ တော့..မအိပ်သေးပဲ...တရားထိုင်နေလိုက်ပါတယ်. ..ညဥ့် နက်ပိုင်းကို.ရောက်တော့မှ..
သူတို့..အုပ်စု တွေပေါ်လာကြပါတယ်..
အိပ်ခါနီး ခြင်ထောင် ထဲ ၀င် ကာနီးမှာ...............အနှီ မိန်မငယ် လေး က... ဒီမျက်မှန် နဲ့ ဘုန်းကြီး ကို နှစ်တိုင်းမြင်ဖူးနေလေတောာ့..ရင်းနှီး ဟန်နဲ့ ..ပြုံးပြပြီး..ခြင်ထောင်ထဲဝင်သွားပါတော့တယ်.
ဒီ တခါ ကတော့ ထိုက်သင့်သလောက် အတွေ့ အကြုံ ရှိနေပြီ ဖြစ် လို့ .. ရက်သတ္တပတ်လုံး ကျင့်ကြံ ခဲ့တဲ့.သမာဓိ.တရားတွေ ကို . စမ်းသပ်တဲ့ပွဲ ..
တရားစမ်းပွဲ လို့ ပဲ ..သဘောထားပြီးတော့......၀င်သက် ထွက်သက် ကို ပဲ ရှု နေရင်း နဲ့ အိပ်ပျော်သွားတာ.....အာရုဏ် တက်တဲ့အထိပါပဲ..
ကျောင်းထိုင် ဆရာတော်ကို..စိတ်ထဲကနေ တောင်ပန်ပြီး..လူ..၀တ်လဲ ထွက်လာခဲ့ပါတယ်.
ဒါပေမယ့်..နောက်နောင် တော့..အဆိုပါ....ဘုန်းကြီး ကျောင်းမှာ.... ပဉ္စင်း မ၀တ်ရဲတော့ပေ...........
( နု စဉ် အရွယ် . တရားရှာ ခဲ့ပုံ ကို ပြန်လည် တင်ပြချက်)..
ခင်မင်လျက်
ဇော်ပြည့်
ရဟန်းအမည်.. ရှင်ဥာဏဒစ
ဒီဆောင်းပါးလေးကတော့ Internet ထဲက forward mail အနေနဲ့  ရ လို့ ဗဟုသုတ အနေနဲ့ ပြန်လည် မျှဝေလိုက်တာပါ။
အမျိုးသမီး (မာတုဂါမ) နှင့် အတူအိပ်မှု...ဒုတိယသဟသေယျသိက္ခာပုဒ်
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ သောအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ ကြွသွားရာ ညနေချမ်းအချိန်တွင် ကောသလတိုင်း ဇနပုဒ်ရွာတစ်ရွာသို့ ရောက်၏။
ထိုအခါ ထိုရွာ၌ မိန်းမတစ်ယောက်သည် ဧည့်သည်တည်းခိုရန် အိမ်ကို ပြုလုပ်ထား၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''နှမ အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဥ့်နေလို၏'' ဟု ပြောဆို၏။ အသျှင်ဘုရား နေတော်မူပါလော့ဟု လျှောက်၏။
အခြားခရီးသည်တို့လည်း ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို ''အရှင်မ သင့်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည် တည်းခိုရန်အိမ်၌ တစ်ညဥ့်မျှ တည်းခိုကြပါရစေ'' ဟု ပြောဆိုကြကုန်၏။အမောင်တို့ ဤရဟန်းသည် ရှေ့ဦးစွာ ကြွလာ၏၊ ထိုရဟန်း ခွင့်ပြုပါက နေကုန်လော့ဟု ဆို၏။
ထိုအခါ ထိုခရီးသည်တို့သည် အသျှင်အနုရုဒ္ဓါ မထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်အား အကယ်၍ ဝန်မလေးပါမူကား ဧည့်သည်တည်းခိုရန် အိမ်၌ တစ်ညဥ့်မျှ တည်းခိုကြပါရစေ'' ဟု လျှောက်ကြကုန်၏။ ဒါယကာတို့ နေကုန်လော့ဟု မိန့်ဆို၏။
ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို မြင်သည်နှင့် တစ်ပြိုင်နက် တပ်မက်စိတ် ဖြစ်နေ၏။ ထိုအခါထိုမိန်းမသည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် ဤလူတို့နှင့် ရောပြွန်းသောကြောင့် ချမ်းသာစွာ နေရမည် မဟုတ်ပါ၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အကျွန်ုပ်သည် အသျှင်ဘုရား၏ ညောင်စောင်း 'ခုတင်' ကို အိမ်တွင်း၌ ခင်းပေးပါအံ့'' ဟု လျှောက်၏။ အသျှင်အနုရုဒ္ဓါ ဆိတ်ဆိတ်နေ၍ လက်ခံလေ၏။
ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါ၏ ညောင်စောင်းကို အိမ်တွင်း၌ ခင်း၍ အဝတ်တန်ဆာ ကောင်းစွာ ဝတ်စားဆင်ယင်ပြီးလျှင် သင်းပျံ့မွှေးကြိုင်သော နံ့သာအနံ့တို့ဖြင့် ကြိုင်လှိုင်စေလျက် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်၍ အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏။ အကျွန်ုပ် သည်လည်း အဆင်းလှပါသည်။ ရှုချင်စဖွယ်ရှိပါသည်၊ ကြည်ညိုဖွယ်ကောင်းပါသည်။ အသျှင်ဘုရား တောင်းပန်ပါသည်၊ တပည့်တော်မသည် အသျှင်ဘုရား၏ မယားဖြစ်လိုပါ၏'' ဟု လျှောက်၏။
ဤသို့ လျှောက်သောအခါ အသျှင်အနုရုဒ္ဓါ မထေရ်သည် ဆိတ်ဆိတ် နေ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား အသျှင်သည် အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ကောင်းလှ၏၊ အကျွန်ုပ်သည်လည်း အလွန်အဆင်းလှပါသည်၊ ရှုချင်စဖွယ် ရှိပါသည်၊ ကြည်ညိုဖွယ် ကောင်းပါသည်၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အသျှင်သည် တပည့်တော်မနှင့် ဥစ္စာပစ္စည်း အားလုံးကို သိမ်းပိုက် ခံယူတော်မူပါ'' ဟုလျောက်၏။
အသျှင်အနုရုဒ္ဓါသည် သုံးကြိမ်မြောက်လည်း ဆိတ်ဆိတ်နေ၏။
ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံသည်မည်၏ဟု နေရာတကာမှတ်၍ မရနိုင်ပါ... ဤနေရာတွင် အရှင်အနုရုဒ္ဓါ၏ ဆိတ်ဆိတ်နေခြင်းသည် လက်မခံခြင်း အမှတ်သာ ဖြစ်ပေသည်...
ထိုအခါ ထိုမိန်းမသည် အဝတ်ထဘီကို ချွတ်၍ အသျှင်အနုရုဒ္ဓါ၏ ရှေ့မှ စင်္ကြံလည်း လျှောက်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် မျက်စိအစရှိသော ဣနြေတို့ကို အောက်သို့ချ၍ ထိုမိန်းမကို ကြည့်လည်း မကြည့်၊ စကားလည်း မပြော နေတော်မူ၏။
အရှင်အနုရုဒ္ဓါသည်ကား အံ့ဖွယ်ထူးဆန်း ရဟန်းမြတ်ဖြစ်ပေသည်တကား... သာမန်သူလိုကိုယ်လို ရဟန်းသာဆိုလျှင်တော့ ပါရာဇိကလောက်ပေပြီ... လှကလည်းလှ ပစ္စည်းကလည်းပြည့်စုံ အဝတ်ထဘီကိုလည်း ချွတ်၍ပြ နေရာကလည်း နှစ်ဦးခြင်း လိုလိုချင်ချင်လည်း လက္ခံနေ... မလွယ် မလွယ်... ကြည်ညိုပါသည် အရှင်ဘုရား... ကြင့်ရပေဦးမည် အရှင်ကောင်းတို့...
ထိုအခါ ထိုမိန်းမသည် ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ များစွာသော လူတို့သည် ငါ့ကို အရာအထောင်သော ဥစ္စာပစ္စည်းဖြင့် စေလွှတ်၍ တောင်းရမ်း ကုန်၏၊ စေ့စပ်ကြောင်းလမ်းကြကုန်၏။ ဤရဟန်းသည်ကား ငါကိုယ်တိုင် တောင်းပန်ပါလျက် ငါနှင့် ဥစ္စာပစ္စည်းအားလုံးကို သိမ်းပိုက်ခံယူဖို့ရန် အလိုမရှိ'' ဟု ဆို၍ ထဘီကို ဝတ်ပြီးလျှင် အသျှင်အနုရုဒ္ဓါ၏ ခြေတို့၌ဦးခေါင်းဖြင့် ဝပ်လျှိုးလျက် အသျှင်အနုရုဒ္ဓါကို ''အသျှင်ဘုရား မိုက်သည့် အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် တပည့်တော်မကို လွှမ်းမိုး ကျရောက်ခဲ့ပါပြီ။ တပည့်တော်မသည် ဤသို့ မတော်မလျော်သော အမှုကို ပြုမိပါ၏၊ အသျှင်ဘုရား အသျှင်သည် တပည့်တော်မ၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်း ပါရခြင်းငှါ သည်းခံတော်မူပါလော့'' ဟု လျှောက်၏။
သူတော်ကောင်းဓာတ်ကိန်းသူများ အမှားကို အမြဲ တောင်းပန်တာ တွေ့ရတယ်... သူညံ့များကတော့ မိမိအမှားကို အမှားနဲ့ ထပ်ဖုံးကြပြန်ပါတယ်... ဘုန်းကြီးတို့တစ်တွေကော သူတော်ကောင်း တကယ် ဖြစ်လိုသူတွေလား... သူညံ့ဖြစ်နေသူတွေလား... ဆန်းစစ်ကြဖို့ လိုပေပြီ... ပြုပြင်ကြဖို့ လိုနေသည်...
''နှမ ကောင်းပါပြီ၊ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် သင့်ကို လွှမ်းမိုးနှိပ်စက်ခဲ့၏၊ သင်သည် ဤသို့ မတော် မလျော်သော အမှုကို ပြုမိ၏၊ နှမ သင်သည် အကြင်ကြောင့် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့်လျော်စွာ ကုစား၏၊ ထို့ကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ နှမ အကြင်သူသည် အပြစ်ကို အပြစ်အားဖြင့် မြင်၍ တရားနှင့် လျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ ဤသို့ ပြုခြင်းသည် ဘုရား၏ အဆုံးအမ၌ ကြီးပွားကြောင်းသာလျှင် ဖြစ်၏'' ဟု မိန့်တော်မူ၏။
အမှားကိုအမှားလို့သိပြီး ကုစားခြင်းဟာ မြတ်ဗုဒ္ဓသာသနာမှာ ကြီးပွားကြောင်းတဲ့ သူတော်ကောင်းဖြစ်လိုသူတွေက အမှားကို တောင်းပန်ကြသလို... သူတော်ကောင်းတွေက သည်းခံခွင့်လွှတ်ကြပြန်ပါတယ်... သည်လိုသာဆို လောကကြီးဟာ ငြိမ်းချမ်းသာယာ ပျော်ရွှင်ရမယ်... လူသတ်လက်နက်တွေ ကွယ်ပျောက်သွားမှာ အမှန်ပါပဲ...
ထိုအခါ ထိုမိန်းမသည် ထိုညဥ့်လွန်သဖြင့် အသျှင်အနုရုဒ္ဓါကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးလျက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ဖယ်ပြီးသောအခါ အသျှင်အနုရုဒ္ဓါကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။
တစ်ခုသော နေရာ၌ ထိုင်နေသော ထိုမိန်းမကို အသျှင်အနုရုဒ္ဓါသည် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေ၏။ ထိုအခါ ထိုမိန်းမသည် အသျှင်အနုရုဒ္ဓါက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည် စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေအပ်ပြီးဖြစ်ရကား အသျှင်အနုရုဒ္ဓါအား-
''အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဘုရား ဥပမာသော်ကား ''မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြ ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိ သကဲ့သို့ လည်းကောင်း၊ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင်အနုရုဒ္ဓါသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။
အသျှင်ဘုရား ထိုတပည့်တော်မသည်...
ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
အသျှင်သည် တပည့်တော်မကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသိကာမ ဟူ၍ မှတ်တော်မူပါ'' ဟု လျှောက်၏။
ဆွမ်းအမကို အရှင်ကောင်းတွေက တရားဟောပြီး ကျေးဇူးဆပ်တယ်တဲ့... ဆွမ်းအမမှာ အကျိုးကြီးလိုက်တာ အသိမှန် အမြင်မှန်လို့ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူ ဥပါသိကာမ ဖြစ်သွားပြီ... ခုတော့ကာ တစ်ချို့က တရားတိုတိုဟောပါတဲ့... တစ်ချို့က သည်ဘုန်းကြီးတွေ ကျေးဇူးတင်ပါတယ် လည်း မပြောဘူးတဲ့... သူတို့က ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလောက်ကိုပဲ တန်ဖိုးလို့ ထင်ထားတတ်ကြတော့တယ်... ဆင်းရဲခြင်း အမျိုးမျိုးဘေးမှ လွတ်ကင်းစေသော သီလပေးခြင်း တရားဟောခြင်း မေတ္တာပို့ခြင်းကို ကျေးဇူးဆပ်တယ်လို့ မသိမမြင်ကြ မထင်ကြတော့ပေ... မြတ်ဗုဒ္ဓသာသနာ ကုန်ဆုံးဖို့ရာ လက္ခဏာတွေဟု ထင်မိပေသည်...
ထိုအခါ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏၊ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်အနုရုဒ္ဓါသည် မာတုဂါမနှင့် အတူ အိပ်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်အနုရုဒ္ဓါကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''အနုရုဒ္ဓါ သင်သည် မာတုဂါမနှင့် အတူအိပ်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ အနုရုဒ္ဓါ သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့်အတူ အိပ်ဘိ သနည်း။ အနုရုဒ္ဓါ ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 55
''အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ 55- 6- 56
ထိုရဟန်း အား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။
ဤသို့ မဖေါက်မပြန် အရှင်ကောင်းကိုတောင်မှ မာတုဂါမနှင့် တမိုးထဲအောက်၌ အိပ်မိ၍ အကဲ့ရဲ့ခံရသည်... အပြစ်တင်ခံရသည်... သူတော်ကောင်းတွေက ကဲ့ရဲ့ကြပေသည်... သို့အတွက် သီလသိက္ခာ ဖြည့်ကျင့်လိုသော ဆရာတော်ဘုရားများ ခရီးသွားလျှင် ညပိုင်းလည်း ထိုင်၍သာ နေကြသည်ဟု ကြားဖူးပါသည်... နိသဇ္ဇိဓုတင်ဆောင် ရဟန်းများ အာပတ်မသင့် အလွန်ကောင်းပေသည်...
၆ - ဒုတိယ သဟသေယျသိက္ခာပုဒ် အဖွင့်
အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။
ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။
မာတုဂါမဟူသည် လူမိန်းမတည်း၊ ဘီလူး နတ်,မ မဟုတ်၊ ပြိတ္တာ,မ မဟုတ်၊ တိရစ္ဆာန်,မ မဟုတ်၊ အယုတ်ဆုံးအားဖြင့် ယနေ့မွေးဖွားသော သူငယ်မပင် ဖြစ်စေကာမူ မာတုဂါမ မည်၏၊ ထို့ထက်ကြီးသော မိန်းမဖြစ်မူကား ဆိုဖွယ်ရာမရှိ။
အတူ ဟူသည် တစ်ပေါင်းတည်း။
အိပ်ရာနေရာ မည်သည် အမိုးအလုံးစုံ ရှိသော အကာအရံ အလုံးစုံရှိသော နေရာ၊ အများအားဖြင့် အမိုးရှိသော အများအားဖြင့် အကာအရံရှိသော နေရာတည်း။
အိပ်ခြင်းကို ပြုငြားအံ့ဟူသည် နေဝင်သောအခါ၌ မာတုဂါမအိပ်နေသော် ရဟန်းသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း အိပ်နေသော် မာတုဂါမသည် အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်ဦးလုံး မူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ ထ၍ အဖန် တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။ 57
မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အတူအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ အမိုးတစ်ဝက် အကာအရံတစ်ဝက် ရှိသော ကျောင်း၌ အိပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဘီလူးမနှင့် သော်လည်းကောင်း၊ ပြိတ္တာမနှင့် သော်လည်းကောင်း၊ ပဏ္ဍုက်နှင့် သော်လည်းကောင်း၊ တိရစ္ဆာန်မနှင့် သော်လည်းကောင်း အတူအိပ်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မာတုဂါမ မဟုတ်သူ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 58
အမိုးအလုံးစုံ ရှိ၍ အကာအရံလုံးဝ မရှိသော နေရာ၊ အကာအရံအလုံးစုံ ရှိ၍ အမိုး လုံးဝ
မရှိသော နေရာ၊ အများအားဖြင့် အမိုးမရှိသော အများအားဖြင့် အကာအရံမရှိသော နေရာ၌ အာပတ် မသင့်။ မာတုဂါမအိပ်သော် ရဟန်းသည် ထိုင်နေအံ့၊ ရဟန်းအိပ်သော် မာတုဂါမ ထိုင်နေအံ့၊ နှစ်ဦးလုံးမူလည်းထိုင်နေကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 59
တစ်အိမ်ထဲမှာ မာတုဂါမနှင့် ရဟန်း အတူနေခဲ့ရသော် ဘုရားစကား နားထောင်လိုပါလျှင်... တစ်ဦးအိပ်လျှင် တစ်ဦး ထိုင်နေကြပါကုန်... ကျင့်ထားရပေဦးမည်...
၆ - ဒုတိယသဟသေယျသိက္ခာပုဒ်၊ ၁ - မုသာဝါဒဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။
No comments:
Post a Comment