ထိုသို့ ဆိုလျှင် ကျွန်ုပ်ထံတွင် လည်း အခြားသူများလို ပင် သင်ခန်းစာ ယူဖွယ် အတွေ့ အကြုံပေါင်း များ စွာရှိပေသည်။
ထို အထဲမှ. ငွေကြေး ဖြင့် တပါးသူ၏ လွှမ်းမိုးခြယ်လှယ် ခြင်း ကို ခံရသည့် ဖြစ်ရပ်သည် ယခုထက်တိုင် ရင်ထဲတွင် ကြိမ်မီးအုံး လို.တအုံအုံ တနွေးနွေး ရှိလျက်ပင်၊၊ လောကတွင် ငွေကြေးဓန အင်အားရှိသူသည် . အင်အားနည်းသူတို့ အပေါ်တွင် ၄င်းတို့ ၏ ဓန အင်အားဖြင့် အမြဲတမ်း လွှမ်းမိုး ခြယ်လှယ် ချုပ်ကိုင်လို ကြသည်မှာ ဓမ္မတာပင် ။ ၄င်းတို့ ၏ စေရာသွား ၊ ခိုင်းတာလုပ် ဟူသော အဆင့် ထိရောက်အောင် ငွေကြေး ကများစွာ စွမ်းဆောင် ပေသည်။
နောက်ထပ် သင်ခန်းစာ တစ်ခု ကတော့ . ယောကျာ်းတန်မဲ့ တပါးသူအပေါ်သို့  စကားနာ ထိုးမိခြင်း . တနည်းဆိုသော် မီးလောင်ရာ လေပင့် . ဗူးလေးရာ ဖရုံဆင့် ဆိုသလို . အဆင်းတွင် ဘီး တပ်ပေးသည့် ဂုန်းချော မိသည့် စကားကို မဆင်မခြင် ပြောဆိုမိသည့် အဖြစ်အပျက်ပင်။
ထို အဖြစ်အပျက်တို့ သည် အချိန်ကာလအားဖြင့် ဆယ်စုနှစ် ၂ ခု နီးပါးခန့် ပင် ကြာညောင်း ပေလိမ့်မည်။ သို့ သော် ရင်ထဲတွင် ယခုထက်တိုင် အသစ် ဖြစ်မြဲ။ ပြန်တွေးလိုက်တိုင်း . မကျေမချမ်းမှူများ . ၀မ်းနည်းမှူများက ခံစားမှူ အသစ်ကို အမြဲတမ်း ဖြစ်ပေါ်စေသည်။ ထို အဖြစ် အပျက်တို့ က.. အဘယ်နည်း။
ကြာတော့ ကြာခဲ့ချေပြီ။...
အချိန်ကာလအားဖြင့် . ၁၉၉၃ ခုနှစ်. မူလတန်း ကျောင်းသား ဘ၀ . စာသင်ကျောင်းထဲက ကျောင်းသားလေးများတစု။
ဖြိုးအောင် သည် စိန်ပေါလ် ကျောင်းဟုခေါ်သော . အ.ထ.က(၆)ဗိုလ်တထောင်မှ ကျောင်းသားကလေးဖြစ်သည်။ သူသည် ဆင်းရဲသော်လည်း စာကြိုးစားသောကြောင့် ဆရာ၊မ များနှင့် ကျွန်တော်တို့ ကျောင်းသားတိုင်းက.ချစ်ခင်လေး
ကျွန်တော် နှင့် ခုံ ချင်းကပ် လျက် ထိုင်ကြရင်း ပိုမို ခင်မင် လာကြသည်။ ကျွန်တော် နားမလည်သည့် သချာင်္ ပုစ္ဆာ များတွင် ဖြိုးအောင် သည် ဆရာ တစ်ဆူပင်။
သို့ သော် သူ ၏ မိဘ များက. စီးပွားရေး သိပ် အဆင်မပြေရှာ ၊ သူ ကိုယ်တိုင် လည်း ကျောင်းမှ အိမ်သို့ ပြန်ရောက်လျှင် မိဘ အလုပ်ကို ကူညီပေးရသည် ဟု ဆိုသည်။ သူ့ အောက်တွင်လည်း ညီလေး ၊ ညီမလေး တွေ အများကြီး ရှိသေးသည်။ သူက. အကြီးဆုံး သားကြီးဖြစ်သည်။ မိသားစု စီးပွားေ၇း က လက်လှုပ်မှ ပါးစပ် လှူပ် ရသော အခြေအနေ. ထို့ ကြောင့် သူ၏ ထမင်းဗူးထဲတွင် ဘဲဥ ကြော် နှင့် ပဲပြုတ်သာ အပါများသည်။
နေ့ ခင်း မုန့် စား ဆင်း . ထမင်းစု စား သည့်အခါ ကျွန်တော် တို့ က ထမင်းဗူးထဲမှ ဟင်း များကို ဟို တစ်ဇွန်း ဒီ တစ်ဖတ် နှိုက်စားကြရင်း တယောက် တလှည့် ထည့်ပေးကြသည်။
ကျောင်းသားဘ၀ ထမင်း စား ပွဲ သည် တကယ့်ကို ပျော် စရာ ပင်။
ထိုအထဲတွင် ဟင်း ပွဲ အများဆုံး ပါသူက. တင်ထွဋ် ဖြစ်သည်။ သူသည် မိဘ ကငွေကြေးချမ်းသာ သောကြောင့် . သူ၏ ထမင်းဗူးသည် . အမြဲတမ်း ဟင်း အမယ် ၃ မျိုး ခန့် ပါတတ်သည်။
ထမင်းစာ လို့ အပြီးတွင်လည်း မုန့် ဈေးတန်း သို့ . သူငယ်ချင်း အုပ်စု လိုက်ကြီး သွားက. မုန့် များကို စားကြသည်။ အအေးသောက်ကြသည်။ ပြီးတော့ ကစားကြသည်။
ဤ သည်ကား ကျွန်တော် တို့ ကျောင်းသား ဘ၀ ၏ အပျော်ဆုံး အချိန် ဟု ဆိုရပေမည်။ မုန့် ဈေးတန်း တွင် အမြဲလို လို တကာ ခံ သူကား တင်ထွဋ် ပင်ဖြစ်သည်။
ထို့ ကြောင့် လူတိုင်းကတော့ သူ့ အနားတွင် ၀ိုင်းဝိုင်းလည် ။ ထို အထဲတွင် ကျွန်တော် နှင့် ဖြိုးအောင် လည်း ပါစမြဲပင်။
ကျွန်တော်တို့ ကလည်း ထိုစဉ်က . ကပ်တီးမူးလဲ ဆိုသည့် စကားကို နားမလည်။ သူငယ်ချင်းက ခင်လို့ ကျွေးတာပဲ ဟု လွယ်လွယ်လေး တွေး ခဲ့ကြသည်။
သူတပါးဆီက အမြဲတမ်း ရယူ ဖို့ သာ ချောင်းနေတတ်သည်။ သူ ဒီနေ့ ငါ့ကို ဘာများ ကျွေးမလဲ ဟုသာ တွေးနေမိသည်။
ဒီလို နေ့ နေ့ ရက်တွေ ကုန်လွန် ခဲ့ကြသည်။ ကျွန်တော် တို့ ကတော့ ပျော်ရွင်မြဲ ပင်။
တစ်နေ့ . နေ့ လည် ထမင်းစားပြီး ချိန် . ထုံးစံအတိုင်း မုန့် ဈေးတန်း သွားကာ မုန့် ဝယ်စားကြမည် . ပြီးလျှင် ဘောလုံးကန်ကြမည်။
သို့ သော် ထို နေ့ က. ဖြိုးအောင် တစ်ယောက် မလိုက်ချင်ပေ။ အိမ်စာ များ မပြီးသေးဟု အကြောင်းပြသည်။
ဘောလုံး အသင်း ဖွဲ့ ရန် တစ်ယောက် လို နေသောကြောင့် သူ မလိုက်လျှင် ဘယ်လို မှ မဖြစ်နိုင် . ထို့ ကြောင့်.. မရ မက ခေါ်ကြသည်။ သို့ သော် သူကား မလိုက်။
နောက်ဆုံး မရသည့် အဆုံး . ကျွန်တော် လည်း ကွျှဲမြီးတို လာသည်။ သို့ သော် ကျွန်တော် က သူ့ အပေါ်တွင် မည်သည့် ကျေးဇူးခံ ကျေးဇူးစား မှ ရှိသည်မဟုတ်. ကျွန်တော်ကတော့ ဘာမှ ပြောလို့ မရနိုင်. ထို့ ကြောင့် .. ကျွန်တော်တို့ အထဲတွင် . အမြဲတမ်း ဒကာ လုပ်လေ့ရှိသော တင်ထွဋ် အနားသို့ ကပ်ကာ စကားနာ ထိုးမိသည်။
" ဖြိုးအောင် ဆိုတဲ့အကောင်ကလည်း. မုန့် စားမယ် ဆိုရင်တော့ လာတယ်. ဘောလုံးကန် ဖို့ အပင်ပန်း ခံဖို့ ကျတော့ မလာတော့ ဘူး.. ဒီကောင်က ကပ်တီးမူးလဲ ပဲ ."..
ဒီစကားကို တင်ထွဋ် မကြား ကြားအောင် အနားကပ်၍ တမင် ပြော ချလိုက်သည်။ အားလုံးက စိတ်တိုနေသည့် အချိန်ဖြစ် ၍ တင်ထွဋ် ကလည်း ကျွန်တော့် စကားကို သံယောင်လိုက် မိလျက်သားဖြစ်သွားသည်။
""ကပ်တီးမူးလဲ ... ကပ်တီးမူးလဲ ""
ဒီစကားကို ဖြိုးအောင် ကြားသွား ချေပြီ..
ဆတ်ခနဲ ခေါင်း ထောင်လာသည်။ တင်ထွဋ် ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်လျက်. ၀မ်နည်းလျက်. ခံပြင်းလျက်.
ထို့ နောက် ကျွန်တော့် ဘက်သို့ ခေါင်းလှည့်လာသည်။ ဒီလို စကားမျိုးကို တင်ထွဋ် က. မပြောတတ်. သူသည် စကား အရာ၍ ဒီလောက် မကြွယ် ။ ဘေးနားက စကားနာ ထိုးသောသူ ဂုံးချောသောသူ မုချ ရှိကို ရှိရမည်ဟု အပိုင်တွက်ထားလိုက်သည်။ ကျွန်တော်သည် . ပင်ကိုယ်က စကား အလွန်များသလောက် . ကလေး အရွယ် နှင့် စကားကြီး.စကားကျယ်တွေ ပြောတတ် သည်ကို အားလုံးက.သိသည်။ ဒီတော့ တရာခံ ကို ရှာရန်မလို .
ထို့ ကြောင့် သူ၏ မျက်လုံးထဲတွင် ကျွန်တော့ ကို အစိမ်းလိုက် စားတော့ မတတ် စိုက်ကြည့်နေသည်။ အသက်ရှူသံလည်း တဖြည်းဖြည်း ပြင်းလာသည်။ မျက်နှာကြီးလည်း နီ မြန်းလာသည်။
ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး . တချက် နှုတ်ခမ်းမဲ့သွားသည်။ မချိပြုံးလေး တစ်ချက် ပြုံးလိုက်သည်။ သူ၏ မချိ အပြုံးကို ဘာသာပြန်လျှင် အတူတူ ၀ိုင်း ပြီး ညာ စားကြတာပဲ. မင်းက အခုမှ ဘာလို့ ပနာ ယူပြီး ပြောချင်နေရတာလဲ ဟု အဓိပ္ပာယ် သက်ရောက်ပေလိမ့်မည်။ အားလုံးကိုတချက်မျှ ဝေ့ ကြည့်သည်။ ထို့ နောက် တင်ထွဋ် ကို တချက်မျှ ပြန်ကြည့်ပြီး စိတ်မသက်မသာ ဖြင့် ပြောလိုက်လေသည်။
" အေးကွာ နောက် ဆိုရင် မင်းတို့ ပေးတာ ကျွေးတာ ငါ ဘယ်တော့ မှ မစားတော့ ဘူး ကွား".... ။
သူ၏ အသံသည် ပြောနေရင်း နှင့် တိမ် ၀င်သွားသည်။ အသံသည် ဆို့ နစ်နေသည်။ ကြေကွဲသံပေါ်လွင်နေသည်။
အခင်မင် အရင်းနှီးဆုံး သူငယ်ချင်း များက ဤသို့ ပြောလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ ပေ။
သူ၏ မာန နှင့်သိက္ခာ တရားကို ကျွန်တော်တို့ က သူငယ်ချင်းများ အရှေ့ တွင် နင်းချေ လိုက်သလို . သူ၏ ဆင်းရဲသဖြင့် သိမ်ငယ်နေသော အတွင်းစိတ်ကိုလည်း နှိုးဆွ ပေးလိုက်သလို ဖြစ်သွားသည်။
အဓိက တရားခံသည် ကျွန်တော် ပင်ဖြစ်သည်။
ထိုနေ့ မှ စ၍ ဖြိုးအောင် ကျွန်တော့် အပေါ် ဆက်ဆံရေး ပြောင်းသွားသည်။ အရင်လို ဟက်ဟက်ပက်ပက် စကား သိပ်မဆို ဖြစ်တော့ . မေးထူးခေါ်ပြော အဆင့် သာရှိတော့သည်။
အထူးသဖြင့် . တင်ထွဋ် ကျွေးသည့် မည်သည့် မုန့် ကိုမဆို . လက်ဖျား နှင့်ပင် မတို့ တော့ချေ။ ကျွန်တော် ကသာ ဘာကျွေးကျွေး . ပါးစပ် ကြီးက အဖြဲသား နှင့် စောင့်နေပေသည်၊။
ခင် လို့ ကျွေးတာလေ.. ဒါန လေး မြောက်သွားအောင် တော့ စားပေးရမှာပေါ့ နော်.
သူသည် ဆင်ရဲသော်လည်း မာန ရှိသည်။
မပြည့်စုံသော်လည်း. မည်သူ့ ကိုမျှ အောက်ကျ မခံ ပေ။
ထို့ ကြောင့် ကျွန်တော်သည် ဖြိုးအောင်ကို ခင်မင်သည် ဆိုသည်ထက် ပို၍ လေးစားမိလေသည်။
သို့ သော် ကျွန်တော် ကလည်း ထို စဉ်က သူငယ်ချင်း ကောင်း တစ်ယောက် ၏ တန်ဖိုး ကို သေချာနားမလည်။ မှားခဲ့သည့် အမှားကို ပြန်လည်တောင်းပန်ရန် သိမ်ငယ် သည်ဟု ခံစားရသည်. ထို့ ကြောင့် မတောင်းပန် ဖြစ်ခဲ့ .
ဘာမျှ မပြောမိသလို .အ ထာ လေးနဲ့ ပဲ နေခဲ့ကြသည်။
ဒီလို နဲ့ . ရက်တွေ က ကုန်ဆုံးခဲ့ကြသည်။ စာမေးပွဲ တွေ ပြီးလို့ အတန်းသစ် ရောက်တော့ . ကျွန်တော် တို့ သူငယ်ချင်း တစ်သိုက် အုပ်စု ကွဲသွားကြသည်။ နောက်ထပ် အတန်းသစ်တွင် သူငယ်ချင်း အသစ်တွေ ထပ်ရသည်။
ထို့ နောက် ကွဲသွားကြပြန်သည်။
ထို့ နောက် နွေရာသီ ကျောင်းပိတ်ရက်တွေ ရောက်လာချေပြီ..။။
တခုသော နွေ ဂိမာန် ၏ ညနေခင်း ၀ယ် . ကျွန်တော် တို့ နေသော တိုက် အောက်ထပ်သို့  ရှမ်းသဌေး မိသားစု တစ်စု ပြောင်းရွေ့ လာခဲ့သည်။ သူတို့ မိသားစု တွင် သား နှစ်ယောက် နှင့် သမီးတစ်ယောက် ပါလာလေသည်။
သားအကြီး သည် ကျွန်တော်တို့ နှင့် သိပ် မတွဲ ဖြစ်ချေ။ သို့ သော်. အငယ်ကောင်လေး သည် ကျွန်တော်တို့ နှင့် အမြဲတမ်း တပူးတွဲတွဲ ပင်။
ထို ရှမ်းကလေး ၏ အသက်သည် ကျွန်တော် နှင့် လွန်စွာ ကွာခြားပေမည်။ သို့ သော် ကောင်လေးသည် ငယ်စဉ်ကတည်က ကျန်းမာရေး မကောင်းခဲ့သဖြင့် ဗိုက်ခွဲကာ သရက် ရွက် ထုတ်ထားရသည်ဟု ဆိုလေသည်။ သူ၏ ဗိုက်တွင် ခွဲစိတ်ထားစဉ်က အမာရွတ်ကြီး က အရွယ်နှင့်မမျှ အောင် ကြီးမားပေသည်။ ထို့ ဒဏ်ကြောင့်ပင် . သူ၏ ဗိုက်သည် လွန်စွာ ပူ ၍ စူ ထွက်နေသည်။ သူ ၏ အရပ်သည်လည်း အသက်အရွယ်နှင့် နှိုင်းစာလျှင် လွန်စွာ ပု နေသည် ဟု ဆိုရပေမည်။ ထို ရှမ်း ဗိုက်ပူ လေး အား အဝေး မှ လှမ်း ကြည့်လိုက်လျှင် ဖိုးဝရုပ် ကလေး လိုလို အီးတီ ဇာတ်လမ်း ထဲမှ မှင်စာ လေးလို လို . တူပေသည်။ ကလေး ဆိုတော့လည်း ချစ်ဖို့ တော့ ကောင်းပေသည်။
မိဘ များက လည်း ရှမ်း ပြည်နယ် တောင်ကြီးမြို့ . ကျိကျိတက် ချမ်းသာ သော မြို့ မျက်နှာဖုံး များ ဟု ဆိုရပေမည်။ ထို့ ကြောင့် ချစ်သူ ခင်သူ လွန်စွာ မှပင် ပေါများလေသည်။
ထို့ အတူ လွန်စွာ မှပင် ပေးကမ်း ရက်ရောသည်။ ကျွန်တော်တို့ လမ်း ထဲရှိ သူငယ်ချင်းတသိုက် ကိုလည်း အမြဲလိုလို မုန့် များဝယ် ကျွေးတတ်သည်။
လမ်းထိပ် မှ ကြေးအိုး ဆိုင် သည် ကျွန်တော် တို့ အဖွဲ့ ကို ကောင်းကောင်းမှတ်မိနေပြီ။
လမ်းထဲသို့ ပြောင်းလာ သည့် အချိန်တိုလေး အတွင်း မှာပင် . လမ်း ထဲရှိ လူ တိုင်း နီးပါးက သူ တို့ ကို ခင်မင် ချင် ကြသည်။ မိတ်ဖွဲ့ ချင်ကြသည်။
ထိုစဉ်က ခေတ်စား သော နောက်ဆုံးပေါ် တီဗွီ ဂိမ်း ဟု ခေါ်သည့် စက် SONY NINTENDO သည် သူ၏ အိမ်တွင် ရှိသည်။
ကျွန်တော်တို့ သူငယ်ချင်းတစု ကတော့ အိမ်ပေါ်ရောက်လျှင် တီဗွီ ဂိမ်း ကို ပြေးနှိပ်ကြသည်။ သဘောကောင်းသော သူ၏ မိဘ များ ကျွေးသည့် မုန့် ပဲသားရေစာ များကို အားရ ပါးရ စားသောက်ကြသည်။
္ကဤ သည်နှင့် မ၀ . မကျေနပ် နိုင်သေး ..
တီဗွီ ဂိမ်း ဆိုသည်က အိမ်တွင် ကစားလို့ မကောင်း . ဆိုင် မှာ ကစားမှ. ကစားရတာ ပိုကောင်းသည်ဟု ကျွန်တော်က အကြံပေးသည်။
ထိုရှမ်းဗိုက်ပူလေး သည် လည်း ကျွန်တော်တို့ နှင့် အတူ တီဗွီ ဂိမ်း ဆိုင်သို့ လိုက်ပါ ကစား လေ့ရှိသည်။ . ကျသမျှ အဖိုးအခ ကိုလည်း သူပဲ တကာ ခံလေသည်။ ကောင်း လိုက်လေစွ ..
ထို မျှမက.. ကစား လို့ ပြီးသွားလျှင် . ကျွန်တော်က အမြဲတမ်း စကား စ..တတ်သည်။
" ကဲ... သူငယ်ချင်း လေး. ဘယ်သွားအုံးမလဲ.. ဘာစား ချင်သေးလဲ.. "
မှန်၏ ။ သူ စားလျှင် ကိုယ် လည်း ကပ် စား နိုင်သည်မဟုတ်ပါလော။ သူငယ်ချင်းကောင်းဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်ပေမည်။
ဒီလို နှင့် ကျွန်တော်တို့ ရဲ့ နေ့ ရက်များသည် တဖြည်းဖြည်းကုန်ဆုံး သွားခဲ့သည်။
တခု သော ညချမ်း အချိန် ခါဝယ်။
ကျွန်တော်တို့ သူငယ်ချင်းတသိုက်သည် ညနေ တိုင်း အမြဲလိုလို ပင် . တူတူပုန်းတမ်း ကို ကစားလေ့ရှိကြသည်။
လမ်းမကြီးက အကျယ် ကြီး. ရပ် နား ထားသော ကားများကလည်း အများကြီး ဆိုတော့ ကစားရတာ ပျော်စရာပင်။
ထို့ ကြောင့် အဲဒီနေ့ က အနှီ ရှမ်းဗိုက်ပူလေး နှင့် သူငယ်ချင်း တအုပ်သည် တူတူပုန်းတမ်း ကစားရန်အလို့ ဌာ ကျွန်တော့်ကို အော်ခေါ်ကြသည်။
ကျွန်တော်သည် . အသက်အရွယ် ကလည်း တဖြည်းဖြည်း ရ လာသဖြင့် ကလေး ကလား နိုင်သော တူတူပုန်း တမ်းကို ကစား ရန် ဆန္ဒ မရှိတော့ချေ။
ထို့ ကြောင့် . ဒီနေ့ တော့ ခေါင်းကိုက်လို့ မ ကစား လို တော့ ပေ ဟု ပြန်ပြောလိုက်လေသည်။။
ထိုစဉ် . ထင်မှတ်မထားသော စကား တခွန်းကို ရှမ်းဗိုက်ပူလေး ၏ ပါးစပ် မှ ကြားလိုက်ရသည်။
" ဖိုးလပြည့် ကလည်း . မုန့် စား မယ်.။ တီဗွီ ဂိမ်း နှိပ် မယ် ဆိုရင်တော လာတယ်။ တူတူပုန်းတမ်း ကစားမယ် ဆိုတော့ မလာတော့ ဘူး။ "
ထို စကားကို ကြားလိုက်တော့ ကျွန်တော်တော်တော် ဒေါသ ထွက်မိသည်။ စိတ် ထဲလည်း တော်တော် လေး မကောင်းဖြစ်မိသည်။
ငါသည် ကိုယ့်ထမင်း ကိုယ် စား ပြီး . ကိုယ့် ထက် အသက်များစွာ ငယ် သော ကလေး တစ်ယောက် ဆီမှ ကပ် စား နေတဲ့အကောင် ဖြစ်နေပြီလား။
သူ များကျွေးတာကို စား ထားလျှင် ကိုယ် ကလည်း ပြန်ကျွေးနိုင်ရပေမည်. ဒါက..လောက သဘာဝ ထုံးစံပင်။
သို့ မဟုတ်ပါက. ယခု ကဲ့သို့ စော်ကား ခံရပေမည်။
ကျွန်တော် သေသေချာချာစဉ်းစာ ကြည့် မိသည်။ ထို ရှမ်းဗိုက်ပူလေး ၏ အသက်အရွယ် နှင့် ဒီလို စကားမျိုး မပြောနိုင်ပေ..ဒါ တယောက် ယောက် ၏ ပယောဂ နှင့်သာ ဒီလို ဆိုပေမည်။
ဒါဆိုရင်.. ဒါဆိုရင်.. ဘယ်သူ ကများ .. သူ့ အနားကို ကပ်ပြီးတော့.............
ကျွန်တော် ဖြိုးအောင် ကို ဖျတ်ခနဲ့ သတိရလိုက်မိသည်။ သူ၏ မဲ့ ပြုံး လေးတစ်ချက်.. သူ့ အလှည့် တုန်းကလည်း ကျွန်တော် ဒီလိုပဲ အဆင်းကို ဘီးတပ် ပြီး စကားနာ ထိုး ခဲ့ သည် မဟုတ်ပါလော..
ယခု လည်း ထို ရှမ်းဗိုက်ပူ လေးအနားတွင် ရှိသော အခြား သူငယ်ချင်း တယောက်ယောက် ကများ ဒါမျိုး စကား ဆို ခဲ့လေမလား။။
မဟုတ်ပါစေနဲ့ လို့ ဆုတောင်း မိပါသည်။
အဘယ်ကြောင့်နည်း..
ဝဋ် ဆို တာ လည် တတ်ပါသည်။ နောက် ဘ၀ အထိ မဆိုင်းပဲ ယခု ဘ၀ တွင် ပင် ချက်ချင်း အကျိုးပေးတတ်ပါသည်။ ကျွန်တော် သည် ဖြိုးအောင် အပေါ်တွင် ဤ သို့  ပြုမိသောကြောင့် ယခု ကဲ့သို့ ကျွန်တော် ပြန်ခံစား ရသည်ဟု ဆိုလျှင် .. ထို ရှမ်းဗိုက်ပူလေး အား . ကျွန်တော် ကဲ့သို့ ပြုမူ ခဲ့သော သူ သာ ရှိခဲ့ပါမူ..ထိုသူ သည်လည်း................
ထို့ ကြောင့် . ကျွန်တော် ဆုတောင်းမိပါသည်။ ကျွန်တော် ကဲ့သို့  နောက်တစ်ယောက် မခံစားရပါစေနဲ့ . . မပြောပ လောက်သော မုန့် ပဲ သားရေစား ကလေး ကို စား မိခဲ့သဖြင့် သူများ က ဒီလို အထက် ဆီး နှင့် တင်စီးပြီး ပြောတာ ခံရသည် မှာ လွန်စွာ ခံရ ခက် ပါသည်။ ဘယ်တော့ မှ မမေ့ နိုင်သော အမာ ရွတ် ဖြစ်ပါသည်။
ငယ် စဉ်က အဖြစ်အပျက် လေးများ ဖြစ်ပါသည်။
ထို စဉ်ကတည်းက ငွေကြေး ရှိသော သူသည် . အခြားသူများအပေါ်တွင် ဓန ဥစ္စာကို အားကိုးကာ အမြဲတမ်း ခြယ်လှယ် ချင်ကြသည် ၊၊ အနိုင်ယူ ချင် ကြသည်။ သူတို့ အလို ဆန္ဒ ကို ကိုယ့်ဘက်က အမြဲတမ်း ဖြည့်ဆည်းပေးမှ ကျေနပ် နိုင်ကြသည်.. ဟု ကျွန်တော် နားလည်ခဲ့ရပါသည်။ Money make everything ဆိုသည့် သဘောကို အပြည့်အ၀ ကျင့်သုံးချင်သော သူများ ဖြစ်ပါသည်။
ကျွန်တော်. ထပ်မံ ဆုံတွေ့ ချင်ပါသေးသည်။။
အကယ်၍ များ ဖြိုးအောင် နှင့် တွေ့ ခဲ့လျှင် .ငယ်စဉ်က လို မျိုး ခင်မင် ရင်းနှီးမှူ ရအောင် ပြန်လုပ်မည်။ ငယ်ကျိုးငယ်နာ များ ထုပ် ဖော်ကာ . ကလူ ကျီစယ် စနောက် ကြမယ်။... အနာ ဟောင်းကို ပြန်ဆွကာ ကျွန်တော် မှား ခဲ့သည် ကို ပြန်လည် တောင်းပန် မည်။ . ကလေး ဘ၀ က. မသိလို့ဖြစ် ခဲ့တာ ပင်။။
ကံကြုံလျှင် ပြန်ဆုံ ချင်ပါသေးသည်။
ရှမ်းဗိုက်ပူ လေး နှင့် ထပ်မံ ဆုံတွေ့ ပါက. သူ ကျွေးမွေး စဉ်ကထက် သာလွန်သော စားသောက်ဆိုင်များ . ကစားကွင်းများကို .အကုန်ခံကာ ခေါ်သွား ပြီး ပြန်လည် ၍ ကျေးဇူးတုံ့ ပြန် ပြုစု ချင်ပါသည်။
ကျွန်တော်သည် အကြွေး ရှိသည်ဟု ခံစားနေမိပါသည်။ ကြွေးဟောင်း ဆိုတာ ဆပ် ရသည် မှာ သဘာဝ ပင် မဟုတ်ပါလော။ သို့ သော် ငယ်က ဒဏ်ရာ အဟောင်းကို တော့ ပြန်မဖော်လို တော့ပေ။..
လောက တွင် သူများ ကျွေးတိုင်း မစား နှင့် ပေးတိုင်းမယူ နှင့် ဟု ထို ကလေး ဗိုက်ပူ လေး မှ သင်ကြားပေးခဲ့ပါသည်။
ရယူမိသော သင်ခန်းစာ တစ်ခု ပင်
ခင်မင်လျက်
ဇော်ပြည့်
( ကာယကံရှင် များ၏ ဂုဏ်သိက္ခာ အရ အမည် များကို .ပြောင်လဲ ထားခြင်း ဖြစ်ပါသည်။ အချို့ ဇာတ်ကောင် များမှာ ပြင်က လောက တွင် တကယ် ရှိသော သူများ ဖြစ်ပါသည်။ သို့ သော် အချို့ ကိုမူ စိတ်ကူး ဖြင့် သာ ရေးဖွဲ့ ခဲ့ကြောင်း ၀န်ခံလျက်)
No comments:
Post a Comment