ဆော်ဒီ မလာခင် ဒါလေးတွေ သိထားသင့်ပါသည်
ဆော်ဒီ နိုင်ငံ၏ ရဲဝန်ထမ်းများ
No man is above the law ဆိုသည်ကို လက်တွေ့ ကျင့်သုံးနေသူများ ( photo : from Internet)
ဆော်ဒီ နိုင်ငံ၏ ရဲဝန်ထမ်းများသည် အခြားသော နိုင်ငံများ၏ ရဲဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် သာလွန်ကောင်းမွန်သည် ဟု ဆိုနိုင်ပါသည်။
အဘယ်ကြောင့် ဆိုသော် . တိုင်းပြည်သည် ရေနံကြွယ်ဝ ချမ်းသာ သဖြင့် အစိုးရက မိမိဝန်ထမ်းများကို ၀မ်းဝအောင် ကျွေးပြီး ခါးလှအောင် ဆင်ထားပေးနိုင်သည်။ သာမန် ရဲ ၀န်ထမ်းတစ်ဦး ရရှိသော လစာငွေသည် အမေရိကန် နိုင်ငံမှ ရဲ ၀န်ထမ်း တစ်ဦးထက် ပင် သာလွန်မည်ဟု ထင်ပါသည်။
ထို့ ကြောင့် ၄င်းတို့ ကလည်း နိုင်ငံခြားသား အလုပ်သမားများအပေါ်တွင် အကြပ်ကိုင်ခြင်း ၊ ခြိမ်းခြောက် ငွေညစ်ခြင်း စသည်တို့ ကိုပြုခဲလှသည်။
ကျွန်တော့် အတွေ့ အကြုံအရ ဆိုပါမူ…
အစဉ်သဖြင့် တောက်ပြောင် သန့် ပြန့်  နေသော ကာကီရောင် ယူနီဖောင်းများကိုဝတ်ထားသော ရဲဝန်ထမ်းများသည် ကားများပေါ်တွင် ကျော့ကျော့ ကလေးထိုင်လျှက်တာဝန်များကို ထမ်းဆောင် နေသည်ကို တွေ့ ရသည်။
မည်သည့် နိုင်ငံခြားသာ အလုပ်သမားကိုမှလည်း အကြောင်းမရှိပဲ စကားပြောခြင်း မတွေ့ ရသလို . ဥပဒေနှင့်ပတ်သက်လာပါက ၄င်းတို့ ၏ ဒေသခံ ဆော်ဒီ လူမျိုးများကိုပင် ပ..စား မပေးပဲ ခပ်တည်တည် . ခပ်တန်းတန်း ဆက်ဆံတတ်သည်။
အကယ်၍ နိုင်ငံခြားသာ အလုပ်သမားများက အပြစ် တစုံတရာရှိ အံ့ . မည်သည့် ဆင်ခြေစကားမှ နားမထောင်ပဲ ဂုတ်ဆွဲကာ စခန်းသို့ ပို့ တတ်သည်။ အဘယ်ကြောင့် ဆိုသော်. ရဲအများစု မှာ အင်္ဂလိပ်စကားကို အခြေခံမျှပင် နားမလည် ၊ မပြောတတ်သောကြောင့်ဖြစ်သည်။
ညှိုနှိုင်းခြင်း ၊ လာဘ်ပေးခြင်းများ ပြုလုပ် ရန် မလွယ်ကူလှပေ (ဤသည်ကား ကျွန်တော်တဦးတည်း၏
အတွေ့ အကြုံမျှသာဖြစ်ပါသည် ။ လွဲမှာ ချက်များ ၊ လိုအပ်ချက်များ ရှိနိုင်ပါသည်။)
ဆော်ဒီနိုင်ငံတွင် မော်တော်ယဉ်ထိန်းရဲ များကို သတ်သတ်မှတ်မှတ်ထားခြင်း မတွေ့ ရပေ။
ဥပဒေ ၏ အထက်တွင် မည်သူမျှ မရှိ ဆိုသည့်အတိုင်းပင် ။
မည်သို့ ပင်ဆိုစေ . အခြားသော နိုင်ငံများ၏ ရဲဝန်ထမ်းများနှင့် နှိုင်းစာလျှင်တော့ သိသိသာသာ ကောင်းမွန်သည် ဆိုသည်ကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။
 ဆော်ဒီ နိုင်ငံ၏ ဆက်သွယ်ရေး စနစ်
ချမ်းသာသော နိုင်ငံဖြစ်သည့်အလျှောက် ဆယ်သွယ်ရေး စနစ်များသည် အဆင့်အတန်းမြင့်မားလှသည်။
မိုဘိုင်း ဖုန်း ၊ အင်တာနက် စသည့်တို့ သည် ငွေကြေးအားဖြင့် မများလှသော ပမာဏ ဖြင့် ရရှိနိုင်သည်။
ဆော်ဒီ နိုင်ငံတွင် မိုဘိုင်း Sim Card  တစ်ခု၏ တန်ဖိုးသည် SR 30 (မြန်မာငွေ 8000 K ) ရှိရုံမျှဖြင့် ကိုယ်ပိုင် တယ်လီဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။
အဓီက Sim Card ကုမ္ပဏီ ကြီး သုံးခုရှိသည်။
STC  Sim Card
Mobily Sim Card
Zain Sim Card တို့ ဖြစ်သည်။
၎င်းတို့ အထဲတွင် STC  Sim Card သည် လူသုံးအများဆုံးနှင့် ခေါ်ဆိုခ ဈေးနှုန်း အချိုသာဆုံးဟု ဆိုနိုင်ပေသည်။ 
ပြည်ပ ခေါ်ဆိုမှု့ နှုန်းထားများ
တယ်လီဖုန်း ဆိုင် (Telephone Cabin) များတွင် မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက လွန်စွာ သက်သာ လှသည်။
တစ်မိနစ်ကို 0.50 SR သာရှိသည်။ မြန်မာငွေဖြင့် တွက်ပါက ၁ မိနစ် = ၁၃၀ ကျပ် ခန့် သာရှိမည်။
ထို့ ပြင် .. မိမိ၏ အိမ် (သို့ ) ရုံး ရှိ လိုင်းဖုန်းများမှလည်း Prepaid Card System ဖြင့် ဈေးနှုန်းချိုသာစွာ ခေါ်ဆိုနိုင်သည်။ ၄င်းကို  Mahaba Prepaid Card ဟုခေါ်သည်။
10 SR တန်သော ကဒ် တစ်ကဒ် သည် မြန်မာပြည်သို့ ၁၆ မိနစ်ခန့်  စကားပြောနိုင်သည်။ မြန်မာငွေ ၂၆၀၀ ကျပ်မျှဖြင့် ၁၆ မိနစ်ခန့် စကားပြောနိုင်သည်မှာ အခြားသော နိုင်ငံများနှင့် နှိုင်းစာလျှင် အနည်းငယ် သက်သာ သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ Mahaba Prepaid Card ဖြစ်သည်။
အင်တာနက် ဆိုင်များသည် လည်း နေရာအနှံ့ ပေါများစွာ တွေ့ မြင်နိုင်သည်။ အသုံပြုခကျသင့်ငွေမှာ တစ်နာရီလျှင် 3 SR (မြန်မာငွေ ၈၀၀ ကျပ် ခန့်  ) ရှိသည်။
ထိုြ့ပင် ကိုယ်ပိုင် ကွန်ပြူတာ ၊ lap-top ရှိသူများအတွက်  အဆင်ပြေစွာအသုံးပြုနိုင်ရန် U.S.B Memory stick ပုံစံ Wireless U.S.B Modem လေးများလည်းရှိသည်။ မည်သည့်နေရာမရွေး ၊ အချိန်မရွေး အဆင်သင့် လွယ်ကူစွာအသုံးပြုနိုင်သည်။
ကာလ အကန့် အသတ်ဖြင့် အသုံးပြုရပြီး . ကျသင့်ငွေ မှာ SR 300 ကျော် ခန့် ရှိလေသည်။
ဆော်ဒီ နိုင်ငံ ရှိ နိုင်ငံခြားသာ အလုပ်သမားများ 
ဆော်ဒီ အပါအ၀င် အခြားသော ပင်လယ်ကွေ့ နိုင်ငံများအားလုံးသည် ပြည်ပ အလုပ်သမားများအပေါ်တွင်သာ မှီခိုနေကြရသည်။ ၄င်းတို့ ၏ လုပ်ငန်းများ တွင် တတ်သိနားလည်သောပညာရှင်များ နှင့် အခြေခံ အလုပ်သမားများကို ပတ်ဝန်းကျင်နိုင်ငံများနှင့် တောင်အာရှ နိုင်ငံများ မှ အများဆုံးခေါ်ယူ စေခိုင်းလျက်ရှိသည်။
ဥရောပ ၊ အမေရိက နှင့် အခြား နိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များကို လည်းတွေ့ ရတတ်သည်။
ဆော်ဒီ နိုင်ငံတွင် ၄င်း၏ ပတ်ဝန်ကျင်ရှိ ဘာသာတူ လူမျိုးတူ အာရပ်စကားပြော နိုင်ငံများဖြစ်သည့် အီဂျစ် ၊ ယီမင် ၊ ဂျော်ဒန် စသည့်နိုင်ငံများ မှ လူမျိုးများက အဆင့်မြင့် ရာထူးများ ၊ အသေးစား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်များကို လာရောက်လုပ်ကိုင်ကြသည်။
ပြည်ပ အလုပ်သမား တို့ တွင် အာရဗီ စကားပြော နိုင်သည့် ၄င်းတို့ က ပထမတန်းစား အလုပ်သမားများဖြစ်ကြသည်။
သို့ သော် .. ဤ နိုင်ငံတွင် အများဆုံးကြီးစိုး ခြယ်လှယ်လျက်ရှိသော နိုင်ငံခြားသာ အလုပ်သမား ကိုပြပါဆိုလျှင် နံပါတ်တစ် သည် လူဦးရေ အလွန်ထူထပ်သော အိန္ဒိယ နိုင်ငံ ပင်ဖြစ်သည်။
သန်းပေါင်းများစွာသော ဟင်ဒီ စကားပြော အိန္ဒိယ အနွယ်ဝင် အလုပ်သမားများသည် ဆော်ဒီ နိုင်ငံ၏ နိုင်ငံခြား အလုပ်သမား ဈေးကွက် ကို ချုပ်ကိုင်ထားသည်။
ထို့ ကြောင့် ၄င်းတို့ အတွက် ဘာသာစကား အခက်အခဲမှာ ပြောပလောက်အောင် မရှိနိုင်ချေ။
မည်သည့် ဈေးဆိုင် ၊ မည်သည့် လုပ်ငန်းတွင် မဆို ဟင်ဒီ စကားပြော နိုင်ပါက အတော်အသင့် အဆင်ပြေလှသည်။ မြိုလယ်လမ်းမပေါ်များတွင် လည်း ဒေသခံ အာရပ်လူမျိုးများထက် အိန္ဒိယ နွယ်ဖွား  လူမျိုးများကိုသာ လက်ညှိုးထိုးမလွဲ ပေါများစွာ တွေ့ မြင်နိုင်ပေသည်။
စားသောက်ဆိုင်များတွင်လည်း အိန္ဒိယ ရိုးရာ အစားအသောက်များဖြစ်သည့် ပူရီ ၊ ချာပါတီ ၊ တိုရှည် များကသာ နေရာမရွေး အလွယ်တကူဝယ်ယူစားသောက်နိုင်သည်။
ဒေသ သုံး အာရဗီဘာသာ နှင့် နိုင်ငံတကာ သုံး အင်္ဂလိပ် စကားများထက်ပင် ဟင်ဒီ ဘာသာ က ပိုမို ထိရောက် အသုံးတည့်လှသည်။
သ က လုံ ဘာသာ( Ta ga lon Language) စကားသည် လည်း အတော်အသင့် အသုံးဝင်လှ သည်။
အခြားသော အင်ဒိုနီးရှား ၊ တရုတ် လူမျိုး များလည်း အနည်းငယ်စီရှိသည်။
ဆော်ဒီ ရောက် မြန်မာ အလုပ်သမား များ ၏ ဘဝ
ရွှေ ဟု တင်စားလေ့ရှိသည့် . ကျွန်တော် တို့ မြန်မာ လူမျိုး အလုပ်သမားများကမူ ဆော်ဒီတွင် ရွှေ အစစ်ထက်ပင်ရှားပါးလှပါသည်။  ဘာသာရေး တင်းကြပ်မှူ့ နှင့် လူမှူ့ ရေး လွတ်လပ် မှူ့ မရှိခြင်းတို့ ကြောင့် ရွှေမြန်မာ များအကြားတွင် ဆော်ဒီ နိုင်ငံသည် များစွာ ရေပန်းစားမှူ့ မရှိလှချေ ။
သို့ သော် မြေစမ်းခရမ်းပျိုးကာ စွန့် စား ချင်ကြသည့် ကျွန်တော်တို့  လို ဆော်ဒီ ရောက် မြန်မာ အလုပ်သမားအနည်းငယ်တော့ ရှိသည် ။ ၄င်း တို့ အတွက် လည်း ဤ နိုင်ငံသည် မက်မော လောက်သည့် လစာ နှင့် ဆွဲဆောင်မှူ့ မျိုး သိပ်မတွေ့ လှပေ။
(General Worker) အခြေခံ အလုပ်သမားတစ်ယောက်၏ လစာ ငွေ သည် SR 1000 ပတ်ဝန်းကျင်သာ ရှိတတ်သည်။
( မှတ်ချက် ။ ။ ဆော်ဒီ ငွေ ရီယယ် နှင့် မလေးရှား ရင်းဂစ် ၏ ငွေ ကြေး ဈေးနှူန်းသည် အတူတူပင် ဖြစ်သည်)
မြန်မာ အမျိုးသမီး အလုပ်သမား ဟူ၍ လုံးဝ မရှိ နိုင်ပေ။
 အဘယ်ကြောင့် ဆိုသော် ဆော်ဒီ နိုင်ငံ၏ အစဉ်အလာအရ မည်သည့် အမျိုးသမီးမှ အများမြင်ကွင်းတွင် ဈေးရောင်းခြင်း ၊ စာရေးစာချီ ၊ ငွေကိုင် စသည်တို့ ကို ပြုလုပ်ခွင့်မရှိချေ ။ အထူးသဖြင့် အမျိုးသားများနှင့် ပတ်သက်ရမည့် အလုပ်ဟုသမျှ တားမြစ်ထားကြသည်။
ယုတ်ဆွ ဆုံး ။ အမျိုးသမီး ၀တ်အကျီ င်္များနှင့် အတွင်ခံ ပစ္စည်း အရောင်းဆိုင်များ ပင်လျှင် မုတ်ဆိတ်မွှေးထူလပျစ်နှင့် ရောင်းနေသော ကုလားကြီးများ ပင် တွေ့ မြင်နိုင်ပေမည်။
စားသောက်ဆိုင်များတွင်လည်း အမျိုးသမီးများ သည် လူမြင်ကွင်းတွင် ၀င်ရောက်စားသောက်ပိုင်ခွင့်မရှိချေ။ အမျိုးသမီး များအတွက် သီးသန့် သတ်မှတ်ထားသော Family Section ဟုဆိုသည့်နေရာများတွင် လည်း အုပ်ထိန်းသူ (သို့ ) ခင်ပွန်း ဖြစ်သူနှင့် သာ ၀င်ရောက်နိုင်သည်။
မိန်းမ လုံးဝ မရှိသည့် ယောက်ျား သီးသန့် တိုင်းပြည် ဟု ဆိုလျှင် လွန်မည် မထင်ပါ ။
(မှတ်ချက် ။ သင် ကံကောင်းလျှင် လမ်းမပေါ်တွင် တကိုယ်လုံး အနက်ရောင်ခေါင်းမြီးခြုံထားသော ဒေသခံ အမျိုးသမီးများ ၊ မျက်နှာလေးသာ ဖော်ခွင့်ရှိသော ဖိလစ်ပိုင် နှင့် အိန္ဒိယ မလေးများကို သာ တွေ့ နိုင်ပေသည်။)
သို့ သော် ခြွင်းချက်အနေဖြင့် ( Technician Level ) ပညာရှင်ပိုင်း ဟုဆိုရမည့် မြန်မာ အမျိုးသမီး သူနာပြု ဆရာမလေး များ အနည်းငယ် ရှိကြသည်။
ကျွန်တော့် အတွေ့ အကြုံအရ . သူနာပြုမြန်မာ မိန်းကလေးများမှလွဲ၍ အခြားသော လုပ်ငန်းများတွင် မည်သည့်မြန်မာ အမျိုးသမီးမှ မရှိပေ။
ထို့ ပြင် ရုပ်ရှင်ရုံ အစ နိုက်ကလပ် အဆုံး မည်သည့် အပမ်းဖြေ စရာမှ မတွေ့ ရှိနိုင်ပေ ။
ကမ္ဘာပေါ်မှာ ရုပ်ရျင်၇ုံ မ၇ိုတဲ့ တခုထဲသောနိုင်ငံက ဆော်ဒီ ဆိုပြီး ပဟေဠိ ဖြေဘူးတယ်။
Non-Alcohol Beer တို့ သာ ရရှိနိုင်ပြီး အရသာမှာ ချဉ်ပေါင်ရည်နှင့် ခပ်ဆင်ဆင်တူလှသည်။
 ဆော်ဒီ နိုင်ငံသည် ကမ္ဘာပေါ်တွင် လုံခြုံမှူ့ အကောင်းဆုံး နိုင်ငံဖြစ်သည်။  တရားဥပဒေ စိုးမိုးသည်။
သို့ သော် . သင်နားလည်ထားရန်မှာ သင်သည် ဆော်ဒီ နိုင်ငံသားတစ်ဦးမဟုတ် ပေ။
အာရဗီ ဘာသာစကားကျွမ်းကျွင်စွာ ပြောနိုင်သူ အာရပ် တစ်ဦး မဟုတ်ပေ ။
မည်သည့်နိုင်ငံတွင်မဆို မကောင်းမှူ့ ဒုစရိုက်သမား ဆိုသည်ကတော့ ရှိစမြဲပင်။
ထို့ ကြောင့် ပတ်ဝန်းကျင်နိုင်ငံများ မှ ၀င်ရောက်လာသော ဒုစရိုက်သမားများသည် ကျွန်တော်တို့ ကဲ့သို့ သော နိုင်ငံခြားသား အလုပ်သမားများအပေါ်တွင် ပစ်မှတ်ထားကာ ရာဇ၀တ်မှူ့ များကျူးလွန်တတ်သည်။
ကျွန်တော်၏ မိတ်ဆွေ တစ်ဦးဖြစ်သူမှာမူ . ဓားပြတိုက် ခံလိုက်ရသဖြင့် စုဆောင်းထားသမျှ တို့ တက်တက်ပြောင်လေတော့သည်။
ထို့ ကြောင့် . မည်သည့်နိုင်ငံ တွင်မဆို . ကျွန်တော်တို့ လို နိုင်ငံခြားသားအလုပ်သမားများအတွက် လုံခြုံမှူ့ ဆိုသည်မှာ ကိုယ့်အားကိုယ်ကိုး ရန်သာရှိတော့သည်။ 
ထို့ ကြောင့် ကျွန်တော်တို့ ရွှေမြန်မာ အလုပ်သမား များ ဆော်ဒီ မြေသို့ မလာမီ အောက်ပါ အချက်များကို ကြိုတင်စဉ်းစားစေချင်ပါသည်။
1.    မိမိတို့ ရရှိမည့် လစာ ငွေ သည် အခြားသော နိုင်ငံများထက် အမှန်တကယ် သာလွန်ကောင်းမွန် မှူ့ ရှိ ၊ မရှိ
2.    ကမ္ကာပေါ်တွင် အတင်းကြပ်ဆုံး ဘာသာရေး ၊ လူမှူ့ ရေး ထိန်းချုပ်တားမြစ်မှူ့ များ ကို အမှန်တကယ် လိုက်နာနိုင်မှူ့ ရှိ ၊ မရှိ
3.    မြန်မာ ဟု ဆိုလိုက်လျှင် မိမိနှင့် မှန်ထဲတွင် ပြန်မြင် ရမည့် မိမိ၏ ပုံရိပ် ဤနှစ်ဦးသာ ရှိမည် ဆိုလျှင်
အဆိုပါ အချက်အလက် များကို သေချာ စွာစဉ်းစားပြီးမှ လာသင့် မလာသင့် ဆုံးဖြတ်စေလို ပါသည်။
ကျွန်တော် အပါအ၀င် ဤနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သည့် အလုပ်သမား ဆယ်ဦးတွင် ရှစ်ဦးခန့် သည် စာချုပ်သက်တမ်းပြည့်သည်နှင့် အပြီး ပြန်ကြမည့် သူများသာဖြစ်သည် ။ မည်သူမျှ ပြန်မလာချင်ကြပေ။
အဘယ်ကြောင့်ဆိုသော် အထက်ပါ အချက်များကြောင့်ပင်တည်း ။