Wednesday 27 October 2010

တခါတုန်းက တက္ကသိုလ်မှာ… မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်) ဇာတ်သိမ်း ပိုင်း



နောက်ဆုံးနှစ် စာမေးပွဲကြီး



တတိယနှစ် အင်္ဂလိပ်စာ အဝေးသင် အနီးကပ် ဆယ်ရက် သင်တန်းတွေ တတ်ကြရပါပြီ။

မိုးကတော့ သူ့ စကားအတိုင်း စဉ်းစားလျက် အချိန်ဆွဲ ထားပါတယ်။

ကျွန်တော်ကတော့ သူ က အချိန်ဆွဲလေ ။ တီကောင်ကို ဆားနဲ့ တို့ သလို နေမထိထိုင်မသာဖြစ်လေပါပဲ

ဒါပေမယ့် . သူ့ ဆီမှ အိမ်က သဘောတူထားတဲ့ လူ မရှိဘူး ဟု ဆိုသဖြင့် ပြိုင်ဘက်မရှိ တစ်ဦးတည် ယှဉ်ပြိုင်လျက်ပါ။

နောက်ဆုံး မိုးက ပြောပါတယ်။ ဒီကိစ္စတွေကို စာမေးပွဲ ပြီးမှ စဉ်းစားပြီး အဖြေပေးပါရစေဆို လို့ သဘောတူလိုက်ပါတယ်။



ကျွန်တော်တို့ ရဲ့ နောက်ဆုံးနှစ် စာမေးပွဲ ကြီးကတော့ စ ပါပြီ ။

ြ့ကားလိုက်ရတဲ့သတင်းအရ စာမေးပွဲကို ပထမနှစ် စာမေးပွဲ ဖြေခဲ့ဘူးတဲ့ အထက်တန်းကျောင်းမှာပဲ ကျင်းပ မည်ဟု ဆိုပါသည်။

ဟာ..လုပ်ချ လိုက်ပြန်ပြီ။ ကောင်းကွာ.. တစ်နေ့ ကို ငါးရာတော့ သေချာပေါက်ကုန်အုံးမှာပဲ။

ဒီ တစ်ကြိမ်မှာတော့ ကျွန်တော်တို့ အားလုံး ဟာ ရင်းနှီးပြီးသား နေရာဟောင်းတစ်ခုလို ပင် အပူအပင် ကင်းမဲ့စွာ ရှိနေပါသည်။

ကျွန်တော် ထိုအထက်တန်းကျောင်းကို ရောက်သွားချိန်မှာတော့ ယခင်တုန်းက ယိုင်နဲ့ နဲ့ ဝင်းထရံများက အုတ်သား များဖြင့် အခိုင်အခံ့ ။

အိုဟောင်းနေသော ကျောင်းကြီး၏ ကျောင်ဆောင်များကလည်း သစ်လွင်တောက်ပ လျက်ရှိသည် ။

သူငယ်ချင်းများက ပြောသည်။ ကျွန်တော်တို့ ပထမနှစ် အင်္ဂလိပ်စာ ကျောင်းသားများ ၏ ကောင်းမှူ့ ဟု ဆိုသည်။

နားလည် လိုက်ပါပြီ ။ ကျွန်တော်တို့စာမေးပွဲ ဖြေစဉ် က နေ့ စဉ် ကျောင်းသားတစ်ဦးကို ငါးရာ ကျပ်နှုန်ူး .နားလည်မှူ့  ကြေး ဟူ၍ ကောက်ခံသွားသောာ ငွေ များ သည် ကျောင်းကြီး ၏ မွမ်းမံမှူ့ စရိတ် ဖြစ်သွား ချေပြိ ။

ကျောင်းဝင်းနံရံတွင် . ပထမနှစ် အင်္ဂလိပ်စာ ကျောင်းသူကျောင်းသား များ ကောင်းမှူ့ ဟု ကမ္မည်း မတပ်ထားရုံ တမယ် ပင်။
သာ ဓု . သာ ဓု သာ ဓု.... ကောင်းလေစွ ပါတ ကား ။။


ယခုလည်း တတိယနှစ် စာမေးပွဲ တိုက်တိုက်ဆိုင်ဆိုင် ဒီ ကျောင်းလေး မှာပဲ ကျင်းပအုံးမည် ။

စာမေးပွဲ ခန်းစောင့် ဆရာမ များကို မျက်မှန်းတန်းမိ နေပါပြီ ။ မဖြေခင်ကပင် အောင်တော့မည့် စာမေးပွဲကို ကျောင်းသားများအားလုံးသည် လွယ်ကုစွာဖြင့် ကူ ယူ ဖြေဆိုလိုက်ကြပါသည်။


ယခင်ကလို မိုက်ကရို စက္ကူလေးများကိုပင် အားမကိုးတော့ပဲ ပြဌာန်း စာအုပ် (ဖတ်စာအုပ်) မျာကို ပေါင်ပေါ်တင်ကြည့်ကာအေးဆေးတည်ငြိမ်စွာပင် အိနြေ္ဓ ရစွာ ဖြေဆိုနေကြပါသည်။
ကျောင်းသားတို့ ၏ ပုံစံမှာ စာမေးပွဲ ဖြေနေသည်နှင့်မတူ ပဲ ကျမ်းပြုဆရာကြီးများက အထောက်အထား ကျမ်းများကို ကိုးကာပြုစု နေကြသည်နှင့် ပို၍အလား သဏ္ဍန် တူပါသည်။

စာမေးပွဲ ဖြေဆို ပြီးချိန်တွင်လည်း ကျွန်တော်တို့ ကျောင်းသားများက အလိုက်သိတတ်စွာဖြင့် ငါးရာကျပ် ကို မ . စ ကြရပါသည်။

အကြောင်းမသိသော အချို့ ဆရာမ ငယ်လေးများက ကြောက် သဖြင့်မယူ ရဲ ကြပါ။ ကျွန်တော်တို့ ကလည်း သေချာရှင်းပြ ပြီး အတင်းပေးလိုက်ကြပါသည်။
အချို့ စာမေးပွဲ ခန်းများတွင် သက်ဆိုင်ရာ အခန်းစောင့် ဆရာမများက ကျောင်းကြီးမွမ်းမံရန် ဟု အကြောင်းပြကာ ပွင့်လင်းစွာ ပြောပြီး ပေါ်တင် တောင်းကြပါသည်။

္မဤသို့ ဖြင့် ကျွန်တော်တို့ ၏ နောက်ဆုံးနှစ်အင်္ဂလိပ်စာ အဝေးသင် စာမေးပွဲသည် စာ တစ်လုံးမျှ ပင် တတ်ရန်ပင် မလို ပဲ ။ စာ ကူး တတ်ရုံးမျှဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ကြပါသည်။


အံ့ဘွယ် ဘနန်း ရှိလိုက်လေခြင်း ။


သူငယ်တန်းမှ ဆယ်တန်း အထိ စာမေးပွဲ ဟော့.. ဆိုလိုက်လျှင် အပတ်တကုပ် ကြိုးစားခဲ့ရ သည် ။


ယခုလို စာကူးတတ်ရုံဖြင့် အောင်မြင်ခဲ့သော စာမေးပွဲ ဟူ၍ အလျင်း မရှိပါတကား။


ယနေ့ လူငယ် . နောင် ၀ယ် လူကြီး ဆိုသည့် စကား အတိုင်းသာဆိုလျှင် .

ဤ သို့ ကြည့်ကူးပြီး ဘွဲ့ ရ အောင်မြင်သွားကြသော လူငယ်များ နောင်တချိန်တွင် . ကျွန်တော် တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ကြမည် ဆိုလျှင် .





အပျော်ဆုံး နေ့ တနေ့ 




စာမေးပွဲ နောက်ဆုံးနေ့ တွင် ကျွန်တော်တို့ သူငယ်ချင်းတသိုက် က အိမ်သို့ တန်းမပြန်သေးပဲ သာကေတရှိ တိုင်းရင်းသား ကျေးရွာ

သို့ဝင်ရောက်လည်ပတ်ကြပါသည်။


ပတ်ဝန်းကျင်သည် လည်း လွန်စွာသာယာနေပါသည်။ ကျေးဌက်ကလေးများက လည်း အော်မြည် တွန်ကျူးနေကြသည်။ ပန်းကလေးများက လည်း အစီအရီ ပွင့်ဖူးနေကြသည်။ ထိုစဉ် သစ်ပင်ပေါ်မှ ရှဥ့် ကလေးများကလည်း ဟိုသစ်ကိုင်းမှ သည်သစ်ကိုင် ဆီသို့ လူးလာကူးပြေးနေကြသည်။

ယခုလို သာယာသော ညနေခင်းသည် ချစ်သူနှစ်ဦးအတွက်များ တန်ခိုးရှင် တစ်ဦး ဦးက ရည်ရွယ်ဖန်ဆင်းထားသလို ပင်

ထုံးစံအတိုင်းပင် . အလိုက်သိသော သူငယ်ချင်းများ က ရှောင်ပေးသဖြင့် မိုးနှင့် ကျွန်တော် နှစ်ဦးတည်းသာ စကားပြောရင် လမ်းလျှောက်လာကြပါသည်။

ကျွန်တော် ကတော့ အခွင့်အရေး ရလျှင် ရသလို ပင်။ ပေါ်လာသည့်အခွင့်အရေးတို့ ကို လက်မလွတ်စတမ်း အသုံးချ လိုက်သည်။

မိုး ရေ.. ကိုယ်တောင်းထားတဲ့ အဖြေလေး နော်။


မိုးက မခို့ တရို့ လေးပြုံးနေသည်။ ရီဝေေ၀ ကြည့်ရင်း နှူတ်ဆိတ်နေသည်။ ကျွန်တော်ကတော့ တဖြည်းဖြည်းနှင့် စိတ်မရှည်နိုင်တော့ပေ။

သို့ သော် . ယခုချိန်သည် သူ ပြုသမျှ နု ရမည့်ဘ၀ ။ ကိုယ်ကတော့ ရင်တမောမောဖြင့် သူ့ နှူတ်ဖျား မှ ပွင့်အာ ထွက်လာမည့် စကားသံကို မျှော်တလင့်လင့်။

အရိပ်အာဝါသ ကောင်းလှသော အပင်ကြီးတပင် ၏ အောက်သို့ အရောက်တွင် ဟိုဒီ ပြေးလွှားနေသော ရှဥ့်ကလေးများ ၊ တေးသံကျူးရင့်နေသော ဌက် ကလေးများ ကိုကြည့်ကာ ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ရင်း ကျွန်တော့် ကို စကားတခွန်း ဆိုလိုက်သည်။

လပြည့်ကို တစ်ခု မေးမယ်နော်။
လပြည့်.. ဌက် ကလေး တွေကိုချစ်လား ။

ကျွန်တော်သည့် ချစ်သူ ထံမှ မထင်မှတ်ထားသော မေးခွန်းကို ကြားလိုက်ရသည့်အတွက် အံ့အားသင့် မိပါသည်။

သို့ သော် . အမေး ရှိလျှင်တော့ အဖြေရှိရမည်။ ထို့ ကြောင့် စိတ်မပါ တပါနှင့် ပြန်ပြောလိုက်ရသည်။

ဟင်အင့် ..ကျွန်တော် ဌက် မချစ် တတ်ဘူး..ကျွန်တော်က..ကြောင်ပဲ ချစ်တာ.။

ကဲပါ..တိရစ္ဆာန်တွေက အရေးမကြီးပါဘူး။ လူ ကိုလဲ သနားပါအုံး..အဖြေတောင်းထားတာ ကြာလှပြီ ။ ဟို လို ဒီလို နဲ့ အမြဲ တမ်း အဲလိုပဲ။

ပြောရင်း ကျွဲမြီးတိုလာသည်။ ဒါကို မယ်မင်းကြီးမ က . တခစ်ခစ်ရယ် ရင်း . သဘောကျနေပြန်ပါတယ်။

မိုး သည် သစ်ပင်ကြီးကို အတန်ကြာအောင် စိုက်ကြည့်ရင်း ပြောလေသည်။ သစ်ကိုင်းပေါ်ရှိ ရှဥ့်ကလေးတစ်ကောင်က သစ်ချသီး အပုပ်တစ်လုံးကို ဆော့ကစားနေသည်။

မိုးက စကားတစ်ခွန်းကို ဆိုလေသည်။



ကျွန်မ ကတော့ ရှဥ့် ကို ချစ်တယ် .




အော်.. ဟုတ်ကဲ့.. ချစ်ပေါ့.ကောင်းပါတယ်။ ရှဥ့်လေးတွေ ၊ ဌက်လေးတွေ ချစ်ဖို့ ကောင်းပါတယ်။

ကဲကွာ..မိုးကလည်း တိရစ္ဆာန်တွေ ပဲ ချစ်နေတာပဲ။ လူကိုလည်းသနားပါအုံး ။ တောင်းထားတဲ့ အဖြေလည်း ဝေ့လည်ကြောင်ပတ်နဲ့ မလုပ်ပါနဲ့ ကွာ။ ပေးပါတော့နော်။ ဒီမှာ တကယ်ရူးတော့မယ်။

ကျွန်တော်သည် . ကလေးငယ်တစ်ယောက်လို တဆာဆာအော်တောင်းနေမိသည်။

လွန်စွာ မှလည်း စိတ်တိုလာပေပြီ ။ သူ့ မျက်လုံး၊ သူ့ လေသံ ။ သူ့ ဟန်ပန် အမူအရာတွေက ကျွန်တော့် ကို ချစ်နေမှန်းတော့ရိပ်မိသလိုလိုရှိပါတယ်။

ဒါပေမယ့်.. တရားဝင် နှူတ်ဖြင့် ဖွင့်ပြောခြင်းကို အမှန်တကယ်ပင် အလိုရှိလှပါသည်။

ဒါကိုပဲ . သိသိကြီးနှင့် မူ နိုင်ရက်လေခြင်း ။

သူ က ပြောပြန်သည်။ ကဲပါ လပြည့်ရယ်. ထွက်လာတာလည်း ကြာပြီ ။ ပြန်ကြရအောင်နော်။ သူငယ်ချင်းတွေလည်း စောင့်နေ ရော့ မယ်။

ကျွန်တော်သည် . လွန်စွာ မျော်လင့်ချက် မဲ့သွားသလိုပင် ခံစားလိုက်ရသည်။ လှပသော စိတ်ကူရင်ခုန်ဖွယ်ကောင်းသော ပန်းဥယျာဉ်ကြီးထဲတွင် ချစ်သူ ထံမှ အဖြေကို ဧကန်မုချ ရလိမ့်မယ် ဟု တွေးထင်ထားသော်ငြားလည်း . တကယ့်လက်တွေ့ တွင်မူ . အဓိပ္ပာယ် မရှိလှသော အမေးအဖြေများဖြင့်သာ အချိန်ကုန် ကာ ပြီးဆုံးခဲ့ရလေပြီ။

ထို့ ကြောင့် . ရင်ထဲတွင် ကြိမ်မီးအုံးသလို ပင် လွန်စွာမှပင် ပူလောင်လျက်ရှိသည်။ အာခေါင်တို့ သည်လည်း ခြောက်ကပ် လျက်ရှိသည်။

ပါးစပ်မှလည်း မည်သည့်စကားကို ပြောရမည်မှန်း ပင် မသိတော့ချေ။

မိုးကတော့ . ထိုင်ရာမှ ထက . သွားဖို့ ဟန်ပြင် ချေပြီ။

ကျွန်တော်သည် . ဆက်ခနဲ ဆိုသလိုပင် ၊ မိုး၏ လက်ကို ဖမ်းဆွဲလိုက်သည်။ လွန်စွာ အားကောင်းသော ဗြုတ် တူ နဲ့ ဖမ်းဆွဲခံ လိုက်သည့်အလား မိုးသည် မျက်လုံးကလေး ပြူးကာ အံ့သြမင်သက် လျက် ၊ ကြောက် လန့် လျက်ရှိသည်။

ကျွန်တော့်ကို ကြောင် ကြည့်နေသော မိုး အား . ကျွန်တော်သည် . ကတုန်ကယင် နှင့်ပင် အဖြေကို တဆာဆာတောင်းနေမိသည်။

မိုးကွာ.ကိုယ့်ကို အဲသလို မလုပ်နဲ့ ကွာ။။ကိုယ်တောင်းထားတဲ့ အဖြေလေးတော့..ပြောခဲ့ပါကွာ..ပြောခဲ့ကွာ မရဘူးကွာ။

ယခုချိန်တွင်တော့ လူပမာ အမဲခြောက်တောင်းသလိုပင် ဖြစ်ချေပြီ။

သည်တော့မှ ။ မိုးက . သူ့ ထုံးစံအတိုင်း မျက်နှာကို မထုံတတ်သေး ပုံစံလုပ်ကာ ။

လပြည့်ရယ်။။ နင်ကလေ . တခါတလေ အရမ်း အ တာပဲ သိလား။။

နင် လို ချင်တဲ့အဖြေ ဘယ်နှစ်ခါ ပေးရမှာတုန်း ။ ဒါလေးတောင် မသိဘူး...သိပ်တုံးတာပဲ နော်။။


မိုးက ချစ်နှူတ်ခမ်းလေးကို စူ ကာ ကလေးတစ်ယောက်လို တတွတ်တွတ်ပြောနေပုံများ လွန်စွာ ချစ်ဖို့ ကောင်းလိုက်လေခြင်း။

ဒါနဲ့ နေပါအုံး . သူ ပြောသွားတဲ့စကားထဲမှာ ကျွန်တော့်ကို အဖြေ ပေးပြီး ပြီတဲ့..ဘယ် စကားများတုံး..ဘယ် တခွန်းလဲ.


ကျွန်တော့်ကို ချစ်ပါတယ် လို့ ... ကျွန်တော် လုံးဝ ပင် မကြားမိတာ အမှန်ပါ။

ဒီတော့ . ပို ပြီး စိတ်တိုရပြန်ပါတယ်။ မိုးနော်.. အဲသလို မလိမ့်တပတ် မလုပ်နဲ့ ..ဘယ်မှာ အဖြေပေး ရသေးလို့ တုန်း ။ စိတ်တကယ် တို လာပြီနော်။

သူ့ ပခုံးနှစ်ဘက်ကို ကိုင်ကာ တကိုယ်လုံး ခါရမ်း ပစ်လိုက်မိသည်။ သူကတော့ မပွင့်တပွင့်ပြုံး ရင်း ရယ် နေသည်။ မိုး ပုံစံသည် ကျောင်းဆရာမကြီး က စာမရသော တပည့်လေး တစ်ဦးကို စာစစ်နေသည့်ပုံနှယ်။

လပြည့်..လပြည့်...အော်..လပြည့်ရယ်။။ သေချာလည်း စဉ်းစားပါအုံး ကွယ်။

ကျွန်တော်သည် သူ ပြောခဲ့သော စကား လုံးများကို တမုတ်ဟုတ်ချင်း ပြန်လည်ကာ စဉ်းစားလေသည်။ ဒီ ဥယျာဉ် ကြီးထဲသို့ နှစ်ဦးသားဝင်ရောက်လာသည်။ မိုးက ကျွန်တော့်ကို မေးခွန်းတွေ မေးသည်။

တိရစ္ဆာန် များအကြောင်းသာ။။ ထို့ နောက် သူ နောက်ဆုံး ပြောသွားသော စကား..

ကျွန်မ ကတော့ ရှဥ့် ... ရှဥ့်.... အိုး ဟိုး.

ကျွန်တော်သည် မျက်လုံးထဲတွင် အလင်းရောင် ကို လျစ်ခနဲ မြင်လိုက်ရသလို ပင် ချက်ချင်းပင်နှူတ်ခမ်းမှ .

ဟုတ်ပြီ..ဟုတ်ပြီ... ဟု ယောင်ယမ်းကာ ၊ ကျယ်လောင်စွာ အော်ဟစ် မိလေသည်။

ရင်ထဲတွင်လည်း မဖော်ပြနိုင်လောက်အောင် ပင် အမှန်ပင် ၀မ်းသာမိလေသည်။ ကျယ်လောင်လှသော ကျွန်တော့်အသံကြောင့် . သစ်ကိုင်းပေါ်မှ ဌက်ကလးများကလည် . ထ ပြန်သွားလေပြီ။ ရှဥ့်ကလေးများကလည်း သစ်ခေါင်းထဲသို့  လစ်ကနဲ ၀င်ပြေးပုန်းကြသည်။

လေပြေကလေးများကလည်း ပန်းကလေးများကို ညင်သာစွာ ပုတ်ခတ်ဆော့ကစားသွားကြပြီးနောက် ကျွန်တော့် ချစ်သူ ၏ ဆံနွယ်လေးများဆီသို့ တဖန် လာရောက် လှူပ်ယမ်း ဆော့ကစားသွားကြသည်။

ညနေချိန် ပုဇွန်ဆီရောင် နေခြည်များကလည်း ကျွန်တော့်ရဲ့  အသစ်စက်စက် ချစ်သူလေးမျက်နှာပြင်ဝယ် ၀င်းပ စွာ ခ.ယ နေကြသည်။

ထိုစဉ် မိုး ၏ မူပိုင် အမှတ်လက္ခဏာ ဖြစ်သည့်. ပါးချိုင့်ကလေးကို ထင်ပေါ်စွာပြုံးပြီး ကျွန်တော့်ကို ငေး ကြည့်နေပုံလေးသည် ကျွန်တော့်တသက် တွင် ဘယ်လို မှ မမေ့နိုင်မည့် မြင်ကွင်း . နှလုံးသားထဲ၏ အနက်ရှိုင်းဆုံးနေရာတွင် တသက်လုံး ကမ္မည်းတင်ထားမည့် ကမ္ဘာကျော်သည့် အပြုံဟု ဆိုလျှင် လွန်မည် မထင်ပေ။


ဟေး......မိုးက..ကျွန်တော့်ကို ချစ်တယ် တဲ့ဟော့..ဟေးးးးးး


ကျွန်တော်သည် လိုချင်တာရသည့် ကလေးငယ်တဦးပမာ ၀မ်းသာ လွန်းသဖြင့်. ကျယ်လောင်စွာ ဟစ်ကြွေးလေတော့သည်။

ထိုသို့ . ၀မ်းသာကြည်နူးနေသည့်အချိန်တွင် . ဘေးနားမှ သူငယ်ချင်းများကလည်း ၀ိုင်းအုံလာသဖြင့် . မကြေငြာရပဲနှင့် မောင်းခတ်ပြီးသားဖြစ်လေသည်။

ကျွန်တော်၏ အိမ်အပြန်လမ်းသည် လွန်စွာလှပပါသည်။

ကားပေါ်တွင် ချစ်သူ အသစ်စက်စက်၏ လေးဖ၀ါးနုနုလေးကို ကိုင်ရင်း ဖြင့် ရင်ထဲတွင် တသိမ့်သိမ့်ဖြစ်ကာ အကျေနပ်ကြီး ကျေနပ်ရပါတော့သည်။


ချစ်သူရဲ့ လက်တစ်ဘက်ကို ဆုပ်ကိုင်ခွင့်ရခြင်းသည် ကမ္ဘာ တစ်ခြမ်းကို သိမ်းပိုက်နိုင်ခြင်းပင်ဖြစ်သည်။


အော်..ယခုတော့လည်း လပြည့်တစ်ယောက် ပညာစုံတော့.ကြင်ယာပါ စုံလေချေပြီ။

စာမေးပွဲလည်း ပြီးရော စုတ်ရော လာဘ် ရောဝင်သည် ဆိုတာ ဒါမျိုးပဲ ဖြစ်ပေလိမ့်မည်။


ကျွန်တော်သည် အဝေးသင်စာမေးပွဲပြီးသည့်နေ့ တွင် တိုက်တိုက်ဆိုင်ဆိုင်ချစ်သူ တစ်ယောက်ရလေသည်။



အချစ် စာမျက်နှာ



ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စာတင်ရလောက်အောင် အလွန်ချစ်ကြပါသည်။

မိုးက..ကျွန်တော့်ကို မောင် ဟူသော နာမ်စားကို ပင် ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲ လေပြီ ။ ကျွန်တော်ကလည်း ခါတိုင်းထက်ပင် မိုး ကို ပိုမို ၍ ဂရုစိုက်ပါသည်။ အရာရာတွင် မိုးကိုသာ ဦးစားပေးပါသည်။

ယခင်က ကြေးအိုး စားသည့်အခါ ၀က်သား ကြေးအိုးကိုသာ စားလေ့ရှိသော်လည် ယခုအခါတွင် မိုးနှင့် အတူစားတိုင်း ကြက်သားကြေးအိုးကို ပင် မှာယူစားသောက်တော့သည်။

ယခင်က လက်ဖက်ရည် မသောက်တတ်သော်လည်း ယခု အခါ မိုး သောက်လေ့ရှိသည့် ပေါ့ဆိမ့်ကိုပင် လျှာပေါ်ဝယ် စွဲလောက်အောင် သောက်မိနေပေပြီ။


ထို့ ပြင် ကျွန်တော်သည် အချစ်နှင့် ပတ်သက်လျှင် စိတ်ကူးယဉ်ကာ မိုးကို လက်ဆောင်တစ်မျိုးပေးထားပါသည်။


ထို လက်ဆောင်သည် မိုး အတွက် လွန်စွာ အသုံးဝင်သော ပစ္စည်းများဖြစ်သည်။


နံနက်မိုးလင်း သည်နှင့် မိုးသည် ကျွန်တော် ပေးထားသော သွားပွတ်တံဖြင့် သွားတိုက်ရပါသည်။ ပြီးနောက် မျက်နှာသုတ်ပ၀ါမှ အစ နံနက်စာ သုံးဆောင်သည့် ကော်ဖီ ခွက် အထိ ကျွန်တော့် အငွေ့ အသက်များဖြင့်သာ လွမ်းခြုံထားပါသည်။



ည အိပ်ရာ ၀င်လျှင် လည်း ကျွန်တော် ၏ ကိုယ်ပွား အဖြစ် ဖန်တီးထားသော . POLAR BEAR ၀က်ဝံ အမွေးပွ ရုပ်ကြီးကို ဖက်ကာ အိပ်စက်အနားယူစေပါသည်။


မိုးသည် နှင်းဆီပန်းလေးများကို မြတ်နိုးတတ်သည်။ စံပယ်ပန်းကို မူ နှစ်သက်သည်။ သစ္စာ ပန်းကို တန်ဖိုးထားသည်။

ကျွန်တော်သည် မိုး က စိတ်ကောက်တတ်သည့်အခါတိုင်း ရဲရဲနီသော နှင်းဆီပန်း ငုံ လေးများ ကို လက်ဆောင်ပေးတတ်သည်။ အဆိုပါ နှင်းဆီပန်းများ ဖူးပွင့်လာသည့်အချိန်တွင်တော့ မိုးတစ်ယောက် အပျော်ကြီးပျော်ကာ ကျွန်တော့်အား စိတ်ဆိုးပြေလေတော့သည်။

မိုးက သနပ်ခါး လေးများကို ပါးနှစ်ဘက်တွင် သပ်ရပ်လှပစွာလိမ်းသည့်နေ့ တိုင်း ကျွန်တော်က စံပယ်ပန်းလေးများကို သူ့ ခေါင်းတွင် ယုယ စွာ ပန်ဆင်ပေးရလေသည်။

နှစ်ဦးသား ရွှေတိဂုံ ဘုရားကိုသွားသည့်အခါတိုင်း အောင်သပြေ နှင့် သစ္စာပန်းကို မ၀ယ် မဖြစ်ဝယ်ရသည်။ နှစ်ဦးသား ဘုရားကိုအာရုံပြုရင်း ချစ်သူနှစ်ဦး သစ္စာပြုဆုတောင်းသည် ။ ဆွတ်ဆွတ်ဖြူသော သစ္စာပန်းခိုင်လေးများကို ကိုင်ကာ သစ္စာပြုသည့် မိုး စိတ်ကူးကို ကျွန်တော်သည် လွန်စွာကဗျာဆန်သည် ဟု ဆိုချင်ပါသည်။

ရည်းစား မဖြစ်ခင်ကတည်းက သူ၏ သူငယ်ချင်းများ မှ တဆင့် မိုး၏ စိတ်အခြေအနေကို မေးမြန်းလေ့လာခဲ့ဖူးသည်။


မိုးသည် တစုံတခုကို စိတ်အလိုမကျ စိတ်ဆိုးနေလျှင် . နှူတ်ခမ်းနီ . အနီရောင်ရင့်ရင့်ကို ခပ်ထူထူကြီး ဆိုးတတ်သည်။ မည်သူနှင့်မျှလည်း စကားမပြောတော့ပဲ ဆိတ်ဆိတ်နေတတ်သည်။


ရေခဲမုန့် နှင့် ချောကလက်တို့ ကို လွတ် ကြိုက်သည်။ ကျွန်တော်က ကျန်းမာရေး အကြောင်းပြကာ ပိတ်ပင်လျှင် နှူတ်ခမ်းလေး စူကာ မကျေမနပ်ပြန်ပြောလေ့ ရှိသည်။


စိတ်ကောက်လွယ်သော်လည်း စိတ်ဆိုးခဲသည်။ ထို့ ပြင် ရည်မှန်းချက် ကြီးသော မိန်းကလေး တစ်ဦးဖြစ်သည်။



ကျွန်တော့်ရဲ့ မိုး


မိုး ကလည်း ကျွန်တော်ကြိုက်တတ်သည့် အားကစားဂျာနယ် (Eleven Journal) များကို နံနက်စောစောထ က ၀ယ်ထားတတ်သည်။ ကျွန်တော် အိပ်ယာမှ နိုးလျှင် ဖုန်းဆက် ကာ . မန်ယူ မှ ဘယ်သူက ဂိုးသွင်းလိုက်ကြောင်း ၊ ရီးရဲယ်မှ ဘယ်အသင်းကို နိုင်သွားကြောင်း ဖုန်းဆက် အစီရင်ခံလေသည်။ မိန်းမသားတန်မဲ့ .ကျွန်တော် ၀ါသနာ ပါသော ဘောလုံးကို သူကလည်း ကျွန်တော့်အကြိုက်လိုက်ကာ ၀ါသနာ တူ ညှိလေတော့သည်။


ကျွန်တော် ၀တ်လေ့ရှိသော တီရှပ် များ ၊ စွပ်ကျယ် အကျီ င်္ များ ၏ ဗယ်ဘက် ရင်အုံ နေရာ တွင် မိုး ဟူသော နာမည်လေးကို ရေးထိုး ပေးလေ့ရှိသည်။


ကျွန်တော် စိတ်ဓာတ်ကျနေချိန် အလုပ်အကိုင် အဆင်မပြေ တိုင်း ကျွန်တော့် လက်ကလေးကို ဖွဖွလေး ကိုင်ကာ အားပေးတတ်သည်။ ကျွန်တော့် အပေါ် နားလည်မှူ့ အပြည့်ရှိသည် ဟု ခံစားမိပါသည်။




မိုးသည် ကျွန်တော့်အတွက် အချစ်ဦးလည်း မည်ပါ၏ ။ အချစ်ဆုံး လည်း မည်ပါ၏ ။

ဤလောက တွင် မိုး ထက် ပိုမို ၍ ချစ်ရမည့်သူ မရှိနိုင်တော့ ပေ။


ကျွန်တော်တို့ နှစ်ယေက် ၏ ချစ်သူ ဘ၀သည် မိုးမမြင်လေမမြင် ချစ်ကြရင်း အချိန်တွေ ကုန်လွန်ခဲ့ပါသည်။



ရွှွှေရည်စိမ် ခံစားချက်များ


ဒီလို နှင့် စာမေးပွဲ များ အောင်ကာ ဘွဲ့ ယူမည့် အချိန်သို့ ရောက်လာပါတော့သည်။

လူသားတစ်ဦးအတွက် တက္ကသိုလ် မှ ပေးသော ဘွဲ့ ကို ယူရမည့်အချိန်သည် ထိုသူ၏ ဘ၀တွင် အရေးအကြီးဆုံးနှင့် အပျော်ဆုံး နေ့ တစ်နေ့ ဖြစ်မှာမလွဲပင်။

ကျွန်တော်သည်လည်း မိမိအား ခေတ်ပညာတတ် တစ်ဦးအဖြစ် အသိမှတ်ပြုပေးမည့် ဘွဲ့ ဆိုသော လက်မှတ်ကြီးကို အလွန်တန်ဖိုးထားချင်ပါသည်။ လွန်စွာမြတ်နိုးချင်ပါသည်။ လွန်စွာမှပင် ဂုဏ်ယူချင်ပါသည်။

ငါ သည် B.A (Englsih) ဟုဆိုသော အင်္ဂလိပ်စာ ဘွဲ့ ကြီးကို လက်ဝယ်ပိုင်ပိုင်ရသူ အဖြစ် လူပုံအလယ်တွင် လက်မထောင်ကာ မောက်ကြွားချင်ပါသည်။

သို့ သော်… ယခုတော့..

ဤဘွဲ့ ကို မည်သို့ မည်ပုံ ရယူခဲ့သည်ကို မိမိကိုယ်သာ မိမိအသိဆုံးဖြစ်ပါသည်။ ရသည့်ဘွဲ့ နှင့် ထိုက်သင့်သော အရည်အချင်းမရှိသည့် အတွက်လည်း လွန်စွာမှပင် အားငယ်မိပါသည်။

အင်္ဂလိပ်စာ နှင့် ဘွဲ့ ရခဲ့သော်လည်း . News Week, Times အစရှိသည့် အင်္ဂလိပ်စာစောင် ၊ မဂ္ဂဇင်း များထဲမှ သုံးကြောင်းမျှသော အင်္ဂလိပ်စာကိုပင် ရေရေလည်လည် သဘောပေါက်အောင် မဖတ်နိုင်ပေ။

သင်ခဲ့ရသော သင်ခန်းစာ ထဲမှ ရှိတ်စပီးယားသည် မည်သည့်နိုင်ငံမှ စာရေးဆရာဖြစ်ကြောင်းကိုပင် မသိလိုက်ချေ။


ထို့ ကြောင့် . ရသည့်ဘွဲ့ ကိုလည်း ရွှေရည်စိမ် ဘွဲ့ ကြီး ဟု ဆုလျှင် မှားအံ့မထင်


အဘယ်ကြောင့်နည်း။

အဖြေကရှင်းပါသည်။ လွတ်လပ်သော မြန်မာနိုင်ငံကြီးတွင် . စာမေးပွဲ များကိုလည်း လွတ်လပ်စွာပင် ကြည့်ရှူ ကူးယူခွင့် ရခဲ့သည့် အတွက် မည်သည့် သင်ခန်းစာ မျှ ကျေညက်ရန်မလို ။



(( မှတ်ချက် .. တက္ကသိုလ်ကျောင်းသား အားလုံးကို မဆိုလိုပေ။

သို့ သော် . ကျွန်တော့် ဖြတ်သန်းခဲ့ရသော တက္ကသိုလ်အတွေ့ အကြုံသည် ကြိမ်ပြောလျှင်ပင် ယုံနိုင်ဖွယ် မရှိသော အခြေအနေ တစ်ရပ်ဖြစ်ခဲ့ချေပြီတကား ။))



ဘွဲ့ နှင်း သဘင် ခန်းမ ထဲက လူငယ်ခြေကျ တစ်ဦး


ကျွန်တော့်အမြင်အရ ဘွဲ့ နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသော ဘွဲ့ ယူ မောင် မယ် များသည် အဆိုပါ ဘွဲ့ လက်မှတ်ထက် မိမိတို့ ဘွဲ့  ၀တ်စုံဖြင့် မည်သို့ အလှဆုံးဖြစ်အောင် ပြင်ဆင်ကြမည် ကိုသာ စိတ်စောနေကြသည်။

သစ်ပုတ်ပင် ရှေ့  နှင့် ဘွဲ့ နှင်းသဘင် ခန်းမကြီးကို နောက်ခံထားကာ ရိုက်လိုက်သော အလှရိုက်သော ဓာတ်ပုံ သည်သာ ဘွဲ့ ယူ မောင်မယ် တို့ အတွက် အရေးတကြီး အလုပ် လို ပင်ဖြစ်နေပါသည်။

ကျွန်တော်သည် အဆိုပါ ဘွဲ့ ကို ယူဖို့ ရန် အနည်းငယ်တွန့် ဆုတ်မိပါသည်။ သို့ သော် . ကျွန်တော်နှင့်အတူ ဖြေကြသော အားလုံးသော ကျောင်းသား ကျောင်းသူ များကတော့ ဓာတ်ပုံများ တဖျတ်ဖျတ်ရိုက်ရင် ပျော်ရွှင်မဆုံးဖြစ်နေကြသည်။


မိန်းကလေးတစ်ယောက်အဖို့ . ဘွဲ့ ယူသည့်နေ့ နှင့် မင်္ဂလာဆောင်သည့်နေ့ သည် . လွန်စွာမှ အလှပြင်သော နေ့ ဟု ထင်မိပါသည်။


ကျွန်တော်ကတော့ ယောကျာ်းလေး ဖြစ်သည့်အတွက် ပုဆိုးတစ်ထည် ၊ ရှပ်အကျီ င်္ အဖြူနှင့် ဘွဲ့ ဝတ်စုံ ပြည့်စုံချေပြီ။

မိုးကတော့ သူ့ ကိုယ်သူ အလှဆုံးဖြစ်အောင် . လမ်းထိပ်မှ မိတ်ကပ် ဆရာနှင့် ပြင်ခဲ့သည်ဟု ဆိုလေသည်။ ကျွန်တော်တို့ နှစ်ယောက်သည် . ငယ်စဉ်က စိတ်ကူယဉ်ခဲ့ဖူးသော သစ်ပုတ်ပင်ကြီးကို နောက်ခံထားကာ
နှစ်ယောက်တွဲ ဓာတ်ပုံ များရိုက်ကြသည်။ မိဘများနှင့် လည်း တွဲကာ ပျော်တပြုံပြုံ ၊ ကင်မရာများက တဖျတ်ဖျတ် ၊



အော်... အဓိပတိလမ်းကြီး ဆိုတာ ဒီလမ်းပါလား ။ သစ်ပုတ်ပင်ကြီး ဆိုတာလည်း ငါ ငယ်ငယ်က အတိုင်းပါပဲလား ။


ကျေးဇူးတင်ပါတယ် . ကျွန်တော့်ရဲ့  ငယ်စဉ် အိပ်မက်ကလေး ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို ဘွဲ့ ယူတဲ့ နေ့ တစ်နေ့ မှာတော့ ရောက်ခွင့်ကြုံလို့ ပါ၊

မကြာမီ ဘွဲ့ နှင်းသဘင်အခမ်းအနား စတင်လေပြီ။

ခမ်းမထဲတွင် အနက်ရောင် ဘွဲ့ ဝတ်စုံများဖြင့် နက်မှေင်စွာ ၊ကျက်သရေတင့်စွာ ထိုင်နေသည့် ဘွဲ့ ရမောင်မယ် များ ကလည်း ပြည့်သိပ်လျက်။

ဘွဲ့ နှင်းသဘင် ခမ်းမထဲတွင် မြန်မာ့ဆိုင်းဝိုင်းကြီးကိုလည်း တွေ့ ရသည်။ ကျွန်တော်က စိတ်ဝင်တစားကြည့်နေတုံး ဆိုင်းဆရာမှ သာယာနာပျော်ဘွယ် ဆိုင်းသံများဖြင့် အခမ်းအနားကို အသက်သွင်းလေသည်။

ဘေးနားမှ သူငယ်ချင်း တစ်ဦး ပြောပြရာတွင် . ယခုလို ဘွဲ့ နှင်းသဘင်အခမ်းအနားတွင် ရှေးရိုးရာအစဉ်အလာအတိုင်း . မှန်ညောင်သဉ္ဇာ ညီလာပတ်ဝန်းမြိုင် . အစချီသည့် ၀တ်ရုံတော် ကြိုးသီချင်းကို တီးခတ်ပေးရသည်ဟု သိရပါသည်။ ထို အချိန်တွင် မောင်မယ် များအားလုံးက တပြိုင်နက် မတ်တပ်ရပ်ရပါသည်။ သက်ဆိုင်ရာ ပါမောက္ခများ ၊ဌာနမှူး ဆရာ ဆရာမ များကလည်း ၀တ်ရုံကြီးများကိုယ်စီဖြင့် အသီးသီး နေရာယူရန် စင်မြင့်ထက်သို့ တက်ရောက်လာကြပါသည်။

ထို့ နောက် . နိုင်ငံတော် သီချင်းကို တီးမှူတ်ချိန်တွင် ခမ်းမထဲရှိ အားလုံးသော ပရိတ်သတ်များက မတ်တပ်ရပ်ကြရပါသည်။ နိုင်ငံတော်သီချင်း တီးမှူတ်ခြင်းပြီးနောက် အားလုံးပြန်ထိုင်ကြပါသည်။

ထိုစဉ်အချိန်အတွင်း ကျွန်တော့် စိတ်ထဲတွင် ထူးခြားသောခံစားမှူ့ တစ်ရပ်ကို ခံစားလိုက်ရပါသည်။

အော်.. ငါ တို့ ရ တဲ့ ဘွဲ့ လက်မှတ်တွေသာ တကယ့်အရည်အချင်း အစစ်အမှန်အတိုင်းဆိုရင် . ငါ တို့ ကို ဒီလို ဂုဏ်ပြုနေကြတာတွေဟာ သိပ်ကို သာယာနာပျော်ဖွယ် ၊ အမှန်ကို ဂုဏ်ယူဖွယ်ရာ ကောင်းပေလိမ့်မည်။

ယခုတော့ . ငါတို့ တွေရဲ့ အဖြစ်ဟာ . အရည်အချင်း မရှိတဲ့သူတစ်ယောက်ကို . တကယ့်ပညာရှိကြီးတစ်ဦးပမာ မျက်စိ စုံမှတ်ပြီး ၀ိုင်းဝန်းဂုဏ်ပြုနေကြသလိုပါပဲလား။

ကျွန်တော်သည် ခမ်းမ ထဲတွင် ထိုင်နေရသော်လည်း စိတ်ထဲတွင် လွန်စွာ မှပင် သိမ်ငယ် သလို လို ။ အားငယ်သလိုလိုဖြစ်လာရပါသည်။

ထို ဘွဲ့ နှင်းသဘင်ခမ်းမ ကြီးထဲတွင် . ကျွန်တော်တို့ ထက် ဟိုး ယခင် အချိန်များက ဘွဲ့ ယူခဲ့သော ပညာရည် အမှန်ပင်ပြည့်ဝကြသည့်

ဘွဲ့ ရမောင်မယ် များ က ကျွန်တော့် အား အရည်အချင်း မရှိပဲနှင့် ဘွဲ့ ရခဲ့သည့် . အချောင်သမား တစ်ဦးအဖြစ် ရယ်သွမ်းသွေးနေကြမည်မှာ အသေအချာပင်။


ပါမေက္ခရဲ့ သြ၀ါဒ မိန့် ခွန်း


မောင်မယ်တို့ .. ဟူ၍ အစချီသော ပါမောက္ခ ချုပ် ၏ မိန့် ခွန်းသံက ကျွန်တော်၏ အတွေးယဉ်ကြောကို ဖြတ်တောက်ပစ်လိုက်သည်။



သက်ဆိုင်ရာ စာမေးပွဲကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ကြပြီးသည် ဟု သတ်မှတ်ခြင်းခံရသူကို ဘွဲ့ အပ်နှင်း ရန် ဤတက္ကသိုလ်ဘွဲ့ နှင်းသဘင် ကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပါသည်။



ဆက်လက်ပြီး . ဘွဲ့ ယူမည့်သူတို့ ၏ ထုံးစံအတိုင်း ကတိသစာ အမျိုးမျိုးကို . ကတိပြုရလေသည်။


ပညာရေးအဖွဲ့ က ထောက်ခံချက်ပေးပြီးသော ဘွဲ့ များကို မောင်မယ် တို့ အား အပ်နှင်းလိုက်သည့် အချိန်က စပြီး နေ့ စဉ် နေ့ တိုင်း နေထိုင်ပြောဆို မှူ့ တို ဤတက္ကသိုလ်ဘွဲ့ ရများနှင့် ထိုက်တန်စွာနေထိုင်ပြောဆိုပါမည် ဟု ရိုးသားစွာ ကတိပြုပါ ၏ လော။



အော်..ပါမောက္ခ ချုပ်ကြီးရယ်… ကျွန်တော်တို့ ရဲ့ စာမေးပွဲဖြေဆိုခဲ့ပုံတွေကိုသာ သိခဲ့မယ် ဆိုရင် . အခုလို အချိန်အကုန်ခံပြီး ကတိတွေဘာတွေ တောင်း တော့မှမဟုတ်ဘူးနော် ဟု. ကျွန်တော် ၏ စိတ်ထဲတွင်ဖြစ်ပေါ်မိပါသည်။


တကယ်ပဲ ရိုးရိုးသားသား မသိတာလား ။ မသိချင်ယောင် ဆောင်နေတာလား ။


တက္ကသိုလ် စာမေးပွဲ ကြီးကို ကိုယ့် မျက်ကွယ်ရာ မှာ ဒီလို လက်လွတ်စံပယ် ကျင်းပလိုက်ရင် ဘယ်လို ရလာဒ်တွေ ဖြစ်လာမလဲ ဆိုတာ နည်းနည်းလေးမှ မတွေးကြည့်တော့ဘူးလား ခင်ဗျာ။


တက္ကသိုလ် ၀င်းထဲမှာ နေရာမရှိုလို့ . အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို ကျင်းပလိုက်ရပါတယ်ဆိုတဲ့ ဆင်ခြေကတော့ . . မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ။


ကမ္ဘာပေါ်တွင် . တက္ကသိုလ်ကြီး တစ်ခုမှပေးသော ဘွဲ့ တစ်ခုကို ..ဤမျှလောက် ခပ်လွယ်လွယ် ခပ်ပေါပေါရသော တိုင်းပြည်သည် ကျွန်တော်တို့ မြန်မာပြည်မှ အပ အခြားမည်သည့် နေရာတွင် ရနိုင်ပါအံ့နည်း။

(တက္ကသိုလ်ဘွဲ့ ရ အားလုံးကို မဆိုလို ကြောင်း အမှန်တကယ် ပညာရည်ပြည့်ဝ သူတို့ က နားလည်သဘောပေါက်ကြပေလိမ့်မည် ။ သို့ သော် အများစု ကတော့ ခပ်လွယ်လွယ်ပင် ဖြစ်သည်)


စင်ပေါ်သို့ ခြေတစ်လှမ်း ကုဋေ တစ်သန်း


မကြာမီ. ပါမောက ချုပ်မှ တစ်ဦးဆီကို အစဉ်လိုက်အတိုင်း ဘွဲ့ လက်မှတ်များ ပေးလေသည်။ ဘွဲ့ ယူကြမည့် မောင်မယ်များက ခုံနံပါတ်အလိုက်တန်းစီ ကြရသည်။ သြဘာလက်ခုပ်သံများက ဟို တစ်ချက် ၊ ဒီတစ်ချက် ကြားနေရသည်။


ကျွန်တော်သည် ယခု လို ဘွဲ့ ယူခါနီးတန်းစီလိုက်စဉ်တွင် ရင်ထဲတွင် စိတ်မကောင်းခြင်းကြီးစွာ ခံစားရမိပါသည်။ ကျွန်တော် ရရှိမည့် ဘွဲ့ နှင့် ထိုက်တန်သော ပညာအရည်အချင်း ကျွန်တော့်တွင်မရှိပါ။

ထို့ အတူ ကျွန်တော် နှင့် အတူ ဘွဲ့ ယူကြမည့် ကျွန်တော့် သူငယ်ချင်းများ သည်လည်း ကျွန်တော့်လို ပင်ဖြစ်ပေမည်။

ဘယ်သူ့ ထံတွင် တာဝန်ရှိပါသနည်း။ မည်သူ က ယခုကဲ့သို့ တာဝန်မဲ့ခဲ့ပါသနည်း ။


ကေသရာဇာခြင်္သေ့မင်း ၏ အဆီသည် သိဂီ င်္ရွှေခွက်နှင့်သာ ထိုက်တန်ပါသည်။ သို့ သော် ယခုတော့ ကျွန်တော့် ထံတွင်ရှိသည့် ကား ရွှေရည်စိမ် ဒန် ဖလား တစ်လုံးသာ။

ဘွဲ့ လက်မှတ် ရယူရမည့် အစဉ်လိုက်သည် တဖြည်းဖြည်းနှင့် ကျွန်တော့် အလှည့်သို့ ရောက်လာသည။် ကျွန်တော်သည် ဘွဲ့ နှင်းသဘင် စင်မြင့်ထက်သို့ မ၀ံ့မရဲ လှမ်းတက်လိုက်သည်။ ခြေလှမ်းတို့ သည် ယိုင်နဲ့ နေသည် ။ ချိနဲ့ နေသည်။ အိနြေ္ဒ ဆယ်ကာ လမ်းကို လျှောက်ရင်း ဘွဲ့ လက်မှတ်ပေးသည့် ပါမောက ကြီးဆီသို့ လက်နှစ်ဘက်ကို ကမ်းပေးလိုက်သည်။ ပါမောက္ခ ကြီးက ပြုံးရွှင်စွာပင် ကြည့်ပြီး ကျွန်တော့် လက်ထဲသို့ ကျွန်တော်နှင့် မထိုက်တန်သည့် ဘွဲ့ လက်မှတ်ကြီးကို ယုံကြည်စွာပင် ပေးအပ်လိုက်သည်။



ကင်မရာ ရှက်တာ မီးအလင်းရောင်တို့  ဖျက် ကနဲ အမိအရ လှမ်းရိုက်လိုက်သည်။ ထိုစဉ် အတွင်းထောင့် ခပ်ကျကျ ဆီမှ လက်ခုပ်သံတချို့ ထွက်ပေါ်လာသည် ။ စင်မြင့်အောက်မှ ကျောင်းသားတချို့ က ပြုံရယ်ကာ ငေးကြည့်နေကြသည်။

ထို . ကင်မရာ မီးအလင်းရောင်များ ၊ လက်ခုပ်သံများ ၊ ကျောင်းသားများ ၏ အပြုံး များသည် ကျွန်တော့် အား လှောင်ပြောင်နေသလို ခံစားရပါသည်။

ကျွန်တော်သည် စင်အောက်သို့ ရောက်လျှင်ရောက်ချင်း ဘွဲ့ လက်မှတ် ကြီးကို အလျင်အမြန်ဖွင့်ကြည့်မိပါသည်။


သို့ သော် . ကျွန်တော် မြင်လိုက်ရသောအရာသည် ရင်ထဲတွင် ဒိတ် ခနဲ ၊ မျက်လုံးထဲတွင် ပြာ ကနဲ ဖြစ်သွားစေသည်။


ငါးရာတန် အသစ် တစ်ရွက် ။


ဘွဲ့ လက်မှတ် စာအိတ် အောက်ဆီမှ လျော ခနဲ ထွက်လာသည်။


ထို့ နောက်ကျွန်တော် အသေအချာ ပြန်လည် စဉ်းစား လိုက်သည်တွင် . ဓာတ်ပုံဖိုးငွေများ ပေးရန် ဟု ရည်ရွယ်ကာ လက်ထဲတွင် ကိုင်မှန်းမသိကိုင်လာမိသော ပိုက်ဆံ တစ်ရွက်သာဖြစ်ပါသည်။ အော်..တော်ပါသေးရဲ့ ဟု သက်ပြင်းချလိုက်မိသည်။


သို့ သော်ကျွန်တော်သည်.ဤ ဘွဲ့ နှင်းသဘင် ခန်းမကြီးထဲ၌... ငွေ ငါးရာတန် တစ်ရွက်ကိုမြင်ရုံမျှဖြင့် လိပ်ပြာလွင့်မတတ်ကြောက် လန့် သွားမိသည် မှ ကိုယ့်အကြောင်းနှင့် ကိုယ်သာ

ဘွဲ့ လက်မှတ်ကြီးက ခမ်းနားလှပေစွ ။

ဝိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟု မြန်မာလို ပင် ပီပီသသ ရှင်းလင်းစွာ ရေးသားထားသော ဘွဲ့ လက်မှတ်ကြီးကို ကြည့်ကာ ၀မ်းသာ ၀မ်းနည်းဖြစ်မိပါသည်။

အကြင်သူ တစ်ဦးသည် သူငယ်တန်းမှ တက္ကသိုလ် အောင်မြင်သည့် အတွက် အလိုချင်းဆုံး ဆုသည် ယခု ကျွန်တော့်လက်ထဲတွင်ရှိသည့် တက္ကသိုလ် ဘွဲ့ လက်မှတ်ကြီးပင်ဖြစ်သည်။

ယခုတော့ ကျွန်တော်သည် ခေတ်ပညာတတ်တစ်ဦး အဖြစ် လောကအလယ်တွင် ရပ်တည်နိုင်မည့် ဘွဲ့ လက်မှတ်ကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိချေပြီတကား ။

ထို့ ကြောင့် ကျွန်တော် ပျော်မိပါသည်။

ထို့ အတူ . ကျွန်တော် သည် စိတ်ထဲတွင် ၀မ်းနည်းသလိုလိုလည်း ရှိပါသည်။

ယခု ရရှိသော ဘွဲ့ လက်မှတ်ကို မည်သို့ မည်ပုံကြိုးစား ၍ရရှိခဲ့ပါသနည်း ။ ထိုမေးခွန်းကို ဖြေရန်ပင်မလိုလောက်အောင် ရှင်းလင်းလှပါသည်။

၎င်း ဘွဲ့ နှင့် ထိုက်တန်သော အသိပညာ ၊ အတတ် ပညာ များသည်လည်း ကျွန်တော့် ထံတွင် နတ္တိ ပါတကား။

အကယ်၍ များ ကျွန်တော်တို့ ၏ ဖြစ်ကြောင်းကုန်စင်ကို ယခု စင်မြင့်ထက်မှ ပါမောကကြီးများက သိလျှင် ၀ိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟူသောနေရာတွင် ((. အကူး ၀ိဇ္ဇာ )) ဟူသော စကားရပ်ကြီးကို ပြောင်းလဲ လိုက်မည်မှာအသေအချာပင်။


ကျွန်တော်သည် ဘွဲ့ ရသော်လည်း ပညာ မတတ်ခဲ့ပါ။


ကျွန်တောသည် စာမေးပွဲ အောင်သော်လည်း . သင်ခန်းစာ များ အမှန်တကယ် မကြေညက်ခဲ့ပါ။



ကျွန်တော့် လို ပင် . ရာနှင့်ချီသော အင်္ဂလိပ်စာ အဝေးသင်ကျောင်းသူ ကျောင်းသားများလည်း ဘွဲ့ ရသော်လည်း ပညာကို အမှန်တကယ်တတ်မြောက်ခြင်းမရှိသူများ ဖြစ်ပါသည်။


ကျွန်တော် တို့  မြန်မာနိုင်ငံရှိ အခြားသော တက္ကသိုလ်များ၏ ပညာရေးစနစ်သည် ဤကဲ့သို့ မဖြစ်ပါစေနှင့် ဟု ဆုတောင်ရုံမှတပါ..အခြားဘာမျာတတ်နိုင်ကြမည်နည်။


ဘွဲ့ နှင်းသဘင် ခန်းမထဲမှ ထွက်လာပြီးကျွန်တော်သည် မိုး တို့ မိသားစုကို နှူတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့ပါသည်။


(((

သင်တုန်းက တော့ သင်လိုက်ရတဲ့ ပညာတွေ ..

ကမ္ဘာမြေကို အုပ်စိုးဖို့ မနောက်ကျသေး

ကိုယ် ဘွဲ့ ရတော့ . ရှာထားခဲ့တဲ့ ဒီ အတတ် တွေ .

အသုံးဝင် ပေမဲ့ .. ဘယ်သူမှ မသုံးပေ

အတောင်လည်း ပြည့်ပြီးကာမှ . ကောင်းကင်ပျံ ဆင်မရလို့ 

မပျံနိုင်တဲ့ ဌက်ကလေး လို

တို့ များရဲ့ ဘ၀ ဟာလေ . တကယ့် လူမှန် နေရာ မရှိတဲ့ 

ခေတ် လူငယ် ခြေကျ တွေ ))


တခေတ်တခါက လွန်စွာ အောင်မြင်ခဲ့သည့် တေးသံရှင် မွန်းအောင် ၏ လူငယ်ခြေကျ သီချင်း ဖြစ်ပါသည်။

http://www.youtube.com/watch?v=cFxGZxQFujA&feature=related


MP 3 format : http://www.mediafire.com/?18xn0jmbydkd9d8



ကျွန်တော်သည် သီချင်းလေးကို အသည်းထဲ စွဲ အောင် မှတ်သားထားလိုက်သည်။ ခေတ်လူငယ် ခြေကျ တွေ ဆိုသော စကားရပ်သည် ကျွန်တော်တို့ တွေကို ရည်ညွန်းလေရော့သလား။

ဘွဲ့ ရ ပညာမတတ်တို့ ရဲ့ ခေတ်


လူတွေ ကတော့ ပြောကြသည် ဘွဲ့ ရလျှင် ဘာတွေများထူးမည်နည်း။ တချို့ လခစား အလုပ်များသည် ဘွဲ့ ရ ပညာတတ်များကိုသာဦးစားပေးသည်။ ထိုအလုပ်များတွင်လည်း အသုံးဝင်ပေမည်။

သို့ သော် . ဘွဲ့ မရဘဲ . အလုပ်ဖြစ်နေသူတွေလည်း ဒု နှင့် ဒေး …

တချို့ ကတော့ မင်္ဂလာဆောင် လျှင် ကိုယ့်နာမည် ၏ နောက်တွင် ရရှိထားသော ဘွဲ့ များကို တသီတတန်းကြီးထည့်လို့ တော့ရသည် ဟု ဆိုသည်။ အမြီးရှည် တာပေါ့ ဟု ပြောသည်။

ဒီလို ဆိုလျှင်တော့ ကျွန်တော် ရထားသော ဘွဲ့ သည်လည်း ဒီလိုနေရာမျိုးမှာတော့ အသုံးဝင် ပေလိမ့်မည်။ သို့ သော် အကြောင်းသိ သူတွေကတော့ . တိတ်တိတ်ကြိတ်ကာ ရယ်သွမ်းသွေးကြပေလိမ့်မည်။

မိုက်ကရို ၊ ဘာဂျာ တို့ ၏ အားကိုးဖြင့် ရလာသော ၅၀၀ ကျပ်တန် ဘွဲ့ ကြီးဟု လှောင်ပြောင်မည်လော။

ထို့ ကြောင့် ဘွဲ့ ရပြီးနောက်ပိုင်းတွင် . လူတွေက မင်းဘာဘွဲ့ ရထားသလဲ ဟုမေးလိုက်လျှင် ကျွန်တော်သည် ပြန်ဖြေရမှာရှက်လာပါသည်။ အင်္ဂလိပ်ဖြင့် ဘွဲ့ ရထားသည်ဟု ဆိုသော်ငြားလည်း Times မဂ္ဂဇင်းကိုတောင် မလှမ် ကြည့်ရဲသူအဖြစ် ထင်ကြမည်လား မပြောတတ်။

ကျွန်တော်က ဒီအကြောင်းတွေကို သူငယ်ချင်း များနှင့် မိုးကို ပြောပြသောအခါ . မည်သူကမျှ အရေးမလုပ်ချင်ကြ။

ကိုယ့် ကုသိုလ် ကောင်းလို့ ဘွဲ့ တစ်ခု ကို မပင်မပန်းပဲနှင့် လွယ်လွယ်ရသည် ဟူ၍ သာ ခပ်ပေါ့ပေါ့ တွေးကာ ရယ်စရာအဖြစ်ပြောကြလေသည်။

ကျွန်တော်သည် ဘွဲ့ ဝတ်စုံဖြင့် ရိုက်ထားသည့် ဓာတ်ပုံကြီးကို အိမ်ခေါင်းရင်းတွင် မချိတ်ချင်ပေ။ သို့ သော် မိဘများက သူ တို့ ၏ သားကြီးအတွက် ဂုဏ်ယူချင်သည် ဟုဆိုကာ အဆိုပါ ဓာတ်ပုံကြီးကို တခမ်းတနား ချိတ်ဆွဲထားလေသည်။


လိုချင်အုံးဟဲ့ .. B.A ဘွဲ့ ကြီး


ထို ည က ကျွန်တော်သည် ထူးဆန်းသော အိပ်မက်တစ်ခုကိုမက်လေသည်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက် ဟူသည့်အတိုင်း သဘာဝ မကျ ၊ အစီအစဉ်မကျသော အိပ်မက်ကြီးကို မက်လေသည်။

လွန်စွာကြီးမားလှသော SEDONA ဟိုတယ်ကြီး တွင် ခမ်းနားလှသော မင်္ဂလာဆောင်ကြီးကို ကျင်းပလေသည်။ အံ့သြစရာကောင်းသည် က သတို့ သား မောင်လပြည့် နှင့် သတို့ သမီး မိုးသီဂီ င်္ တို့ ၏ မင်္ဂလာပွဲ ဖြစ်သည်။

ဝတ်ကောင်းစားလှ များ ၀တ်ဆင်ထားသော ဂုဏ်သရေရှိ ဧည့်ပရိသတ်ကြီးသည် မင်္ဂလာခန်းမ အပြည့် ကြွရောက် ချီးမြင့်ကြသည်။



သို့ သော် အဆိုပါ ဧည့်ပရိသတ်ကြီးသည် သတို့ သား သတို့သမီး တို့ ၏ နာမည်များရေးထိုးထားသော မင်္ဂလာ စင်မြင့်ထက်ရှိ ဖောင်းကြွနာမည် စာတန်းကြီးကို ကြည့်ကာ တအံ့တသြဖြစ်ကြလေသည်။

အချို့ ကလည်း မျက်လုံးကြီးများ ပြူးကာ ပါးစပ် အဟောင်းသားနှင့်ကြက်သေသေ နေကြသည်။

အချို့ ကလည်း မလုပ်သင့် မလုပ်အပ်သည်ကို လုပ်ထားသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

တချို့ ကလည်း ဟာ..ခနဲ ဆိုကာ..သတ္တိရှိသူ . အမှန်ကို ဖော်ထုတ်ဝံ့သူ အဖြစ်ချီးကျူးလေသည်။

ဝေဖန်သံများ ၊ ကဲ့ရဲ့ သံများ ။ အံ့သြမှင်သက်သော အာမေဋိတ်အသံများ ကြားဝယ် လာသမျှ ဧည့်သည်တို့ ကို ပျော်တပြုံးပြုံးဧည့်ခံနေကြသည့် သတို့ သားနှင့် သတို့ သမီးတို့ ကတော့မည်သူ့ ကိုမျှ ဂရုမစိုက်ပေ။

နောက်ဆုံး.ကျွန်တော်က.စင်မြင့်ထက်ရှိ စာတန်းကြီးကို လှမ်းကြည့်လိုက်မိသည်။


ထို မင်္ဂလာစင်မြင့်ထက် ရှိ ဖောင်ကြွစာလုံးကြီးများဖြင့်ရေးသားထားသည်မှာ ကတော့….



ကျွန်တော်သည် အဆိုပါ အိပ်မက်မှ ကြောက် လန့် တကြားနိုးထလိုက်သည်။ ချွေးစေးများကလည်း ရွဲဆိုလျက်။

ညအိပ် မီးအလင်းရောင်မှိန်မှိန်အောက်တွင် မြင်လိုက်ရသည်ကား..ခေါင်းရင်းတွင် ချိတ်ဆွဲထားသော ဘွဲ့ ဓာတ်ပုံထဲမှ လပြည့်သည်ကျွန်တော့်အား ပြုံးပြုံးကြီး လှမ်းကြည့်နေလေတော့သတည်း .။။



တခါတုန်းက တက္ကသိုလ်

------------ ပြီးပါပြီ -----------------

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)



Sunday 24 October 2010

တခါတုန်းက တက္ကသိုလ်မှာ... မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)


မိတ်ဆက် နိဒါန်း

ခေတ်ပညာတတ် လူငယ်တစ်ဦးဆိုတိုင်း မလွဲမသွေ ဖြတ်သန်းရသော ပျော်စရာအချိန်လေး တစ်ခုကို ပိုင်ဆိုင်ဖူးကြပေမည်။ ထို ပျော်စရာအချိန်လေးသည် တက္ကသိုလ်ကျောင်းသားဘ၀ ၏နေ့ ရက်လေးများဖြစ်ပေသည်။ လူတစ်ယောက်အတွက် တက္ကသိုလ် တတ်ခွင့်ရသော အချိန် သည် ထိုသူ၏ ဘ၀တွင် အပျော်ဆုံး အချိန်လည်း ဖြစ်ပေမည်။


အပူပင်ကင်းသော ကျောင်းသား ဘ၀ ၊ သူငယ်ချင်းများ ၊ အတန်းဖော်များနှင့် စလိုက်ကြ နောက်လိုက်ကြ တကယ့်ကို ပျော်စရာပင်။ နောက်နောင် ဘယ်လိုမှ ပြန်မရနိုင်သော အချိန်အခါလေးများဖြစ်ပေသည်။

သို့ ဆိုလျှင် ကျွန်တော့်တွင်လည်း တက္ကသိုလ်နှင့် ပတ်သက်သော အဖြစ်အပျက်များ ၊ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာများ ၊ တက်ကြွဖွယ်ရာများ ၊ စိတ်ပျက်အားငယ်ဖွယ်ရာများနှင့်ပြည့်နှက်လျက်ရှိပေသည်။

ဟိုး ယခင်ရှေးကတည်းက ပင် တက္ကသိုလ်နှင့်ပတ်သက်သော နောက်ခံ သီချင်းများ ၊ ရုပ်ရှင်များ ၊ ၀တ္တုများ ၊ ကဗျာများ က အင်းလျားကန်ကြီး တစ်ခု စာမျှ ပြည့်နှက်လျက်ရှီပေသည်။
ကျွန်တော် အရွယ်ရောက်သော် . (ဆရာ)မင်းလူ ၏ တက္ကသိုလ် နောက်ခံ အချစ်ဝတ္တုများက ခေတ်စားနေပြီ ။ မာလာဆောင်နှင့် ပတ်သက်သော သီချင်းများကလည်း ပျံ့ လွင့်နေပြီ ။ သို့ သော် အများစုက သမုဒယ ချစ်ခြင်းမေတ္တာ တို့ ကိုသာ ရည်ညွှန်းကြသည်။

သို့ သော် တက္ကသိုလ်နှင့် ပတ်သက် သော တကယ့်အဖြစ်အပျက် အကြောင်းအရာ ပြောစရာများ ၊ ကြားချင်သော စကားများ ၊ ဖတ်ချင်သော စာအုပ်များက မူ မပေါ်ထွက်လာခဲ ပေ။

အမျိုးမျိုးသော အကြောင်းကြောင်း ကြောင့် . တကယ့်ရင်ထဲတွင်ရှိနေသော ဖြစ်ရပ်မှန်အကြောင်းအရာများကို ဖွင့်ပြောဖို့ တွန့် ဆုတ်လျက် ရှိကြသည်။ ဖြစ်ရပ်မှန်တို့ က ရှာပါးလေစွ။
မှတ်မှတ်ရရ . စာရေးဆရာ အောင်ပြည့် ၏ ပြိုမှာလေလား မိုးရဲ့  ဟူသော ဦးသန့် အရေးအခင်း နောက်ခံ ကျောင်းသား သပိတ်တိုက်ပွဲ အကြောင်းရေးထားသော စာအုပ်ကိုသာ လက်ညှိုးထိုးပြစရာရှိသည်။ ယခု အချိန်တွင်မူ အဆိုပါ စာအုပ် လည်း ဘယ်လိုမှ ပြန်ရှာ လို့ ရနိုင်မည် မဟုတ်တော့ချေ။

ကျွန်တော်ကတော့ သတ္တိရှိရှိနှင့် ကျွန်တော်ဖြတ်သန်းခဲ့ရသော တက္ကသိုလ် ဆိုသည့် ကျောင်းတော်ကြီးအကြောင်းကို ပြန်လည် ပြောပြချင်ပါသည်။ သို့ သော် . ပဋိပက္ခအရေးအခင်းများ မဟုတ်ပဲ . ခေတ်တစ်ခေတ်၏ တက္ကသိုလ်ပညာရေးကို ထင်ဟပ်စေချင်သည့် သဘောပင်ဖြစ်ပါသည်။ နမူနာ ဆိုပါမူ.. သိပ္ပံ မောင်ဝ ၏ အောက်စဖို့ သွားမှတ်တမ်း ကဲ့သို့ သော စာအုပ်မျိုးကိုပိုကြိုက်မိပါသည်။

တက္ကသိုလ် ဟု ဆိုလိုက်သည်နှင့် ခေတ်ပညာ တတ်တို့ စုဝေးရာအရပ်ဟု နားလည်ကြပါသည်။ ထို့ ပြင် တက္ကသိုလ်ကျောင်းတော်ကြီးကို ဂုဏ်ပြုချင်သည့် အတွက် ကြောင့် လည်းကောင်း ၊ တက္ကသိုလ်ကျောင်းသား အဖြစ်ဂုဏ်တင်ချင်သည့်အတွက်ကြောင့် ၄င်း ၊ တက္ကသိုလ် အနုပညာ အသင်း တွင် ပါဝင် ကြသဖြင့် လည်းကောင်း . မိမိတို့ ၏ နာမည် များတွင်( တက္ကသိုလ်) ဆိုသည့် ၀ိသေသ ဘွဲ့ ထူးကို အမြတ်တနိုးထည့်ကြသည်။
မြန်မာ အနုပညာ ၊ စာပေ ၊ ဂီတ နယ်ပယ်တွင် တက္ကသိုလ် ဟုသော စကားလုံး ပါသည့် အနုပညာရှင် စာပေ ပညာရှင် များ မြာက်မြားစွာရှိပေသည်။

သို့ ဆိုလျှင် ကျွန်တော်လည်း မိမိနာမည်ရှေ့ တွင် တက္ကသိုလ် ဟူသော ဘွဲ့ ထူးကိုတော့ထည့်ချင်ပါသည်။ သို့ ပေမယ့် . ခက်တာက ကိုယ်က အများသူငါ လို တက္ကသိုလ် ကျောင်းတော်ကြီးကို လေးနှစ်လေးမိုး ပညာသင်ပြီး ဘွဲ့ ရခဲ့သည် ကျောင်းသားမျိုးတော့ာ မဟုတ်ချေ။ စာပေးစာယူ ဟု လူသိများသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား တစ်ဦးသာဖြစ်သည်။ သို့ အတွက် ကျွန်တော် တတ်ခဲ့သော ကျောင်းတော်ကြ၊ီးတွင် တက္ကသိုလ် အနုပညာ အသင်း ဆိုသည်မှာ ဘယ်နေရာတွင် ရှိလို့ရှိမှန်းပင် မသိ ပါ။

ထို့ အပြင် . ပညာသင်နှစ် တစ်နှစ်လုံးတွင် ကျောင်းကို ရောက်သည့် အချိန်ဆိုသည်မှာ လျှေက်လွှာတင်သောနေ့ ရက် နှင့် စာမေးပွဲ ဖြေရန် သင်ကြားပေးသော အနီးကပ် ဆယ်ရက် ဆိုသည့် အချိန်တွင်သာ တက္ကသိုလ် ကို ရောက်ဖူးခဲ့ပါသည်။

သို့ ဖြစ်ပါသောကြောင့် အများသူငါ လို နာမည်ရှေ့ တွင် တက္ကသိုလ် ဟူသော ဘွဲ့ ကို ထည့်ရန်ဝန်လေးမိပါသည်။ သို့ သော် ကိုယ်တိုင်ကလည်း အဝေးသင်တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သည့်အတွက် လူအများရှေ့ တွင် ခေတ်ပညာတတ်မှန်း လူအထင်ကြီးအောင်တော့ မပါ . ပါ အောင်ထည့်မိဟု ဆုံးဖြတ်ထားပါသည်။

ထို့ ကြောင့် မိမိနာမည်ကို စဉ်းစားလိုက်သောအခါ အဝေးသင်တက္ကသိုလ် ဟု ထည့်လျှင်ကောင်းမလား ၊ ဒါလည်း မဖြစ်သေးပါဘူး ။ စာပေး စာယူ ဟု ပြောင်းလျှင်ကော . ဒါလည်း မဟုတ်သေးပါဘူး။ မသိတဲ့လူက ဘာစာတွေ ပေး ပြီး . ဘာ စာတွေ ယူနေမှန်း မသိပဲ နေအုံးမယ်။ ဒီတော့ သေသေချာချာ စဉ်းစားလိုက်ရင် ကိုယ် က ကျောင်းတော်ကြီးနဲ့ ပတ်သက်ခဲ့ဖူးတာ စာမေးပွဲ အနီးကပ် ဆယ်ရက် သာဖြစ်ပေသည်။ ထို့ အတွက် ကြောင့် ကျွန်တော့် ရဲ့ ကလောင်နာမည်လေးကို အားလုံးထက် ထူးခြားသွားအောင် ၊ ကိုယ့်ရဲ့ အဖြစ်အပျက် လေးလည်း ထင်ဟပ်မှူရှိသွားအောင် ဒီလို လေးပဲ ပေးလိုက်မိပါတယ်။


ကလောင်အမည် : မောင်လပြည့် ( တက္ကသိုလ် ဆယ်ရက်)




တက္ကသိုလ် ကျောင်းသား ဘ၀ ဆိုသည့် အတွက် စ နောက်ရယ်မော သံတွေနှင့် အသော ကလေး ဖြစ်ရအောင်ကြိုးစာကြည့်ပါမည်။



တခါတုန်းက တက္ကသိုလ်မှာ...
University ဟု ဆိုသော တက္ကသိုလ်ဆိုသည့် ကျောင်းတော်ကြီးကို လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက အနောက်နိုင်ငံတွင် အခြေတကျတည်ရှိခဲ့ကြသည်။ ကျွန်တော်တို့ အရှေ့ တိုင်းတွင်တော့ တက္ကသိုလ် ဆိုသော စကားလုံးသည် .ရှေးအခါက မင်းညီမင်းသာများ အဌာရသ ၁၈ ရပ် ပညာများ ဆည်းပူသည့် ဒီသာပါမောက္ခ ဆရာကြီး ၏ ကျောင်းတော်ကြီး. တက္ကသီလာ ဆိုသည့်စကားလုံးမှ ဆင်သက်လာပါသည်။

ငယ်စဉ်ကတည်းက တက္ကသိုလ် ဆိုသည့် ကျောင်းတော်ကြီး ကို စိတ်ကူးဖူးသည် ။ အတော့်ကို ပျော်စရာ ကောင်းပြီး ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ နေရာ ပင်ဖြစ်သည်။ တက္ကသိုလ် နောက်ခံ ရုပ်ရှင် ၊ ဗွိဒီယို များတွင်လည်း ကြည့်ဖူးသဖြင့် မူလတန်းကျောင်းသာ အရွယ်ကပင် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်ချင်မိသည်။ အထူးသဖြင့် အတန်းထဲတွင် ဆရာမ က ရိုက်တိုင်း သူငယ်ချင်း အချင်းချင်း က တက္ကသိုလ် ရောက်ရင် အရိုက်မခံ ရတော့ဘူး ကွ ဟု .. အားပေကြသည် ။ ထို့အတွက်လည်း အသားနာ သဖြင့် တက္ကသိုလ် ကို အမြန်ရောက်ချင်မိသည်။

ကျွန်တော် ၏ အမေက တက္ကသိုလ် ဆရာမ ဖြစ်သဖြင့် ကျောင်းဝန်းထဲကို ငယ် စဉ်ကတည်းက ရောက်ဖူးခဲ့သည်။ အင်းလျားကန်ကြီးကို အကြာကြီး ငေးကြည့်ဖူးသည်။ ခုံတန်းပြာကလေးများပေါ်တွင် ဆော့ကစားဖူးသည်။ ဂျပ်ဆင် ထိပ် ကို မော့ကြည့် ဖူးသည်။ သစ်ပုတ်ပင် ကြီးထဲကိုလည်း ၀င် ပုန်း ဖူးသည်။ ထီးကလေး တွေ ကိုယ်စီနှင့် အတွဲ လေးများကို လည်း နှောင့်ယှက်ဖူးသည်။
အမေ လခ ထုတ်ရက်များတွင် တက္ကသိုလ် ကျောင်း ကန်တီး (cantee) တွင်လည်း အားပါးတရ စားသောက် ခဲ့ဖူးသည်။
ကျောင်း ပရိဝုဏ် ထဲတွင်သာ ကြားနိုင်လောက်သည့် ဥသြ ဥသြ .. ဟူသော အသံ လေးသည် လည်း ရင်ထဲတွင် စွဲ၍ကျန်ခဲ့သည်။

ထိုစဉ်ကတည်းက တက္ကသိုလ် ကို ချစ်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား ဘ၀ ကို လည်း အားကျမိခဲ့သည။်

ငါလည်း တစ်နေ့ ကျရင် ဒီ တက္ကသိုလ် ကြီးကို ရောက်အောင် လာမယ် ဟော့ ဆိုပြီးရင်ထဲတွင် တိတ်တိတ်ကလေး ကြွေးကြော်မိသည်။

အဖေ နှင့် အမေ လည်း တက္ကသိုလ် ဖူးစာ ဟု ဆိုရပေမည်။ သူတို့ နှစ်ယောက် တွေ့ ရှိသောနေရာသည် ဤ ကျောင်းတော်ကြီးတွင်ဖြစ်သည် ဟု အမြဲလိုလို ဂုဏ်တင်လေ့ ရှိသည်။

အိမ်ရှေ့ ဧည့်ခန်းတွင် မိဘ နှစ်ပါး ငယ်စဉ် ဘွဲ့ ယူတုန်းက ဓာတ်ပုံ ကို တခမ်းတနား ချိတ်ဆွဲ ထားသည်။ အနက်ရောင်ဝတ်စုံ အနက်ရောင် ခေါင်းစောင်းကြီးများ က မည်သည့် အဓိပ္ပာယ်မှန်းမသိပေမဲ့ ငယ်စဉ်ကတည်းက နားလည် သည်က ဘွဲ့ ယူရင် ဒီလို ၀တ်ရတယ် ဟုသာ သိခဲ့ပါသည်။

အလယ်တန်း ကျောင်းသား ဘ၀ ကို ရောက်တော့ တက္ကသိုလ် နဲ့ ပတ်သက်တဲ့ သတင်းတွေ က သိပ်မကောင်းလှ ။ သပိတ်မှောက်ကြလို့ ကျောင်းများ မကြာခဏ ပိတ်လိုက်ရသည် ဟုကြားမိ၏။ တချို့ ကလည်း အသက်တွေသာကြီးသွားတယ်.. ကျောင်းမပြီးလို့ ဘွဲ့ မရကြသေး။
ဒီတော့ . တက္ကသိုလ် ဟူသည့် စကားစု နေရာတွင် . အဝေးသင် တက္ကသိုလ် ဟူသော စကားသံက လှိုင်လှိုင်ကြီး ပေါ်လာသည်။

ကျွန်တော်နားလည် သည် က အဝေးသင် ဆိုတာ ကျောင်းကို နေ့ တိုင်းသွား စရာမလို သော တက္ကသိုလ်ကျောင်းသား ဟု နားလည်ထားပါသည်။

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးလာသည်။ တက္ကသိုလ် အကြောင်းကတော့ သတင်းကောင်း ဟူ၍ သိပ်မရှိ။
ငယ်ငယ်တုန်းက အမေ နှင့် လိုက်သွားဖူးသော အလွန်စည်ကား ပြီး ပျော်စရာကောင်းသော တက္ကသိုလ် သည် ယခု အချိန်တွင်တော့ ကျောင်းသားဟူ၍ သိပ်မတွေ့ မိတော့။ အိုဟောင်းနေသော စာသင်ခုံများ ၊ ရေညှိများဖြင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဆေးပြယ်နေသော စာသင်ခန်းမ များ က ရော်ရွက်ဝါ များနှင့် အပြိုင် ခြောက်သွေ့ လျက် ။

အထက်တန်း ကျောင်းသား ဘ၀ ဖြစ်ချိန်တွင် ရန်ကုန်တက္ကသိုလ် နှင့်အပြိုင် သန်လျင် နှင့် ဒဂုံ မြို့ သစ် တို့ တွင် တက္ကသိုလ် အသစ် နှစ်ခု ပေါ်လာသည်။ ကျွန်တော် တို့ တွေ ရဲ့ ဦတည်ရာသည် အဆိုပါ ကျောင်းသစ်များဆီသို့ ..

တက္ကသိုလ်ကျောင်းသား နောင်တော်ကြီးများ ၏ ငြီးတွားသံ များ ကိုလည်း အမြဲမပြတ်ကြားမိပါသည်။

လယ်ကွင်းပြင် လတာပြင်ကြီးထဲတွင် အရိပ်မဲ့စွာ သွားလာကြရသည်။ မြို့ ပြအိမ်ခြေနှင့် အလှမ်းကွာဝေးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှူ့ များ ကိုလည်း ကြားမိပါသည်။

ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း ။



သူငယ်ချင်းများ ၏ သဘောထားအမြင်

အထက်တန်းကျောင်းသား ဘ၀ ကတည်းက တချို့ တွေကတော့ ရည်မှန်းချက် ခိုင်မာသည်။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ စစ်ဗိုလ် စသည့်ဖြင့် ကိုယ်ဝါသနာပါရာ အသီးသီး ။

တချို့ ကတော့ ငယ်စဉ်ကတည်းက အိပ်မက် မက်ခဲ့ရသော Yangon University ဟုခေါ်သည့်တက္ကသိုလ် ကြီးကိုသာ တတ်ရောက်ရန် စိတ်အားထက်သန်လျက်။

ကျွန်တော် တို့ သူငယ်ချင်း တစ်သိုက်လည်း ကိုယ့်ဘ၀ ရှေ့ ရေးအတွက် ဆွေးနွေးကြသည်။

အတန်းထဲမှ သူငယ်ချင်း လှအောင် ကတော့ တက္ကသိုလ် နှင့်ပတ်သက်ပြီး အဆိုးမြင် ၀ါဒရှိသည်။

သူကတော့ တက္ကသိုလ် ကို အထင်မကြီးချင် ။ သူနှင့် စကားပြောလိုက်တိုင်း သူက .

မင်းစဉ်းစား ကြည့် လပြည့် ရာ.... မြန်မာ ရုပ်ရှင် ဗွီဒီယိုတွေ ထဲမှာတွေ့ သလား ၊ တက္ကသိုလ်ကျောင်းသား ဆိုတာ ရည်းစာ ထားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်။ ပညာ ကို ဟုတ်တိပတ်တိ ဘယ်လို ကြိုးကြိုးစားစား နဲ့ သင်မလဲ ဆိုတဲ့ ပြကွက် မျိုးတွေ တခါမှ မရှိဘူး ။ တက္ကသိုလ် ကျောင်းသူ ဆိုတာကလည်း အလှပြင်ပြီး လင် ရှာ ဖို့ သက်သက် ကျောင်းကိုလာ နေကြသလို ပဲ နော်။

ပြီတော့ အဆိုးဆုံးကတော့ . အသက် ၄၀ ကျော်အရွယ်ကြီးတွေက လွယ်အိတ်တွေကိုလွယ် ၊ ဟာသ လည်း မဟုတ် ဘရုတ် ကျဖို့ သက်သက် ကျောင်းကိုလာနေကြတာကွ ။ သူတို့ မွေးတဲ့ကလေး တောင် တက္ကသိုလ် တတ်လို့ ရနေပြီ ။ သူတို့ တွေကတော့ ကျောင်းသာ လုပ်နေကြတုန်း ။

နောက်ပြီး ကျောင်းတွေ ကလည်း ဒီနှစ် ပိတ်လိုက် . နောင်နှစ် ဖွင့်လိုက်နဲ့  . အဲဒီ ရုပ်ရှင်ထဲက ဇာတ်ဆောင်တွေလို ပဲ အသက် ၄၀ ကျော်မှပဲ ဘွဲ့ ရလိမ့်မယ် ကွ၊။

အနား မှာရှိတဲ့ မြင့်ထွန်း ကတော့ တက္ကသိုလ် ပေါ်ကို တော်တော်လေး အကောင်းမြင်သည်။ ရည်မှန်းချက်လည်း ကြီးမားသည်။ သူ့  အမ လည်း ကျွန်တော့် အမေလို ပင် တက္ကသိုလ် နည်းပြ (Tutor) ၀င်လုပ်နေသည် ။
ဒီတော့ . သူက . အဲဒီ ခပ်ပေါပေါ ဗွီဒီယို တွေ ကြည့်ပြီး တက္ကသိုလ် ကိုတော့ အထင်မလွဲပါနဲ့ ကွာ။ ရန်ကုန် တက္ကသိုလ် ဆိုတာ က တချိန်တုန်းက အာရှ မှာ နံပါတ် တစ် ပါကွ ။ ငါ့  အဖိုး ခေတ် တုန်းက ဆိုရင် . တက္ကသိုလ်ကျောင်းသား ကျောင်းပြီးလို့ သူ့ ရဲ့  ဇာတိမြို့ ကို ပြန်ရင် . မြို့ အုပ်မင်း က အစ . သဘောင်္ဆိပ်မှာ လာကြိုရတယ်ကွ ။
ကြိုက်လိုက်တဲ့ ကောင်မလေးတွေ ဆိုတာလည်းဝိုင်းဝိုင်းလည်နေတာ ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် နော်။

ဘွဲ့ ရတာနဲ့ . အရာရှိ တန်းဖြစ်တာကွ ။ အရမ်း အားကျဖို့ ကောင်းတယ်။

ငါတို့ အဖေ နဲ့ အမေ ကလည်း တက္ကသိုလ်က ဘွဲ့ ရ ပညာတတ်တွေ ပဲ ။ ငါလည်း တက္ကသိုလ် ကိုတော့ ရောက်အောင် သွားမယ် ကွ ။

သူကတော့ တက္ကသိုလ် ဘက်တော်သား ဖြစ်သည်။

ဒီတော့ . ကျွန်တော်တို့ ဝိုင်းမှာ အမြဲလိုလို စကားနည်းပြီး . ချက်ကျ လက်ကျ ပြောတတ်တဲ့ မင်းမောင် ဆိုတဲ့ သူငယ်ချင်းကတော့ ၀င်ထောက်သည်။

အဲဒါ တွေက အရင် တုန်းကပါ ကွာ။ အခုတော့ အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာနော်။

ငါ တို့ တွေ တက္ကသိုလ် ကိုသွား တာ ဘာ ရည်ရွယ်ချက်လဲ ၊

စာသင်ဖို့ ၊ လူငယ် ဘ၀ ကို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းဖို့ . ဟုတ်တယ်နော်။

ငါတို့ က..နိုင်ငံရေး တွေ . ဘာတွေလည်း စိတ်မ၀င်စားဘူး. စာကိုပဲ ကောင်းကောင်းသင်ချင်တာ .
ဒါပေမယ့် လက်တွေ့ မှာတော့ ထင်သလို ဖြစ်ပါ့မလား ။

မင်း တို့ တွေကော တက္ကသိုလ်ဝင်း ထဲကို ရောက်ပြီး ပြီလား ၊ ကျောင်းသား စာသင်ခန်း အဆောင် လူသွားစင်္ကြ ရဲ့ ဘေးတွေ မှာ သံဇကာ တွေ အခိုင်အခံ့ တပ်ထားတယ်ကွ ..

အဲဒါတွေ က ဘာသဘောလဲ ။

ငါတို့ က တက္ကသိုလ် ကျောင်းသား နော် ၊ သံဇကာ ထဲက လူသားတွေ မဟုတ်ဘူး

မင်းမောင် ၏ အမေး ကို မည်သူ မျှ မဖြေနိုင် ။ ကျွန်တော် ကိုယ်တိုင်လည်း မည်သည့် အဓိပ္ပာယ် မှန်း မသိပါ။ မင်းမောင်သည် သချာင်္ ဥာဏ်ရွှင်သူပီပီ ကျွန်တော်တို့ အားလုံး ဖြေရခက်မည့် မေးခွန်းမျိုးကို မေးတတ်ပေသည်။

( ထို့ ကြောင့် အမေ နှင့် တက္ကသိုလ်ဝင်း ထဲကို လိုက်သွား ပြီး ကြည့်သောအခါ လူသွား စင်္ကြ အချို့ တွင် အဘယ်ကြောင့်မှန်းမသိ . သံဇကာ များအခိုင်အခံ့)

ဘ၀ တက္ကသိုလ် ကို ရွေးချယ်ခြင်း

ဒီလို နှင့် ၁၀ တန်း အောင်လို့  မိမိနှစ်သက် ရာ တက္ကသိုလ် များကို ရွေးချယ်ရသည့်အချိန်သို့ ရောက်လာပါသည်။

တက္ကသိုလ် တတ်လျှင် သန်လျင် (တာဝ) ကိုသာ တတ်ရမည်ဟု သိလိုက်ရသဖြင့် ငယ်စဉ်က စိတ်ကူးယဉ်ခဲ့ မိသည်များ သဲထဲ ရေသွန် ဖြစ်ကုန် ၏ ။

အင်းလျားကန်ကြီး ရဲ့ ဘေး ။ ခုံတန်းပြာလေး တွေ ။ ဘူးသီးကြော်ဆိုင်လေးများ ။ သစ်ပုတ်ပင် ကြီး အောက် ။ ဂျပ်ဆင် ထိပ် က လရိပ်ပြာ ။ တည်ကြည်လေးနက်သော ဘွဲ့ နှင်းသဘင် ခန်းမကြီး ။

ဒါတွေ အားလုံးနှင့် . မပတ်သက် စေရ ။


ဒီတော့ ကျွန်တော်လည်း စဉ်းစားလိုက်သည် . ဆယ်တန်းစာမေးပွဲ အောင်သည်နှင့်တပြိုင်နက် အလုပ်တစ်ခု ၀င်လုပ်မည်။ စာပေးစာယူနှင့် ဘွဲ့ ကလေးတစ်ခု ရအောင်ယူလိုက်မည်။

ဘွဲ့ ရလျှင် နိုင်ငံခြားသို့ ထွက်ကာ အလုပ်လုပ်တော့မည်။

အဆိုပါ အတွေးမျိုးသည် ဆယ်တန်းအောင်သော မြန်မာ လူငယ် အများစု ၏ အတွေးအခေါ် ပင် ဖြစ်သည်။ ထို့ ကြောင့် . ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်တင်ဆက်သူ လူရွှင်တော် ကို မေတ္တာ ပြောခဲ့သည့် . ဆယ်တန်းအောင်လျှင် ကျောင်းပြီး ပြီပေါ့နော်.. ဟူသော စကားလေးသည် ကျွန်တော်တို့ အတွက် ပင်ဖြစ်ချေလေပြီ။

ဒီတော့ ထိုခေတ်က လူငယ်အများစု ရွေးချယ်သည့် အဝေးသင်တက္ကသိုလ်ကိုသာ ရွေးချယ်မိတော့သည်။ ဘွဲ့ ရတာချင်းအတူတူ ပါပဲကွာ ။ အပြင်မျာ ကျူရှင်တတ်ပြီး စာမေးပွဲ ကို ၀င်ဖြေ . ပြီးတော့ အလုပ် တဘက်လည်း လုပ်လို့ ရတာပေါ့ ဟူသော စကားသံများလည်း ကြားမိပါသည်။

ထို့ ကြောင့် ကျွန်တော်သည် စာပေးစာယူ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်လာပါတော့သည်။ ခေတ်ကာလ၏ တောင်းဆိုမှူ့ အရ အင်္ဂလိပ်စာ လွန်စွာမှ အသုံးဝင် သဖြင့် ကျွန်တော်သည် အဆိုပါ အင်္ဂလိပ်စာ ကို ပင် အဓိက အနေနှင့် ယူ လိုက်မိပါသည်။

ကျွန်တော့်အိမ်သည် ဗိုလ်တထောင်မြို့ နယ်တွင်ရှိသဖြင့် ကျွန်တော်ကျောင်းတတ်ရသည်က သန်လျင် ဆီသို့ ။

နေ့ စဉ် တစ်နာရီ ခန့် ကားစီးကာ သန်လျင် ရှိ တာဝ အရပ် တွင် ဖွင့်ထားသော အရှေ့ ပိုင်းတက္ကသိုလ် ကိုသာ တတ်ရမည် ဟု သိရှိရပါသည်။

ခဲလေသမျှ သဲရေကျ ရလေပြီ ။




သို့ သော် ကျွန်တော့် စိတ်ထဲ ။ အတွေး အာရုံထဲတွင် ရန်ကုန် တက္ကသိုလ်ကြီးကတော့ လွမ်းမိုး လျက်ပင် ။
ယခု တတ်ရမည် ဆိုသော တက္ကသိုလ်ကိုလဲ စိတ်မှန်း နှင့် တွေးကြည့်မိသည်။ ရန်ကုန် တက္ကသိုလ် ကိုမမှီ ရင်တောင် အနည်းဆုံးတော့ သူ့ မှာလည်း သူ့ အလှ နှင့် သူ ပဲပေါ့ ဟု တွေးမိ၏ ။


ပထမ ဦးဆုံး တက္ကသိုလ်နေ့ ရက်

မှတ်မှတ်ရရ ထိုနေ့ က လျှောက်လွှာတင်သောနေ့ ။ လူအပြည့် ပိတ်ကြပ်နေသော အဲယားကွန်း ကားကြီးကို စိတ်ငြီးငွေ့ အောင် စီးကာ သွား ခဲ့ရသည်။
သန်လျင်တံတားကြီးကျော်သောအခါ တက္ကသိုလ် ကို ရောက်ပြီဟု ထင်သော်လည်း.. သန်လျင်မြို့ ကိုပင် ကျော်သွား သေးသည်။

ကျိုက်ခေါက် ဘုရား ကြီး ကို ဖူးပြီး ဗယ် ဘက်သို့ ကွေ့ လိုက်သောအခါ မြင်ကွင်းများက ရုတ်ခြည်း ပြောင်းလဲ သွားသလိုပင် ။

ယနေ့ ထန်းရည် ရပြီ . ဟူသော ဆိုင်းပုဒ် လေး ။ ဘတ်စ် ကားရှေ့ မှ ဖြတ်လျှောက်သွားသော ကျွဲ ကြီး တစ်ကောင် ။ စိမ်းစိုနေသော လယ်ကွင်းပြင်များ ၊ ဘေးဝဲယာရှိ လူများ၏ လူနေမှူ့ စရိုက် . ၀တ်စားဆင်ယင်မှူ့ အပြင်အဆင်။


ငါ တော့ ဘယ်ရွာမှာ သွားပြီး စာသင်ရ မှာလဲ ။ ငါ က တက္ကသိုလ်ကျောင်းသား မှ ဟုတ်ရဲ့ လား ။ ဒီလောက် တောခေါင်ခေါင် လယ်ကွင်းကြီးထဲမှာတော့ . တက္ကသိုလ်ကျောင်းကြီး မရှိနိုင်ပါဘူး ။

ဘတ်စကား စပယ်ယာ ကတော့ ဆင်းရမဲ့မှတ်တိုင် ကျော်သွားပြီထင်တယ်။ ဒါလည်း မဟုတ်သေးပါဘူး ။ ဘေးနားမှာလည်း ငါ့လို ပဲ ကျောင်းသား ပုံစံလေးတွေ နဲ့ ပါ။

စိတ်ထဲမှာတော့ မတင်မကျ တွေးရင်း လိုက်ပါခဲ့ရသည်။

ရောက်ပါပြီ ။ ရန်ကုန် အရှေ့ ပိုင်း တက္ကသိုလ် ။

လယ်ကွင်း ပြင်ကြီးထဲတွင် ထီးထီးမားမားကြီး ။

နေသည် ကျဲကျဲတောက်ပူသည်။ အရိပ်ဟူ ၍ မတွေ့ မိ ။ ကျွန်တော်သည် ရုတ်တရက် တက္ကသိုလ်ကျောင်းကြီးကို ကြည့်ပြီး အံ့သြမင်သက်မိသည်။

ဘယ်မှာလဲ သစ်ပုတ်ပင် ။ ဘယ်မှာလဲ အင်းလျားကန် ။ ဘယ်မှာလဲ ကံကော်တောက ဥသြဌက် လေးတွေ ။

ကဲပါ ရောက်မှတော့ မထူးပါဘူး ။ လျှောက်လွှာတင်ဖို့ အတွက် ကျောင်းတော်ကြီးထဲကို အရိပ်မဲ့ စွာ ဖြတ်သန်းခဲ့ရသည်။
လတာပြင် ကြီးထဲတွင် အဆောက်အအုံကြီး လေး လုံး ဆောက်ထားပြီး တက္ကသိုလ် ဟူ၍ ခေါင်းစဉ်တပ်ထားသလို ခံစား ရပါသည်။

ထားလိုက်ပါ လေ ။

အောက်စဖို့ ဒ် တက္ကသိုလ် ဆိုတာတောင် တချိန်တုန်းက တဲပုတ် သာသာ လေး ကနေ ကမ္ဘာကျော် တက္ကသိုလ်ကြီး ဖြစ်သွား သေးတာ။
ဟောဒီ တာဝ တက္ကသိုလ်ကြီးလည်း နောင်တချိန် မှာတော့ ....


အဝေးသင် တစ်ဦး၏ စာသင်ချိန် ဆယ်ရက်


ဒီလို နဲ့  စာမေးပွဲ ဖြေဖို့ အတွက်ဖွင့်ပေးတဲ့.အနီးကပ် ၁၀ ရက် ဆိုတဲ့ အတန်း တွေဖွင့်လာပါတယ်။
ဒီတော့ မှ တက္ကသိုလ် ရဲ့ စာသင်ခန်းမှာ စာသင်ဖူးတာပါ။ ကျောင်းသားတွေ ကလည်း အများကြီးပေါ့။ ကျောင်းသူလေးတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် အလှချင်းပြိုင်လို့ လေ။ အော်.. ငါ့ရဲ့ ကျောင်းသားဘ၀ ဆိုတာ တစ်နှစ်လုံးမှာ မှ ဆယ်ရက်တည်းပေါ့ နော်။
ဘယ်တတ်နိုင်မလဲ ။ ကိုယ်ရွေးတဲ့ လမ်း ကိုယ်လျှောက်ရမှာပေါ့ ဗျာ။

အနီးကပ် ဆယ်ရက် သင်တန်းကို လာတတ်ကြတဲ့ သူတွေ ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခု တည်းပါ။ စာမေးပွဲဝင်ခွင့် ကျောင်းသားကဒ်ပြား ရရှိရေးပါပဲ ။ ဒီတော့ သင်တန်း ဆရာတွေ ကလည်း ကျောင်းသား ကဒ်ကို ချက်ချင်းမပေးပဲ .. အနည်းဆုံး သုံးရက်လောက်ကြာမှ ပဲ ပေးပါတော့တယ်။

ကျွန်တော်တို့ တွေကလည်း ကဒ်ပြား ကိုယ့်လက်ထဲ ရောက်ပြီ ဆိုတာနဲ့ . တာဝ တက္ကသိုလ် ကြီးကို နှူတ်ဆက်ကျောခိုင်းပြီးတော့ တကယ့်ကို အနီးကပ် သင်ပေးတဲ့ ကျူရှင် ဆီကိုပဲ ပြေးကြပါတယ်။ ပန်းဆိုးတန်း တ၀ိုက်က ကျူရှင်တွေကတော့ ကျွန်တော်တို့ လို အဝေးသင် စာပေးစာယူ ကျောင်းသားတွေအတွက် တကယ့် အစစ်အမှန်တက္ကသိုလ် ကြီးပါပဲ ။ ကျူရှင် ဆရာတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော် ဟာ သင်ခန်းစာတွေကိုတော့ သင်ကြားခွင့်ရလာပါပြီ။ တာဝ ကျောင်းရဲ့ အနီးကပ် ကိုသာ စောင့်မျော်နေရရင်တော့ ရှိတ်စပီးယား SHAKESPERAER ကိုတောင် စာလုံးပေါင်းမှန်မှာ မဟုတ်ပါဘူး။

ပထမနှစ် အင်္ဂလိပ်စာ စာမေးပွဲ

ဘယ်လို ရည်ရွယ်ချက် လဲတော့ မသိ။ ကြားလိုက်ရသည့် သတင်းက မယုံချင်စရာ ။

ကျွန်တော်တို့ အင်္ဂလိပ်စာ ကျောင်းသားများကို စာမေးပွဲဖြေဖို့ တက္ကသိုလ် ၀င်းကြီးထဲမှာ နေရာမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ . သန်လျင်မြို့ နယ် ထဲက အထက်တန်းကျောင်း တစ်ခု မှာ ဖြေဖို့ စီစဉ်လိုက်ကြပါတယ်။
ကျွန်တော် ထင်ထားတာကတော့ စာမေးပွဲကိုလာရောက်ကြီးကြပ်မဲ့သူတွေကတော့ တက္ကသိုလ် အင်္ဂလိပ်စာ ဌာန က ဆရာ၊ မ တွေပဲ လာရောက်စစ်ဆေးမယ်လို့ ထင်ထားတာ ။ တကယ်တမ်းကျတော့ အဆိုပါ အထက်တန်းကျောင်းက ဆရာမ တွေကပဲ စာမေးပွဲ အခန်းကိုစောင့် ရမယ်တဲ့လေ ။ အော်.... ငါတို့ ကိုတော့ အရာရာ ယုံကြည်စိတ်ချစွာနဲ့  အထက်တန်းကျောင်းမှပဲ ပစ်ထားလိုက်ကြပြီပေါ့။

ဘယ်ခေတ် ဘယ်အခါ တုန်းကမှ မကြားဖူးပါ။

တက္ကသိုလ် ကျောင်းက စာမေးပွဲကို အထက်တန်းကျောင်းမှာ စစ်ဆေးပါတယ်။ စာမေးပွဲခန်းကိုလည်း မည်သည့် တက္ကသိုလ်ဆရာ၊မ မှ လာရောက်ကြီးကြပ်ခြင်း အလျဉ်းမရှိ ။ အဆင်ပြေသလို ပဲ နီးစပ်ရာ အထက်တန်းကျောင်းဆရာမ များက တာဝန်ယူစေပါတယ်။

ဒီတော့ ကျွန်တော်တို့ ကျောင်းသာများကလည်း .


((ကြာသလားဟော့ မောင်တို့ ရေ )))


အမေ ပြောတဲ့ အမောပြေ ဆိုတာ


စာမေးပွဲခန်းထဲကိုရောက်တော့ ကျွန်တော်က တော်တော် နောက်ကျနေပါပြီ ။ ဘတ်စ် ကား မရလို့ ပါ။

လာရောက်သူ Attendacne လက်မှတ်တွေတောင်ထိုးနေကြပါပြီ ။

ယောက်ျားလေး နဲ့ မိန်းကလေး အတူတွဲပြီးတော့ နှစ်ယောက် တစ်ခုံနှူန်းထိုင်ရပါတယ်။

ကျွန်တော့် ဘေးနားကိုတော့ .အသားညိုညိုနဲ့ ပိန်ပိန်ပါးပါး ကောင်မလေး တစ်ယောက် ။

သူမကပဲ အရင်စ ပြီး ပြုံးပြလိုက်ပါတယ်။ ထိုသို့ ပြုံးလိုက်စဉ် ပါးချိုင့်လေး က အထင်းသား ။ သွားတက်လေးက လည်း အဖွေးသား ။
အမောတကော ပြေးလာရတဲ့ ကျွန်တော့်အဖို့ ကတော့ ရင်ထဲကိုအေးသွားစေပါတယ်။
အမေ ပြောတဲ့ အမောပြေ ဆိုတာ ဒါမျိုးလေးပေါ့ ဗျာ။

အထင်ရှားဆုံးကတော့ ခေါင်းပေါ်မှာ ဆံပင် အရှည် က လက်သန်းလုံး သာသာလေးပဲ ရှိပါတယ်။ ဒါဆိုရင်တော့ သင်္ကြန်တုန်းက မယ်သီလရှင် ၀တ်ထားတာပဲ ဖြစ်မှာ ပါ။ ဒီက ကောင်ကလည်း ကတုံးဆံပင်ပေါက် ပါပဲ ။ သင်္ကြန်တုန်းက တရားစခန်းဝင် ပဉ္ဗင်းခံ ထားလို့ ပါ။
မယ်သီလရှင် လူထွက်နဲ့ ဘုန်းကြီးလူထွက် တို့ တော့ တွေ့ ကြပါပြီ ခင်ဗျာ ။


တက္ကသိုလ်ကျောင်းသား ပီပီ ဒီလိုနေရာမှာ တော့ အာသွက် ၊ လျှာသွက်ရှိရမှာပေါ့။

ကျွန်တော့်နာမည် လပြည့် ပါ ခင်ဗျာ။

ဒီက ညီမ က..

အော်..သမီး နာမည် မိုး ပါ... သူ့ နာမည်က မိုး တဲ့ လား .. ညိုစိမ့်စိမ့်နဲ့  လှတော့ လှသလို ပါပဲ ။

ကတုံးနှစ်ယောက် မိတ်ဆက် ဖို့ လုပ်နေတုန်း အခန်းစောင့် ဆရာမ က လာပြီး စာရွက်တွေ ဝေသွားပါတယ်။

ပထမဦးဆုံးနေ့ ကတော့ မြန်မာစာ ပါ ။

စာမေးပွဲ မေးခွန်းကတော့ ကျွန်တော့် အတွက် သိပ်မခက်လှပါဘူး ။ ဒါပေမယ့် သူများတွေကတော့ ခေါင်းတပျဉ်းပျဉ်း ကုပ်နေကြပါပြီ။

တအောင့်မျှ ကြာသောအခါ ဘေးနားမှ အနှီမိန်းကလေးက ဟိုကြည့် ဒီ ကြည့် နဲ့ ဘေးဘီဝဲယာ ကို အကဲခတ်နေပါတယ်။

ပြီတော့ ကျွန်တော့်ကို ခပ်တိုးတိုးလေး လှမ်းခေါ်ပါတယ်။

အစ်ကို .. ဟော့.. အစ်ကို..

နံပါတ် ၃.... နံပါတ် ၃ လေ..

ကျွန်တော်ကတော့ ကိုယ့် အာရုံနဲ့ ကိုယ် သူ့ ကို လုံးဝ ဂရုမစိုက်ပါဘူး။ စာမေးပွဲဆိုတော့ အချိန်ဆိုတာကွက်တိလေ။ အပို အလို မရှိစေရ။

သူမ အသံက နည်းနည်းကျယ်လာပါတယ်။..

ဟော့..အစ်ကို .. သမီးကို နံပါတ် ၃ ...... ဘာဂျာ ..ဘာဂျာ.....ပေးပါ..

..ဘာဂျာလေးပေးပါ........

အလို မြတ်စွာဘုရား . ငါ့လို ဘုန်းကြီးလူထွက် ကို ဘာဂျာ ပေးခိုင်းနေပါလား..

ကတုံးနဲ့ ဘာဂျာ နဲ့  လာလားမျှ မအပ်စပ်ပေ။

ကျွန်တော် သည် သူမ ဆိုလို သော ဘာဂျာကို ရုတ်တရက် နားမလည်ပါ။

ထိုစဉ် ရှေ့ ခုံမှ ကောင်လေး တစ်ဦးက စာရွက် ခေါက်လေး တစ်ခု လှမ်းပစ်ပေးလိုက်သည်။ ကျွန်တော် ဖြေကြည့်သောအခါ မိုက်ကရိုဖြင့် ခြုံ့ ထားသော အဖြေများကို ဘာဂျာ ပုံသဏ္ဍန် အတွန့် လေးများ ဖြစ်အောင် ခေါက်ထား ခြင်းဖြစ်သည်။

ပေး..ပေး..အဲဒီ ဘာဂျာ သမီးကို ပေး .. ဟု ဆိုသဖြင့် ကျွန်တော်ကလည်း ဘုမသိ ဘမသိ လှမ်းပစ်ပေးလိုက် ရသည။်

ဒီတော့မှ သဘော ပေါက်တော့သည်။ အော်... သူ ပြောတဲ့ ဘာဂျာ ဆိုတာ ဒါလေးကို..

တော်သေးတာပေါ့.မဟုတ်ရင် . ငါ ထင်တာ မှန်အုံးမယ်. (ကျွန်တော်က .. ပါးစပ်ဖြင့် မှူတ်ရသော လေမှူတ်တူရိယာကို ဆိုလိုပါသည် . အသင်တို့ လည်း မှူတ်ဖူးကြပါမည် )



နောက်ထပ် နာရီဝက်ခန့် အကြာတွင် သူမ ဂဏှာမငြိမ်ဖြစ်လာပြန်၏ ။
ကျွန်တော်လည်း စာမေးပွဲ ဖြေနေရင်း သူမ ဘာလုပ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားမိပါတယ်။

ကျွန်တော် ကြည့်နေရင်း သူမ ဟာ စကတ် ထမီ ကို အသာလေး မလိုက်ပါတယ်။

ပြီးတော့ သူ့ လက်ကလည်း တဖြည်းဖြည်း ခြေသလုံးကို ပွတ်နေသလို ပါပဲ။ ညိုစိမ့် နေသော သလုံးသားလေးများတွင် အကြောစိမ်းလေးများပင် ယှက်သွယ်သည့်အလား။

ခပ်မျဉ်းမျဉ်း ရွှေကြိုးလေးကိုလည်း ခြေဖခုံပေါ်တွင် ခြေချင်း အဖြစ် ၀တ်ထားလိုက်သေးသည်။ ခြေသည်းနီလေးများက ကြွကြွရွရွ

ကျွန်တော်လည်း ဒီ အရွယ် အထိ မိန်းကလေး တစ်ယောက်ရဲ့ ခြေသလုံးကို အနီးကပ် ထင်ထင်ရှားရှား မမြင်ဖူးလေတော့ ငေးမော ပြီးကြည့်နေမိပါတယ်။

ဒီတော့ ကောင်မလေးက လည်း ရှက်ကိုးရှက်ကန်း နဲ့ ပေါ့ ။

ထို့ နောက် ခြေသလုံး အလယ်နားလောက် အရောက်တွင် အနီရောင် သားရေးပင်နှင့် ပတ်ထားသော စက္ကူအဖြူ ခေါက်သေးသေးလေးတစ်ခု။

နောက်ဆုံး သူ့ မျက်နှာက ၀င်းခနဲ ဖြစ်သွားပါတယ်။ သွားထက်လေးကို ပေါ်အောင် ပြုံးလိုက်ပြီး သူ့ လက်ထဲမှာ စာရွက် အဖြူလေး တစ်ရွက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်ပါတယ်။
ဒီတော့မှ ကျွန်တော်လည်း သူ့ ဆီက မျက်လုံးကို ခွာပြီး . နာလည် လိုက်ပါတယ်။ အော်...သူ တော့ နောက်ထပ် တစ်ပုဒ် လည်း ကြည့်ကူးတော့မှာပါလား။

စာမေးပွဲ ခန်းကို စောင့်တဲ့ အခန်းစောင့် ဆရာမ များကလည်း ပထမဦးဆုံး ဆယ့်ငါးမိနစ် လောက်မှာ ပဲ ဟန်ရေးပြ လမ်းလျှောက်ကြပါတယ်။

အတန်မျှကြာသောအခါ အခန်းအပြင်ကိုထွက်ပြီး စုပေါင်း စကားတွေ ပြောနေကြပါသည်။
ကျွန်တော်တို့ ကိုတော့ စာမေးပွဲ ဖြေနေကြတာပါလား လို့ တောင် ထင်ကြရဲ့ လား မသိပါဘူး ။


ကျွန်တော် နားလည် လိုက်ပါပြီ ။


ကိုယ့်တပည့် ကိုယ့်ကျောင်းသားလည်းမဟုတ် ။ အထက်တန်း ပြ ဆရာမ တစ်ဦးနှင့် မည်သို့ မှ မပတ်သက်သော တက္ကသိုလ်ကျောင်းသားများ ၏ စာမေးပွဲ ဖြေဆိုနေခြင်းကို တာဝန် အရ သာ လာရောက်ကြခြင်းဖြစ်ပါသည်။
ထို တက္ကသိုလ် ကျောင်းသားများ စာခိုး ကြည့် ခြင်း (သို့ ) ပေါ်တင် ကြည့်ကူးခြင်းသည် ၄င်းတို့ နှင့် လုံးဝ မဆိုင်ပေ ။ မည်သို့ မျှ အမုန်းခံ ပြီး တားမြစ်ခြင်းလည်း မပြု ကြပေ။

သို့ သော် ၀တ်ကျေတန်းကြေ တော့ လာရောက်သတိပေးကြပါသည်။

ကဲ ကဲ .. အားလုံး နော်.. မြို့ နယ် ပညာရေးမှူး လာစစ်ဆေးနေတယ်။..လုံလုံခြုံခြုံ လေးတော့ ရှိကြနော်။

ငါတို့ ကို ဒုက္ခရောက်အောင်တော့ မလုပ်နဲ့ နော်။


ဒီတော့ ကျွန်တော်တို့ ဘက် ကလည်း နားလည်မှူ့ ရှိရမှာပေါ့ ဗျာ။

ကျောင်းသားများအားလုံးဟာ ချက်ချင်းဆိုသလို ကိုယ်ရှိန်သတ်ပြီးတော့ . လက်ထဲက စာရွက်အပိုင်းအစ များကို ဟို ထိုးထည့် . ဒီ ထိုးထည့် နဲ့ ပေါ့ ။

ကျွန်တော့် ဘေးက ကောင်မလေးကလည်း မျက်နှာသေ လေး နဲ့ . တကယ့်ကို ဘာမှ မလုပ်တဲ့ပီဘီ ကလေး တစ်ယောက် အသွင်
ဟန်ဆောင်ထားတဲ့ မျက်လုံးတွေက ကလေး လို လို ပုံဖမ်း ဆိုတာ ဒါမျိုးထင်ပါ့ ။

အဆိုပါ ပညာရေးမှူး ကြီးကလည်း အတန်းထဲကို ၀င်ပြီးတော့ ဟိုကြည့်ဒီကြည့် ။ သူလည်း အထက်က တာဝန်ပေးလို့ သာ လာရတယ်။ သိပ်ပြီးတော့ စိတ်ဝင်စားပုံမပေါ် ။

အော် .. ပညာရေးမှူးကြီးရယ် ။ ဒီလို တွေ ဖြစ်နေတယ်ဆိုတာ တကယ်ပဲ မသိတာလား ။ မသိချင်ယောင် ဆောင်သွားတာလား ဆိုတာကတော့ ကာယကံရှင်သာ အသိဆုံး နေမှာပါပဲ ။

စာမေးပွဲ ဖြေလို့ ပြီးခါနီးမှာတော့ အခန်းထဲက အသက်ခပ်ကြီးကြီး ကျောင်းသားတစ်ယောက် လာပြောပါတယ်။
ညီလေး ရေ. ကိုယ်တို့ တွေ စုပေါင်းပြီးတော့ စာမေးပွဲ ခန်းစောင့်တဲ့ ဆရာမ တွေကို . နားလည်မှူ့ ကြေး လေးပေးရအောင် . တစ်ယောက်ကို ငါးရာ ကောက်တယ်ကွာ ။ မင်းလည်း ၅၀၀ ပေး နော် လို့ ဆိုပါတယ်။

နားလည်မှူ့ ကြေး ဆိုတာ ဘာကို နားလည်ပေးရမှာလဲ ။ အော်..သိပြီ .သိပြီ .ဒီလိုလား .. ရပါတယ်ဗျာ ဟုဆိုကာ..အောင့်သက်သက်ဖြင့်ပေးလိုက်ရသည်။

ကျွန်တော် ကတော့သိပ်မပေးချင် ။ ဒီစာတွေကို ထိုက်သင့်သလောက်ကြိုးစား ထားသဖြင့် ဖြေနိုင်ပါသည်။ သို့ သော်... အများ ဆန္ဒ ဆိုတော့လည်း..ကိုယ်တစ်ယောက်တည်းက အတိုက်အခံ ဂွစာ ကြီးမလုပ်ချင်။

အိတ်ကပ် ထဲက ခြင်္သေ့ တစ်ကောင် ခုန်ထွက်သွားသည်။


ကျွန်တော် သည် သူငယ်တန်းမှ ဆယ်တန်းအထိ ဖြေဖူး ခဲ့သော စာမေးပဲ တို့ တွင် ယခု တက္ကသိုလ် ပထမနှစ် စာမေးပွဲသည် တန်ဖိုးအကြီးဆုံးဖြစ်သည်။


ငါးရာတန် စာမေးပွဲ ပါလား ဟရို့ ။

ဒုတိယနေ့ ရဲ့ ပထမဦးဆုံး အတွေ့ အကြုံ

ဒီလို နဲ့ ပထမနေ့ ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ စာမေးပွဲ ခန်းထဲကထွက်လာတဲ့ကျောင်းသာ တိုင်းရဲ့ မျက်နှာ ကတော့ အပြုံးပန်းတွေနဲ့ ဝေလို့ ပေါ့။ တန်းလုံးကျွတ် အောင်မယ့် စာမေးပွဲ ဆိုတာ ဒါမျိုးပေါ့ဗျာ။

ဒုတိယနေ့ ကတော့ နည်းနည်း ခက်တယ်ဗျ . Philosophy လို့ ခေါ်တဲ့ ဒသနီကဗေဒ..

ကျွန်တော်လည်း တတ်နိုင်သလောက် ကြိုးစားဖြေပေမဲ့ တချို့ စာတွေကတော့ မေ့ တယ်ပေါ့ဗျာ.

ဘေးနားက မိန်းကလေးကတော့ အလိုက်သိပါတယ်။

အစ်ကို ယူ အုံးမလား တဲ့ လေ။

စ..စချင်းဆိုတော့ ကျွန်တော်က နည်းနည်း မူ ပါတယ်။ ဒါမျိုး ကို တသက်နဲ့ တစ်ကိုယ် တခါမှ မလုပ်ဖူးပါဘူး ခင်ဗျာ။

သူငယ်တန်းကနေ ဆယ်တန်းအထိ ပင်ကိုယ် ကြိုးစားမှူ့ နဲ့ သာ စာမေးပွဲ မှန်သမျှ ကြိုးစာခဲ့ရတာပါ။

ဒီတော့ . ဒီလို လုပ်ရမှာ ရှက်သလို ။ လုပ်လည်း မလုပ်တတ်ပါဘူး ။

ဒါပေမယ့် . သူများ မိုးခါးရေ သောက်တော့လည်း ကိုယ်လည်း ဘီယာ လောက်တော့ သောက်ကွာ ဆိုလို့ .အနှီမိန်းကလေး ပေးတဲ့ စာရွက် အပိုင်းအစ လေးကို ပဲ လက်တုန်တုန် နဲ့ လှမ်းယူလိုက်မိပါတယ်။

ကျွန်တော် မဖြေနိုင်တဲ့ ပုစ္ဆ္တာ လေးပါ ပဲ ။


ဒီ တစ်ပုဒ် မဖြေလို့ လည်း စာမေးပွဲမကျ ပါဘူး။ ဒါပေမယ့် လူ့ သဘာဝ အရ . ပို ရ ရင်တော့ ပိုလို ချင်မိပါတယ်။

ကျေးဇူးပါပဲနော် မိုး ။

နောက်ရက်တွေ များမှာလည်း အင်္ဂလိပ်စာ နဲ့ ပတ်သက် တာတွေဆိုတော့ စာရွက်ဖြူ မိုက်ကရိုလေးတွေက တွေက ပိုမို ပလူပျံလာပါတယ်။

ထို့ ထက် ပိုမို ဆိုးရွား စွာ ရဲတင်း ကြသူများကတော့ . ပြဌာန်း စာအုပ်ကြီးကို စာရေးစားပွဲ ခုံအောက်တွင် ထားကာ ပေါ်တင်ကြည့်ကူးကြသည်။

သူ တို့ ပုံစံ ကြည့်ရသည်မှာ တစ်နေ့ ကို နေ့ တွက်ခ ငါးရာကျပ် ပေးထားသဖြင့် ထင်ရာစိုင်း မည့် ပုံစံများအတိုင်းသားပေါ်လွင်နေပါသည်။

စာမေးပွဲ ခန်းမ အသွင် သည် စာကူးပွဲ ခန်းမ အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာပါသည်။

စာရွက်များ ဗြိ ကနဲ့ ဖြဲသံများ ၊ တစ်ဦးကိုတစ်ဦး စက္ကူလုံးများဖြင့် ပစ်ပေါက် နေသည်များက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာဖြစ်မိပါသည။်

မည်သို့ ပင် ဆိုစေ နေ့ တွက်ခ နားလည်မှူ့ ကြေးအဖြစ် တစ်နေ့ လျှင် ငါးရာ ပေး၍ ဖြေရသော စာမေးပွဲ ကြီး.က အောင်မြင်စွာပြီးဆုံးသွားချေပြီ ။

စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူ တိုင်းသည် ကျောင်းအပြင်သို့ ခေါင်းကို မော့ ပြီး ရင်ကို ကော့ကာ ထွက်လာကြသည်။ မိဘများက စိုးရိမ်တကြီး မေးလိုက်သည့်မေးခွန်းတိုင်းကိုလည်း ပြုံရွှင်စွာ ပင် ပြန်ဖြေလိုက်ကြသည်။

သားလေး ဖြေနိုင်ရဲ့ လား ကွယ်။

ဖြေနိုင်တာပေါ့ မေမ ရာ ။

သမီးကြီး ။ ကျက်ထားတာတွေ တိုးရဲ့ လား ဟင်။

ဟာ အမေကြီးရာ။ အားလုံးကွက်တိပဲ သိလား ။


အားလုံး သောကျောင်းသာများက ပျော်ရွှင်နေကြသည်။ တချို့ ကလည် ပေါ်တင်ပင် ဟစ်ကြွေးကြသည်။

ဟော့..ဟော့…ကူးလို့ ရတယ်ကွ…


စာမေးပွဲ ပြီးဆုံးခြင်း အထိမ်းအမှတ် အဖြစ် . သန်လျင် တံတားပေါ်တွင် မိုက်ကရို စာရွက်ငယ်များ ၊ ဘာဂျာ စက္ကူခေါက် လေးများက ဟို တစ်စ . ဒီတစ်စ..လေတွင် ကော့ပျံဝဲလျက် ရှိသည်။

ကျွန်တော်သည် နှင့်တကွ အားလုံးသော ကျောင်းသားများသည် အောင်စာရင်းကြည့်ရန်ပင် မလို ပဲ တန်းလုံးကျွတ် ကို အောင်မြင်ကြသည်။

လူချင်း တူသော်လည်း ကံချင်း မတူ ကြသူများ

ကျူရှင် မှ အချို့ သူငယ်ချင်းများကတော့ ပြောသည်။ နင်တို့ တာဝ က ကံကောင်းလို့ အပြင် မှာဖြေရတာ..
ငါတို့ ဒဂုံ တက္ကသိုလ် က.တော့ စာမေးပွဲကို တက္ကသိုလ်ကျောင်း ၀င်းထဲမှာပဲ . ဖြေရတာ။

ဒီတော့  အရမ်းကြပ်တယ်။ လုံးဝ မချောင်ဘူးတဲ့ ..လှူပ်လို့ တောင်မရဘူး ဆိုပဲ ..

ကျွန်တော်သည် အဆိုပါ ဒဂုံတက္ကသိုလ်မှ သူငယ်ချင်းကို ကြည့်လိုက်သည်။ သူတို့ ပြောပုံ အရဆိုလျှင် သူတို့ သည် စာမေးပွဲကို .စာမေးပွဲနှင့်တူအောင်တော့ ဖြေ ခဲ့ ရသည့် ပုံပင် .

ဟုတ် ၊ မဟုတ်တော့ ကျွန်တော်မသိ

ချောင် သလား ကြပ်သလား ဆိုတာကတော့ ကုသိုလ် ကံ လို့ ပဲပြောရမလား နော်။



အဝေးသင် တက္ကသိုလ် ဒုတိယနှစ်

အနီးကပ် ဆယ်ရက်တွင် မနှစ်က တွေ့ ခဲ့သော မိုး နှင့်ပြန်ဆုံသည်။ ခင်မင် မှူ့ အတိုင်းအတာ ပိုလာသည်။

သူကလည် . ကုမ္မဏီတစ်ခုတွင် အလုပ်ဝင်နေသဖြင့် ကျူရှင် မတတ် အား ။ ထို့ ကြောင့် ပထမနှစ်ကို ရသလို ဖြေခဲ့သည် ဟု ဆိုသည်။

ဒီနှစ် ဒုတိယနှစ် ကတော့ မချောင် ဟု ကြားသည။် တက္ကသိုလ်ဝင်းထဲတွင် ဖြေရမည်။

ဒီတော့ စာ ကို ကြိုးစားပြီး သေချာ လုပ်ရသည်။ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် စုပေါင်းပြီး စာကျက်ကြသည်။ မုန့် တွေ အတူစားကြသည်။

တက္ကသိုလ်ကျောင်းသား ဘ၀ ကို ရသလောက် ကြိုးစားပြီး ပျော်စရာရှာမိသည်။
သွားအတူ လာအတူ စား အတူ ဖြစ်လာသော မိုး ကို ကျွန်တော် ပို ၍လေ့လာခွင့်ရလာပါသည်။
ကျွန်တော်တို့ နှစ်ယောက် ဆုံးတိုင်း မိုး အပေါ် တွင် ကျွန်တော့် စိတ်များ ပြောင်းစ ပြုလာသည်ကို ကျွန်တော် ကိုယ့်ဘာသာ ရိပ်မိလာသည်။

ီူ

ချစ်သူ အလှဘွဲ့ 

ကျွန်တော့် စိတ်ထဲတွင် မိုး သည် တနေ့ တခြား ပို၍လှ လာသည်ဟု ခံစားမိပါသည်။ ယခင် က ကတုံး ဆံပင်ပေါက်နှင့် မိုးသည် ယခု တော့လည်း ဂုတ် အထိ ၀ဲပျံနေသော ဆံနွယ်လေးများက လေတိုက်လိုက်တုင်း ယမ်း ခါနေပါသည်။ ထို ဆံနွယ်လေးများ ယိမ်း ကသလို ကျွန်တော်၏ နှလုံးသား လေးလည်း ကရင်ဒုံးယိမ်း က နေပါတော့သည်။

မိုး ၏ အသံသည် ဆည်းလေး သံလေးများလို သာယာလှပါသည်။ မိုး ၏ မျက်နှာသည် ကောင်းကင်တွင် ညအခါ ထိန်ထိန်သာသော လမင်းကြီးကဲ့သို့ ကျွန်တော့် ရင်ထဲတွင် ပြည့်လျှံထိန်လင်းနေပါသည်။ မိုး သုံးနေကျ ဘော်ဒီ စပရေး ၊ လိုးရှင်း နှင့် သူ၏ ကိုယ်သင်းရနံလေး များသည် စုပေါင်းလိုက်သောအခါ ကျွန်တော့်အဖို့ တိမ်းမူးဖွယ်ရာ ဆွဲဆောင်မှူ့ ကို ဖြစ်စေပေါသည်။

မိုး ဆိုသော နာမည် လိုက်အောင် အေးချမ်းသော ၊ သန့် စင် ကြည်လင် သော မိန်းကလေး ကို ကျွန်တော် အဘယ်ကြောင့် ရင်မခုန် ပဲ နေပါအံ့မည်နည်း ။

ကိုယ့် အပေါ်ကို ပေါက္ကရာ ၀သ မိုးများ ရွာချလိုက်ပါတော့ လားကွယ်။

သူငယ်ချင်းများကလည်း ဒီလိုကိစ္စမျိုးဆိုလျှင် အားကိုးရသည်။ ကျွန်တော်တို့ နှစ်ယောက်တည်း မဆုံ ဆုံအောင် ဖန်တီးကြိုးစားပေးကြသည်။ အအေးဆိုင်တွင် အတူထိုင်ကြပြီ ဆိုလျှင် ဟို ကိစ္စ ဒီကိစ္စ အကြောင်းပြကာ ရှောင်ပေးတတ်ကြသည်။

အတော့်ကို ခင်ဖို့ ကောင်းပြီး အလိုက်သိတတ်သော သူငယ်ချင်း များပါတကား..


ရင်ခုန်ဖွယ်ရာ နေ့ ရက်တွေ က ပိုမို ရင်ခုန်ဖို့ ကောင်းလာသည်။

အနီးကပ် ဆယ်ရက်သာ တတ်ရသော ကျောင်းကို ဆယ်ရက်ထက် ပိုပြီး တတ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။
ကျောင်းက အပြန် ဘတ်စ်ကား ပေါ်တွင် သူငယ်ချင်းက နေရာ ဦးထားကြသည်။ မိုးနှင့် ကျွန်တော်က တခုံတည်းတွင် ထိုင်လျက် ။

လူများ ပြည့်ကြပ်နေသော Air-Con ဘတ်စကားကြီးတွင် သူရောကျွန်တော်ပါ ချွေးပြိုက်ပြိုက်ကျ ရလေသည်။ မိုး၏ နဖူးတွင် စို့ နေသော ချွေးလေးများကို တစ်ရှူး စက္ကူဖြင့် ကြင်နာစွာ သုတ်ပေးခွင့် ဘယ်တော့ များမှ ရပါလိမ့်နော်။

အချိန်တစ်နာရီမျှစီးရသော ဘတ်စ်ကားသည် ကျွန်တော့်စိတ်ထဲတွင် လွန်စွာ မှ မြန်နေသလို ။ အချိန်တွေက ကုန်တာမြန်လိုက်လေချင်း။

ဒါပေမယ့် နှလုံးသား ရေးကို ထင်သလောက် အားမထုတ်နိုင်ခဲ့ပေ။

ဒုတိယနှစ် စာမေးပွဲကို တော့ ကျောင်းထဲမှာ ကျင်းပမည်ဟု ကြိုသိရသဖြင့် သင်ခန်းစာ များဖြင့်သာ နပန်းလုံးနေရသည်။

ပန်းဆိုးတန်း မှ ကျူရှင် ဆရာကြီး ၏ သင်ပြမှူ့ များကြောင့် ကျွန်တော်၏ သင်ခန်းစာ များသည် အတော်ပင် ကျေညက်လာပါသည်။

ဒီလိုနှင့် ဒုတိယနှစ် စာမေးပွဲကြီး စတင်ပါသည်။

စာမေးပွဲခန်းတွင် စောင့်ကြပ်ကြသော တက္ကသိုလ်ဆရာမ များက အတော့်ကို တင်းကြပ်စွာ စောင့်ကြည့် ကြပါသည်။

အော်... ပထမ နှစ် ကတည်းက ဒီလိုမျိုး ဖြစ်သင့်တာပေါ့ ဗျာ။

ဒါတောင် . မကောင်းသော အကျင့်ဆိုး ကိုဆက်လက် ကျင့်သုံးချင်သော ကျောင်းသား အနည်းငယ်က မိုက်ကရို စက္ကူဖြူလေးများ ကိုအားကိုးချင်ကြသည်။

တက္ကသိုလ် ဆရာမ များကလည်း လင်းယုန် တို့ ၏ မျက်လုံးမျိုးဖြင့် တွေ့ သမျှကို လိုက်လံ သိမ်းဆည်းခြင်း ၊ နောက်နောင် မလုပ်ရန်ပြင်းထန်စွာ တားမြစ်ခြင်းများ ပြုကြ၏ ။

ဒုတိယနှစ် အင်္ဂလိပ်စာ စာမေးပွဲ သည် စာမေးပွဲ နှင့် တူ လာပါသည်။


ကျွန်တော်သည် ရှေ့ ဆယ်ခုံကျော် မှ မိုး ကို လှမ်းကြည့်လိုက်ပါသည်။ သူမသည် ယခင်ကလို မဟုတ်တော့ ပေ။ တည်ငြိမ်စွာဖြင့် ဖြေဆိုနိုင်လေပြီ ။

သို့ နှင့် . ကျွန်တော်တို့ နှစ်ယောက်စလုံး ၏ နာမည်များ အောင်စာရင်းတွင် ရေးထိုး နိုင်ခဲ့ကြပါသည်။



နောက်ဆုံးနှစ် အင်္ဂလိပ်စာ

္မဤနောက်ဆုံးနှစ် သည် ကျွန်တော့် ဘ၀ ၏ မှတ်တိုင် ဟု ဆိုလျှင်လည်း မမှားနိုင် ။ ကျူရှင် များတတ်ကတည်းက ကျွန်တော်တို့ နှစ်ယောက် က အတူတူ တတွဲတွဲ ။

ကျွန်တော်က အနှေး နှင့် အမြန် ဖွင့်ပြောတော့မည် ဟု မိုးကလည်း ကြိုတင် ရိပ်မိနေပုံပေါ်သည်။ စကားပြောလိုက်လျှင် ရေလာမြောင်းပေး ပုံစံများ ကို အနှောင့်အသွားမလွတ် ပြောတတ်သည်။

ပမာ ဆိုရလျှင် ။ ကျွန်တော် ၀တ်သော အကျီ င်္များ ကို တွန့် ကျေနေလျှင် သူမက မကြိုက် ။
အမြဲလိုလို မြည်တွန် တောက်တီးတတ်သည်။ ဒီတော့ ကျွန်တော်ကလည်း မီးပူတိုက်ပေးမည့်သူ မရှိ ကြောင်းပြောလျှင် .

နောက်ဆိုရင် မိုး တိုက်ပေးမှာပေါ့ ဟု မချိုမချဉ်ပြောပြီး လျှာကလေးထုတ်ကာ နောက်တတ်သည်။

ကျွန်တော်သည် ငယ်စဉ်က ရေမွှေး ကို လုံးဝ မကြိုက်သော သူဖြစ်သည်။ ပေါင်ဒါ လောက်သာ လိမ်းတတ်သည်။ ကလေးဘ၀ က အမေ က ရေမွှေးဆွတ်ပေးလျှင်လည်း သိပ်မကြိုက်ချင် ။ ရေမွှေးနံ့ သည် ကျွန်တော့်အတွက် ခေါင်းမူးသလိုလို ခံစားရပါသည်။

ထို့ ကြောင့် အသက်အရွယ် ရ လာသောအခါ ယောက်ျားလေး တို့ တွင် ဖြစ်တတ်သည့် . ဂျိုင်းပတ်စော် နံသည့် ကိစ္စ သည် မိုး နှင့် ကျွန်တော်အကြားတွင် အဟန့် အတားတစ်ခုဖြစ်လာခဲ့သည်။

ကျွန်တော့်ကို အားနာ ၍ ဖွင့်မပြောသော်လည်း ကျွန်တော် နှင့် ကားအတူစီးလျှင် မိုးအတွက် အနေကျုံ့ စေပါသည်။


ထို့ ကြောင့် .. မိုးသည် ကျွန်တော့်အား မွေးနေ့ လက်ဆောင် အဖြစ် . ဘော်ဒီစပရေး တစ်ဗူးလက်ဆောင်ပေးပါတော့သည်။ ဒီတော့မှ ကျွန်တော်လည်း ကိုယ့်ရဲ့ Persoanlity ပိုင်းကို သေချာဂရုစိုက်ရပါတော့သည်။

သူငယ်ချင်းတွေက တော့ ပြောသည်။ အချစ်နှင့် တွေ့ လျှင် လူ တိုင်းသည် လှ ချင်လာကြသည် တဲ့။

မှန်ပေသည်။ ကိုယ်ချစ်သော မိန်းကလေး ရှေ့ တွင် ကျွန်တော်သည် သန့် ရှင်းမွေးပျံနေသော ရင်ခုန်ဖွယ်ကောင်းသည့် ယောကျာ်းလေး တစ်ယောက်ဖြစ်ချင်လာသည်။ ထိုနေ့ မှစ ၍ ကျွန်တော် ၏ ရေမွှေးမကြိုက်သော မကောင်းသည့်အကျင့် ကို စွန့် လွှတ်လိုက်ရပါသည်။

နေ့ စဉ်ကျောင်းသွားလျှင် ရေမွှေး တစ်ပုလင်းလုံး မှောက်ကျ သည့်အလား လွန်စွာ မွှေးကြိုင်လျက် .



သို့ သော်...

ကျွန်တော်သည် သူမကို ဖွင့်ပြောဖို့ တွန့် ဆုတ်မိနေပြန်သည်။ ကျွန်တော့် တွင် ငဲ့ညာ စရာများ က ရှိလေသည်။
မိသားစုတွင် ကျွန်တော်က အကြီး ဖြစ်သည်။ မိဘကို လုပ်ကျွေးဖို့ နေနေသာသာ ကိုယ့် ၀င်ငွေကိုပင် လခစား ၀န်ထမ်း တစ်ဦးအနေဖြင့် ကြိုးစား၍ ရုန်းကန်ရှာဖွေနေရသည်။

သူငယ်ချင်းများကလည်း ကျွန်တော့် ကို အားမရ ဖြစ်ကြသည်။ ရည်းစား ထားခြင်းသည် ပညာတတ် ဘွဲ့ ရပြီးမှ ထားရမည်ဟု မဆိုလို ။ ငွေ ကြေး ဓန အင်အား ရှိခြင်း ၊ မရှိခြင်းနှင့် မသက်ဆိုင်ပေ။
ယနေ့ ရည်းစားဖြစ်ပြီး မနက်ဖြန် လက်ထပ် ရမည်ဟူ၍လည်း မည်သူမှ ဥပဒေ မထုတ်ထား ပေ။


သို့ သော်ကျွန်တော်ကမူ စာမေးပွဲ ပြီးမှ ဖွင့်ပြောရန်သာ ရည်ရွယ်ထားသည်။ စိတ်အာရုံများ မပျံ့ လွင့်စေချင်။ သူရောကျွန်တော်ပါ သင်ခန်းစာထဲတွင် သာ အာရုံစိုက်စေရန်ဖြစ်သည်။

နှလုံးသားရေးရာကိစ္စများကြောင့် စိတ်မလေ ချင် ပါ။ စာမေးပွဲ ပြီး တဲ့အချိန်မှပဲ ချစ်သူနဲ့ အတူ လွတ်လပ်စွာပျော်ချင်ပါသည်။

ဒါပေမယ့် . မမျှော်လင့်တဲ့ အကြောင်းအရာတစ်ခု က ပေါ်လာပါသည်။

မိုး ၏ အိမ်မှ မိဘ များက သဘောတူထားသူ ဆိုသည့် ပုဂ္ဂိုလ် တစ်ဦးပေါ်လာပါသည်။ သူသည် နိုင်ငံခြား ပြန်ဖြစ်ပြီး စင်ကာပူတွင် လုပ်ငန်း များလုပ်ကိုင်နေသည်ဟု သိရှိရပါသည်။

ငယ်သူငယ်ချင်း ဖြစ်သူ မြင့်ထွန်း က ကျွန်တော့်ကို အားမလိုအားမရ ပြောသည်။ ဟော့ကောင် လပြည့် လက်နှေး ရင် ခံသွားရမယ်နော်။ ရပ်ကြည့်လို့ အမြတ်မရှိဘူး။။ လုပ်စရာရှိတာ ခက်သွက်သွက်လုပ်ထား ။ ဟို က နိုင်ငံခြားပြန် ဥစ္စာ ပေါ ရုပ်ချောနော် ။

သမီးရှင် ဘက် က ဘာမှ ငြင်းစရာမလို တဲ့သူ ။

တော်ကြာ. အလာကောင်းပေမဲ့ အခါနှောင်းသွားပါပြီလို့ အပြောမခံရစေနဲ့ ကွာ.။။



ထို သတင်းကို ကြား လျှင် ကြားချင်း ကျွန်တော်သည် ဦးခေါင်းထက်မှ ဆံပင်များ ထောင် လာပါသည်။ ရင်ထဲတွင်လည်း တလှပ်လှပ်နှင့် ကိုယ့်အချစ်ဆုံးသူကို ဆုံးရှံးတော့မယောင် ထင်လာပါသည်။ ခြေလက်များကလည်း ကြောက်စိတ်ဖြင့် ရေခဲစိမ်ထားဘိသကဲ့သို့ အေးစက်နေပါသည်။

တခါမှ ရည်းစား မထားဖူးသဖြင့် မည်သို့ ဖွင့်ပြောရမည်ကိုလည်း မသိပါ။ ကျွန်တော်သိ သည်ကား မကြာမီ အချိန်တွင် မိုး ကို ဆုံးရှုံးရတော့မည်။ အချစ်ဆုံး မိန်ကလေးအား အခြားသူတစ်ဦးက သိမ်းပိုက်ချေတော့မည်။

ရည်းစား စာ လည်း မရေး ဖူးသဖြင့် မရေးတတ်ပါ။ သူငယ်ချင်းများကို ရေးခိုင်း ရင်ကောင်းမလား ။ အဘယ်ကြောင့်မှန်းမသိ ထိုကိစ္စ မျိုးတွင် ကျွန်တော်သည် လွန်စွာ နှူတ်ဆွံ အ နေတတ်ပါသည်။

နောက်ဆုံးတွင် ကြံရမသည့်အဆုံး ဖြစ်ချင်ရာဖြစ် . မျက်နှာချင်းဆိုင်ကာ ဖွင့်ပြောတော့မည် ဟု သံဓိဌာန် ချလိုက်ပါတော့သည်။



ကျူရှင်မှ အပြန် မိုး တွေ သည်းနေသော နေ့ တစ်နေ့ 

အရပ်ရှစ်မျက်နှာမှ လေပြင်းများတိုက်ပြီး မိုး သည် အငြိုးကြီးကြီးဖြင့် သန်းထန်စွာရွာသွန်းနေပါသည်။

ကျူရှင်မှ အပြီး အိမ်အပြန်တွင် မိုး က TAXI ဌားပြန်မယ်ဟု ဆိုပါသည်။ ကျွန်တော်က သူ့ ကို လိုက်ပို့ ခွင့်ရပါသည်။ သူတို့ လမ်းထိပ် တွင် ကားရပ်ပြီး အဆင်း . ညောင်ညိုပင်အောက်တွင် ကျွန်တော်သည် သူ့ ကို မရဲတရဲ နှင့် ဖွင့်ပြောဖို့ ကြိုးစား ပါသည်။

လေရောမိုးပါ သည်းထန်လာသည်။ ညောင် ပင် အောက်တွင် လူ ရှင်းသဖြင့် . ကျွန်တော့်အတွက် အဆင်ပြေလှသည်။ ကျွန်တော် တောင် ဒီလောက် ချမ်းနေလျှင် မိုး သည် မိန်းကလေး ဖြစ်သောကြောင့် ပို ပြီး ချမ်းမှာ အသေအချာပင် ။


ဖြစ်နိုင်လျှင် ရင်ခွင်ထဲသို့ .ထွေးပွေ့ ထားလိုက်ချင်မိပါသည်။



မိုး . ရေ ခဏ . ငါ နင့်ကို ပြောစရာရှိလို့ ..

ဟာ.. လပြည့်ကလည်း ကွာ ။ မိုးတွေ ဒီလောက်သည်းနေတာ . အိမ်ကိုပဲ ပြန်တော့မယ် ။ ဘာပြောမလို့ လည်း မြန်မြန်ပြော ။ အရေးမကြီးရင်လည်း နောက်နေ့ မှ ပြော ပါလား။



မဟုတ်ဘူး အရေးကြီးတယ်။. အရမ်း အရေးကြီးတယ်။ ဟိုလေ.ဟို... ဟိုဟာလေ...

ငါ နင့် ကို ချစ်တယ် ဟာ.....

ကျွန်တော်သည် အချိန်မရှိသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်ကြားမှ မိုး ဆိုသော မိန်းကလေးကို မိုးတွေ သည်းထန်နေသည့် အောက်တွင် ကဗျာ မဆန်စွာပင် ဖွင့်ပြောလိုက်မိသည်။

ဘာ..ဘာပြောတယ်.. နင်က ငါ့ကို ..

လပြည့်ရယ်။။ဘယ်လို ဖြစ်တာလဲ .. နင် က တကယ်လား.. နောက်နေတာလား။။

သူမက သိနေရက်သားနှင့် ရယ်ကျဲကျဲ လုပ်ကာ မေးသည်။

ငါ အရင်ကတော့ စာမေးပွဲ ပြီးမှ ဖွင့်ပြောမလို့ ပါပဲ ဟာ . ဒါပေမယ့် နင့် အိမ်က သဘေတူထားတဲ့ ဟို စင်ကာပူ ကဆိုတဲ့လူ ပေါ်လာလို့ ငါ အခုလို အရင်လို နေရတာပေါ့ ။
ကျွန်တော်သည် မိုးရေ ကြောင့် ချမ်းတာလား ။ သူမကို ကြောက် ၍ ချမ်းတာလားတော့မသိ ။ နှူတ်ခမ်းများပြာကာ . မေး တုန်လျက် သူ့ ကို ကြိုးစားပြီး ရှင်းပြနေရသည်။

မိုး က မျက်မှောင်ကုတ်လျက် .. ပြောသည်။

ငါ့ အိမ်က သဘောတူ ထားတဲ့ လူ ဘယ်သူများပါလိမ့် .. အော်..သိပြီ .. သိပြီ ... နင့် ကို ဘယ်သူတွေကပြောလိုက်တာလဲ ။

ဟို အကောင် တွေ ပြောတာမဟုတ်လား ။ နင်တော့လေ မိုးတွေ ရွာနေတာ.. မိုး ကြိုးပါ ပစ်အောင်လုပ်နေပြန်ပြီ ။
အဲဒါ ငါ့ ရဲ့ ဝမ်းကွဲ အစ်ကို စင်ကာပူ ကနေ ခဏ ပြန်လာတာ..သိပြီလား ဟဲ့ ..


အောင်မလေး ဗျာ...ရင်ထဲ က အပူလုံးကြီး လျှော ခနဲ ကျသွားသလို ပါပဲ ။ ကျွန်တော်နားလည်လိုက်ပါပြီ ။ သူငယ်ချင်းတွေ က ကျွန်တော့်ကို အချွန်နဲ့ မပြီး . မြန်မြန်ဖွင့်ပြောအောင် ဇာတ်လမ်း ဆင်လိုက်ကြတာပေါ့ ။
ဟိုကောင် မြင့်ထွန်း ဆိုတဲ့အကောင် ပေါ့.. ဒင်းတော့လား..
ဒါပေမယ့် . ကျွန်တော်ကတော့ သူတို့ ဆင်ထားတဲ့အတိုင်း ကွက်တိကို ၀င်သွားပါပြီ ။ ဖွင့်ပြောပြီးကာမှ မထူးတော့ပါဘူး ။ ချောလဲ ရောထိုင် ရင်းနဲ့ ပဲ အဖြေတောင်းဖို့စဉ်းစားလိုက်ပါတယ်။
အခုလို မြန်မြန်ပြောလိုက်တာပဲ ကောင်းပါတယ်။ ရင်ထဲ က အပူမီးတစ်ခုတော့ ငြိမ်းသွားတာပေါ့။


သူမ ကတော့ တည်ငြိမ်စွာနဲ့ ပဲ မိန်းကလေးတို့ ထုံးစံ အတိုင်း စဉ်းစာ ပါရစေအုံးပေါ့နော်။




ဒုတိယပိုင်း တွင် ဆက်လက် အားပေးတော်မူကြပါ။။။။


တခါတုန်းက တက္ကသိုလ်မှာ...


မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)


ဤ ပိုစ့်ကို www.roadtoarabian.blogspot.com တွင် အပြည့်အစုံ ရှူရန်


Wednesday 20 October 2010

ဆော်ဒီ နိုင်ငံ ၏ အလုပ်သမား ၀န်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှူ့ စနစ်

ဆော်ဒီ နိုင်ငံ ၏ အလုပ်သမား ၀န်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှူ့ စနစ်


Tawuniya အာမခံကဒ်ပြားလေ ကို အဆင့်အမျိုးမျိုးခွဲထာပါတယ်။ ဒီကဒ်ပြားကတော့ Class 1 ပါ။ ဒီထက်အဆင့်မြင့်တာတွေလည်း ရှိပါတယ်။ သက်တမ်းကုန်ဆုံးရက်ကိုလည်းထည့်သွင်းထားပါတယ်.


အခု မြင်နေရတဲ့ ကဒ် လေးကတော့ ကျန်းမာရေး အာမခံ ကုမ္ပဏီ က ထုတ်ပေးထားတဲ့ အလုပ်သမားများအတွက် ကျန်းမာရေးအာမခံ ကဒ် ပြားလေးပါပဲ။

ကျန်းမာရေးကုန်ကျစရိတ်တွေကို အလုပ်ရှင် ဘက်က ၈၀% ကျခံပေးပါတယ်။ ကယကံရှင် အလုပ်သမား ဘက် ကတော့ ၂၀% ကျခံစေပါတယ်။

ဆော်ဒီ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့  စနစ်ကတော့ အလွန်ကောင်းပါတယ်။ ဆေးဝါး တွေကလည်း အဆင့်အတန်းမှီပါတယ်။ ဆေးပေးခန်း ၊ ဆေးရုံတွေကလည်း အလွန်ခေတ်မှီ သန့် ပြန့် ပါတယ်။

ထို့ အတူ ဆေးဖိုးဝါးခ စရိတ်ကလည်း အလွန် မြင့်မားလှပါတယ်။

အလုပ်ရှင်က ၈၀% တာဝန်ယူထားတာတောင် ကုန်ကျစရိတ်က သိသိသာသာ ကို များလှပါတယ်။


ဆရာဝန် အများစုကတော့ အီဂျစ် နိုင်ငံကဖြစ်ပါတယ်။ ပြီတော့ . အိန္ဒိယ နှင့် အခြားကုလားတိုင်းပြည်တွေ ကဆရာဝန်တွေလည်း ရှိပါတယ်။
သူနာပြုအများစုကတော့ အိန္ဒိယ နဲ့ ဖိလစ်ပိုင် ကဖြစ်ပါတယ်။ မြန်မာ လူမျိုး သူနာပြု အနည်းငယ်သာရှိပါတယ်။

ဝေဒနာ တစ်ခုခု ခံစားရရင်တော့ . အင်္ဂလိပ်လို ရေရေလည်လည် ပြောတတ်ဖို့ လိုအပ်ပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ . ဝေဒနာ တခြား ဆေးတခြား ဖြစ်တတ်လို့ ပါ။

ဘာပဲဖြစ်ဖြစ် ဆော်ဒီ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှူ့ ကတော့ အဆင့်မြင့်ပြီး ကောင်းမွန်လှပါတယ် ။

အာမခံကဒ်ပြားလေးကို ကြည့်ပြီးတော့ ဒီလို ၀န်ထမ်း ကျန်းမာရေး ကို စရိတ်မျှပေးတဲ့ စနစ်မျိုး ငါတို့ မြန်မာပြည်မှာရှိရင်လည်း ကောင်းမှာပဲ လို့ တွေးမိပါတော့တယ်။

Monday 18 October 2010

ဝါလကင်းလွတ် သီတင်းကျွတ်

ဝါလကင်းလွတ် သီတင်းကျွတ်


ထိန်ထိန်လင်းကာ အလှဆင်မည်း မီပုံးလေးများ

သီတင်းကျွတ် ဟု ဆိုလိုက်လျှင် ကလေး ဘ၀ ကတည်းက စည်ကားလှသောမီးထွန်းပွဲတော်များ ၊ ပျော်စရာကောင်းလှသော မီးရှူးမီးပန်းများ ၊ ပျော်ပွဲရွင်ပွဲ ဇာတ်ပွဲ စတိတ်ရှိုးများ ၊ ထို့ နောက် ခမ်းနားလှသော မင်္ဂလာဆောင် အလှူပွဲများ စသည့် ပွဲလမ်းသဘင်တို့ နှင့် ပြည့်နှက် လျက် ရှိသော ပျော်စရာကောင်းဆုံး လ ဟု သိနားလည်ထားပါသည်။
ဤ လ သို့ ရောက်တိုင်း သီတင်းကျွတ်ပြယုဂ် အဖြစ် အိမ်တိုင်းတွင်လည်း ရောင်စုံမီးပုံးလေးများ ထိန်ညီးစွာ ထွန်းညှီထားကြသည်။

ထို့ ပြင် ရွှေတိဂုံဘုရား ကြီးမှ နှင့်တကွ ရန်ကုန်မြို့ ရှိဘုရားပုထိုးစေတီများတွင်လည်း ဗုဒ္ဓပူဇနိယ ပွဲတော်များ ဖြင့် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကြိတ်ကြိတ်တိုး ကျင်းပကြသည်။

သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသခင်သည် မိမိအား မွေးကျေးဇူးရှိခဲ့သော မယ်တော် မိ နတ်သားကို ကျေးဇူးဆပ်သည့် အနေဖြင့် တာဝတိံသာနတ်ပြည်တွင် ဓမ္မစင်္ကြာတရားဟောကြားအပြီး လူ့ ပြည်သို့ ပြန် အကြွ တွင် နတ်ဗြဟ္မာ များက ရွှေစောင်းတန်း ငွေ စောင်းတန်း ပတ္တမြားစောင်းတန်း စသည်ဖြင့် စောင်းတန်းသုံးသွယ်ဖြင့် ပူဇော်ကြသလို ၊ လူ့ ပြည်မှ ရဟန်းရှင်လူ ပြည်သူများကလည်း ဆီမီးရောင်တထိန်ထိန် ဖြင့်ထွန်းညှီ ပူဇော်ကြသည်ကို အစွဲပြု ရွေ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွဲ ခဲ့ကြသည်။

မြတ်စွာဘုရား တာဝတိံသာ မှ ပြန်လည်ကြွချီတော်မူခန်း

ထို့ ပြင် ဗုဒ္ဓဘာသာရဟန်းတော်များအတွက် မိုးတွင်းအခါ ၀ါတွင်းကာလ များတွင် သက်ဆိုင်ရာ ကျောင်းတိုက်များ ၌ ၀ါဆိုခြင်းအမှူ့ ကို ပြုပြီးနောက် ယခုလို သီတင်းကျွတ်တွင် ၀ါဆိုခြင်း ပြီးမြောက် သည့်အတွက် ၀ါလကင်းလွတ်သီတင်းကျွတ် ဟု ဆိုကြသည်။



မြန်မာတို့ ၏ ချစ်စရာ ရိုးရာယဉ်ကျေးမှူ့ တွင်လည်း သီတင်းကျွတ် လတွင် မိမိထက် အသက် ၀ါ ကြီးမြတ်သူများကို ဤလတွင် လက်အုပ်စုံမိုးကာ ရှိခိုး တောင်းပန်ကြရင်း အပြစ်တို့ ကို ခွင့်လွတ်ကျေအေး စေပါသည်။ လူကြီးသူမ များကလည်း ထိုသို့ လာရောက် ဂါရ၀ ပြုရှိခိုးကန်တော့ကြသည့် လူငယ်များကို စိတ်ပျော်ရွင်စေရန်ရည်စူးပြီး အသပြာမုန့် ဖိုးများ ပေးကမ်းစွန့် ကြဲကြသည်။



အထူသဖြင့် ကျောင်းသားလူငယ်များအတွက် သီတင်းကျွတ်ကျောင်းပိတ်ရက်ကြီးတွင် စိတ်လွတ်လက်လွတ်အေးချမ်းစွာပျော်ပါးနိုင်ပေပြီ ။ လူကြီးမိဘများက ပေးကမ်းသော မုန့် ဖိုးငွေများဖြင့် ပွဲလမ်းသဘင်များတွင် စိတ်တိုင်းကျ ဖောဖောသီသီ သုံးစွဲနိုင်ကြပေသည်။ ထိုကာလသည် ကလေးများအတွက် လွန်စွာပျော်ရွင်စရာကောင်းသော လ ဟုဆိုရပေမည်။

ပျော်စရာကောင်းတဲ့ ကလေးဘဝ

ကျွန်တော် ငယ်စဉ်ကလည်း သီတင်းကျွတ် ကို လွန်စွာတမ်းတသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းများက ပထမအစမ်းစာမေးပွဲကြီး ပြီးဆုံးသဖြင့် ဆယ်ရက်ကျော်ခန့် ကျောင်းပိတ်သည့်အတွက်ကြောင့်ဖြစ်သည်။ ကလေးသဘာဝ အရ မီးရှူးမီးပန်းလွတ်ခြင်း ၊ ပွဲလမ်းသဘင် သွားခြင်းတို့ ကိုလည်း လွန်စွာ ၀ါသနာထုံသူဖြစ်သည်။



ကျွန်တော် တို့ သူငယ်ချင်းတစ်သိုက်သည် ပိုက်ဆံစုကာ မီးပုံးများ ၀ယ်ကြကာ . ည အခါတွင် မီးစာ မှိုင်းတိုက် ပြီး ကောင်းကင်ယံသို့ လွင့်တင်ကြသည်။ ဂျွတ်ဂျွတ်အိတ်ဖြင့် ပြုလုပ်ထားသောမှိုင်းဝ နေသည့် မီးပုံးပျံလေးများ ကောင်းကင် တွင် ၀င့်ကြွားစွာ တလွင့်လွင့် တက်သွားသည်ကို ကြည့်ကာ ပျော်မဆုံး မော်မဆုံး ဖြစ်ကြသည်။ လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက် မြူးထူးကြသည်။

သို့ သော် တခါတရံ လွင့်တင်လိုက်သည့် မီးပုံးပျံများသည် ကောင်းစွာမှိုင်း မ၀ လျှင်သော် ၄င်း ၊ လေတိုက်နှူန်း မမှန်လျှင်သော် ၄င်း ကောင်းကင်ယံသို့ လွတ်လွတ်ကျွတ်ကျွတ်မတက်နိုင်ပဲ . တိုက်ခေါင်မိုးများ ၊ သစ်ပင် များနှင့် ငြိကာ မီးလောင် ပျက်စွား သွားတတ်သည်။ ထို အခါမျိုးတွင် လည်း လွန်စွာ နှမြောတသ ဖြစ်ကြရသည်။



လူကြီးများကမူ မီးပုံးပျံလွတ်ခြင်းကို သိပ်မကြိုက်ပေ ။ မီးဘေးအန္တရာယ် ရှိသည် ဟု ဆိုကြသည်။ ထရံကာ ဓနီမိုး တဲအိမ်များ အတွက် မီးပုံးပျံလေးများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။





သီတင်းကျွတ်တွင် နောက်ထပ်ပျော်စရာ ကောင်းသည်မှာ ဗျောက်အိုးဖောက်ခြင်း ၊ ရှူးဒိုင်း ဟုခေါ်သည့် မီးရှူးများ ၊ ကောင်းကင်ယံတွင် မီးပွားရောင်စုံများ ဖွာကနဲ ဖျာသွားသော မီးရှူးပန်းများ ပစ်ဖောက်လွင့်တင်ခြင်းဖြစ်သည်။ ရောင်စုံမီးပန်းများကို လက်တွင်ဝှေ့ ယမ်းကာ ပျော်မြူးခဲ့ဖူးသည်။ မာကျူရီ ဟုခေါ်သည့် လွန်စွာ အားကောင်းသော မီးပန်းတမျိုးကို အချိန်အတန်ကြာအောင်မီးညှိရသည်။ ပြီးနောက် ရာဘာဖိနပ် ဖြင့် တဖောင်းဖောင်းမြည်အောင် ရိုက်ကြရသည။်

ယမ်းသေနတ် များ တဒိုင်းဒိုင်း ပစ်ကာ ပေသီး များ တဖောင်းဖောင်းဖြင့် စစ်တိုက်တမ်း လည်း ကစား ဖူးသည်။

စစ်တိုက်သည့်အခါ ဇာတ်လိုက်မင်းသား လုပ်သူသည် ဘယ်တော့မှ မသေစေရ ။ အခြားသူများသာ သေ ရမည် ဟု စည်းမျဉ်းထုတ်ထားသည်။

မင်းသား လုပ်ချင်သော သူသည် ကောက်ညှင်းပေါင်းကျွေးရသည်။ လက်ဖက်ရည် အ၀ တိုက်ရသည်။ ကျွန်တော်သည် အမြဲလိုလို လူကြမ်းသာ လုပ်ရသည်။

မုန့် ဖိုးကို ချွေတာသည့်အနေဖြင့် ၄င်း ၊ သူများကျွေးတာ စား ချင်သည့်အတွက်ကြောင့် ၄င်း လူကြမ်းအဖြစ် ကို ကျေနပ်စွာခံယူရလေသည်။


ချိန်ကိုက်ဗုံး အလား တရုတ်နီ စွမ်းအား


ဖောက်ဖွဲရေး တပ်သား လေး ရဲ့ တရုတ်နီ ဗျောက်အိုး

မှတ်မိပါသေးသည်။ သူငယ်ချင်းတသိုက် လမ်းထိပ်က ပန်းခြံများတွင် အတွဲများကို အထိတ်တလန့် ဖြစ်အောင် ဗျောက်အိုးလေးများဖြင့် ကျီစား ကြသည်။ တရုတ်နီ ဟုခေါ်သော အလွန် အသံကျယ်သည့် ဗျောက်အိုး ၏ စနစ်တံလေးကို အမွေးတိုင်တုတ်တွင် ပူးကပ်ပြီး အပ်ချည်ကြိုးနှင့် ချည်သည်။ အမွေးတိုင် က တဖြည်းဖြည်းမီးလောင်ပြီး တိုလာလျှင် . ဗျောက်အိုး စနစ်တံ ကို မီးကူးစေရန်စီမံထားခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက ကိုယ့်ဘာသာကိုယ် ဖောက်ခွဲရေး တပ်သား ဟု အပျော် သဘောဖြင့်နာမည်ပေးကာ ပန်းခြံထောင့် ရှိ စုံတွဲ ထိုင်ခုံအောက်တွင် အမွေးတိုင်ကို မသိမသာ မီးညှိပြီး စိုက်ထားလိုက်သည်။ ထိုစဉ်ကတည်းက ချိန်ကိုက်ဗုံး ၏ သဘောသဘာဝ ကို နားလည်ထားပါသည်။



သိပ်မကြာပါ။ လမ်းထဲမှ လူပျိုကြီး ကိုတင်မောင် နှင့် ကျောင်းဆရာမ မသိန်းမြ တို့ ချိန်းတွေ့ ကြသည်။ မသိန်းမြ သည် ဆရာမ ပီပီ လွန်စွာ မှ အသံကျယ်သည်။ ကိုတင်မောင်ကလည် လူပျိုကြီးပီပီ လွန်စွာ အရှက်ကြီးသည်။ သူတို့ နှစ်ယောက် ကြိုက်နေကြောင်းကို အမြဲလိုလိုသိုသိပ်တတ်သည်။ ယခုလည်း မှောင်ရိပ်သန်းချိန်တွင် လမ်းထိပ်ပန်းခြံထဲတွင် ခေတ္တခဏ ၀င်ရောက်ကာ ချိန်းတွေ့ ကြခြင်းဖြစ်သည်။ ဒီနှစ် သီတင်းကျွတ် လျှင် လက်ထပ်ရန်စီစဉ်ထားသည်။



မရည်ရွယ်ပဲ ပစ်ကွင်းထဲရောက်လာသော စုံတွဲ အတွက် ကျွန်တော်တို့ ၏ ဖောက်ခွဲရေး ပစ္စည်းကလည်း ချိန်သားကိုက်ပင် လှူပ်ရှားလာသည်။ လေအေ၀ှ့  တွင်အငွေ့ တလူလူဖြင့် မီးတောက်နေသော အမွေးတိုင်ကို ချစ်စ ခင်စ ချစ်သူနှစ်ဦးကမူ မိုးမမြင် လေမမြင် ဖြစ်နေသည်။ ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေကြပုံများသည် တကယ့်ကို ဆယ်ကျော်သက် လူငယ်စုံတွဲ လေးများအတိုင်းပင် ။



ရင်တမမ ဖြင့် ပုန်းကွယ်ကာကြည့်နေသော ကျွန်တော်တို့ သူငယ်ချင်းများသည် ဆရမ မသိန်းမြ ၏ အသံဝါ ကြီးကို မရဲတရဲ နားစွင့်နေကြသည်။



တအောင့်မျှအကြာတွင် . ဒိုင်း .. ဟူသော ဗျောက်အိုး ကွဲသံနှင့် အတူ . အမလေး ဘုရားကြီး ငုတ်တုပ်ကြွ ဟူသော ဆရာမလေး၏ ကျယ်လောင်သည့် အာမေဋိတ်သံကြီးကိုလည်း ကြားလိုက်ရသည်။ ယမ်းငွေ့ တဝေေ၀ ထဲတွင် ဆရာမလေး၏ ကြောက်လန့် တကြား ဖြင့် သူ့ ချစ်သူ လူပျိုကြီးကို ဖက်ထားပုံမှာတကယ့်ရုပ်ရှင် ထဲကအတိုင်းပင်။

တဆက်တည်းမှာပင် . ရှက်ရမ်း ရမ်းကာ . ဟို ကြည့်ဒီကြည့်ဖြင့် တရားခံရှာနေသော လူပျိုကြီး ၏ မကျေမချမ်း ရေရွတ် သံကိုလည်း အတိုင်းသားကြားနေရသည်။



ပန်းခြံထောင့် တွင် ရပ်ထားသော ကား တစ်စီးနောက်ကွယ်မှ ကလေး တသိုက်ကမူ အဆိုပါ မြင်ကွင်းကို အူတက်မတက် တခွီးခွီးဖြင့် ရယ် နေကြသည်။



ဒီလို ကိစ္စမျိုးကို အိမ်က လူကြီးတွေကိုလည်း ပြန်တိုင်လို့ ရမည် မဟုတ်ပေ။ ဒေါသဖြင့် ထိုင်ခုံအောက်မှ အမွေးတိုင်ကလေးကို ခြေဖြင့် တဖုန်းဖုန်း နင်း နေသော လူပျိုကြီး ကိုတင်မောင်ကို ယနေ့ အထိ မျက်စိ ထဲတွင်မြင်ယောင်နေမိပါသည်။





လူ့ သဘာဝ သည် သူတပါး ဒုက္ခရောက်အောင် ချောက်တွန်း လိုက်ရမှ ပျော်ရွင်ပါသည်။ ကလေးသဘာဝ အရ အပျော်သဘောဖြင့်သာ စ.နောက် ကြခြင်း သာဖြစ်သည်။ မည်သို့ မျှ ထိခိုက်နစ်နာစေရန် မရည်ရွယ်။ အဖြူထည် စိတ်ဖြင့် အပျော်ရှာခြင်းသာဖြစ်သည်။ သို့ သော် မိမိကြောင့် ယခုလို ကြောက်လန့် တကြား ဖြစ်သွားလျှင်တော့ လွန်စွာ သဘောကျ ကြောင်းဝန်ခံရပါမည်။



သီတင်းကျွတ် သည် ပွဲလမ်းသဘင်များဖြင့် ပြည့်နှက်နေသော လ ဖြစ်သည်။



ကျွန်တော်တို့ ငယ်စဉ်တုန်းက . သီတင်းကျွတ် ရေကျော် ဈေးပွဲတော်သည် လွန်စွာမှ စည်ကားသည်။ အနယ်နယ် အရပ်ရပ်မှ . ပွဲတော်လာသူများနှင့် စည်ကားလှသည်။ ဇာတ်ပွဲသဘင်ကြီးများ ၊ စတိတ်ရှိးများ ၊ မျက်လှည့်ပွဲများ ၊ ကို ပွဲဈေးတလျှောက် မမောတမ်း လိုက်ကြည့်ရသည်။ လမ်းလျှောက်ရတာ မော လာလျှင် ကြံရည်သောက်ကြသည် ၊ ရေမုန့် စားသည်။ ကောက်ညှင်းကျည်တောက်စားကြသည်။
ထိုစဉ်က နာမည်ကြီးသော ပုလင်းစိန် ၊ ဇလုံစိန် ၊ ဖန်ခွက်စိန် ဇာတ်အဖွဲ့ မျာ ၊ သစ္စာမေတ္တာ ရွှေမန်းသဘင် ဇာတ်အဖွဲ့ များ ၏ ဇာတ်ပွဲ မစမီတွင် ဇာတ်ရုံထဲသို့ ဝင်ကြည့် ကြသည်။ အိမ်က လူကြီးမိဘ များက ညဥ့်နက် ဇာတ်ပွဲ မကြည့်ရဟု အမိန့် ထုတ်ထားသဖြင့် ထို မျှနှင့် သာ တင်းတိမ်ရတော့သည။်


Merry-go-round ဟုဆိုသည့် ကားပုံစံ မြင်းပုံစံ ကလေးစီး မြေရှပ်ရဟတ်လေးများကို မလွတ်တမ်းစီးမိသည်။ တကယ့်ကားကြီးကို ၊ မြင်းအစစ်ကြီးကိုစီးသလို ပါးစပ်မှလည်း .. ကား စက်သံ ၊ မြင်းမောင်းသံများ တကြော်ကြော်အော်လေသည်။ .. ၀ူး..၀ူး... တီတီ ..... ဟော့ မြင်းကြီးလားပြီကွ..ဖေ့သားကြီး ဟိုင်း၇ား..

Big Wheel ဆယ့်နှစ်တွဲ ချားရဟတ်များ

သီတင်းကျွတ် ပွဲဈေး ၏ အထင်ရှားဆုံး ပြယုဂ်ဖြစ်သည်။. ဆယ်နှစ်တွဲ ရဟတ် ဟုခေါ်သော အလွန်ကြီးမားသည့် ချားရဟတ်ကြီးများကို လူတိုင်း စီးဖူးကြပေမည်။ မီးချောင်းရောင်စုံများဖြင့် အလှ ဆင် ထားသော ချားရဟတ်ကြီးသည် အောက်မှ ကြည့်နေသူများကို လာလှည့် စီးလှည့် ဟု ဖိတ်ခေါ်နေသယောင် ။



ချားရဟတ်ကြီးသည် အခု ချက်ချင်း ဟိုး အမြင့်ကြီးကို တက်သွားလိုက် ၊ ချက်ချင်းပင် ပြန်ကျ လိုက်ဖြင့် အသည်းအေး စရာ ကောင်းလောက်အောင် ရင်ထဲကို တလှစ်လှစ် ဖြစ်ရသည်။ ဤ သည်က ချားရဟတ်စီးခြင်း ၏ အရသာ ပင်ဖြစ်သည်။ ကလေးဘ၀တုန်းကတော့ တစ်ခါ စီးပြီးသည်နှင့် ကြူကြူပါအောင် ငို လေသည်။ ရင်ထဲတွင် လှပ် ခနဲ အေးခနဲ ဖြစ်သွားသယောင် ၊ အောက်ကို ပြုတ်ကျတော့မယောင် အသည်းအေးစဖွယ် ကြောက်စရာကြီးဟု ထင်မှတ်ခဲ့ဖူးသည်။

နောင်သော် . အဆိုပါ အသည်းအေး ကနဲ ဖြစ်သွားတာကိုပင် အရသာ ခံကာ စီးချင်နေမိသည်။ ထို့ ပြင် ရဟတ် မောင်းသည့် လူများကိုလည်း စိတ်ဝင်စားမိပါသည်။ သန်စွမ်းဖျတ်လတ်ခြင်း ၊ လက် ၏ မြဲမြံခြင်း ကို အားပြုကာ ရဟတ်တစ်စီးမှ တစ်စီးသို့  လူးလာပြေးလွှားနေကြသည်။ ရဟတ် အရှိန်ကိုလည်း အနှေး အမြန် လို သလို ပင် ချိန်ညှိနိုင်ကြသည် ။ တခါတရံပြုတ်ကျတော့မယောင် . အသည်းယား စရာ ဘားကျွမ်း ဆပ်ကပ်များပြနေသည်ဟုပင် ထင်ရလောက်အောင် ကြည့်ကောင်းလှပါသည်။



ချားရဟတ် စီးခြင်းသည် ကြည့်တတ်လျှင် လွန်စွာ တရားကျ ဖို့ ကောင်းသည်။ အတက် အကျ လွန်စွာမြန်ဆန်လှသည်။ လူ့ ဘ၀ ဆိုသည်ကလည်း ကြမ္မာရဟတ် ၏ စေစားရာ ကို ခံကြရသည် မဟုတ်ပါလား ။ အမြင့်ကိုရောက်လျှင်လည်း ခဏ ၊ မကြာခင် ပြန်ကျ ပေမည်။ အောက်အနိမ့် ဆုံးကိုရောက်လျှင်လည်း ခဏ . မကြာခင် ကြိုးစားမှူတွန်းအားများဖြင့် ပြန်တတ်ပေမည်။ ဤသည်က ကြမ္မာရဟတ် ဥပမာ ပင်ဖြစ်ပေသည်။



ကမ္ဘာကျော်မည့် စိတ်ကူး (သို့ ) လျှပ်စစ်မဲ့ . ချားရဟတ်ကြီး

လွန်ခဲ့သောလ က စင်ကာပူ နိုင်ငံရှိ သူငယ်ချင်းတစ်ဦးက . ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးကို စီးကာ ဓာတ်ပုံများ ရိုက်ပြီး လှမ်းကြွားလိုက်သည်။

ရန်ကုန်မြို့ ရှူခင်းသာ တွင်ရှိသော ချားရဟတ်ထက် လွန်စွာကြီးမားပါသည် ဟု ဆိုလေသည်။ ပတ်ဝန်းကျင်ရှခင်းများလည်း လွန်စွာလှပပါသည်။



သို့ သော် ကျွန်တော့် အတွက်မူ . ငယ်စဉ်က ဘုရားပွဲတွင်စီးရသော လူ အား ဖြင့် လည်ပတ်သည့် ချားရဟတ်ကိုသာ နှစ်သက်သဘောကျမိပါသည်။



စင်ကာပူ နိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး ချားရဟတ်ကြီးသည် . လျှပ်စစ်ဓာတ်အား ဖြင့်သာ လည်ပတ်နေရပါသည်။ သို့ သော် သီတင်းကျွတ်ဘုရားပွဲဈေးရှိ ချားရဟတ်ကမူ မည်သည့် လျှပ်စစ်ဓာတ်အားမှ မလိုအပ်ပေ ။ လူ ၏လုပ်အားသာ လိုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အခြေအနေနှင့်လွန်စွာ ကိုက်ညီပါသည်။



ယနေ့ ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်းအင် ချွေတာသော နေရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံသည် ထိပ်တန်းအဆင့်တွင်ရှိသည်။ လွန်စွာချွေတာသော နိုင်ငံဖြစ်ကြောင်း စာဖွဲ့ ရန်မလို ။



ထို့ ကြောင့် ကျွန်တော် စဉ်းစားမိသည်က . စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး ချားရဟတ်ကြီးကို . လျှပ်စစ် ဓာတ်အားဖြင့် မလည်ပတ်စေပဲ . မြန်မာနိုင်ငံမှ "ဒိုးကလေး" ချားရဟတ်အဖွဲ့ မှ လူများဖြင့် လည်ပတ်စေမည်။ ပြီးလျှင် . ကမ္ဘာ့ ပထမဦးဆုံး လျှပ်စစ်မဲ့ . ချားရဟတ်ကြီး ဟု ကြော်ငြာကာ ဂရင်းနစ် စာအုပ်ထဲတွင် မှတ်တမ်း ၀င်စေမည်။ .Green city . Green environment ဟုကြွေးကြော်နေသော စင်ကာပူနိုင်ငံသည် ယခုလို လျှပ်စစ်ဓာတ်အား ချွေတာရေး အစီအစဉ်ကို ပြုလုပ်စေချင်သည်။ နေ့ ချင်းညချင်း ကမ္ဘာကျော်စေမည့် . လျှပ်စစ်ချွေတာရေး ဗျူဟာ အသစ်ဟုဆိုချင်ပါသည်။



စင်ကာပူနိုင်ငံ၏ အထင်ကရ Great Wheel

သီတင်းကျွတ်မီးထွန်းပွဲတော်၏ အမှတ်အသားဖြစ်သော မီးပုံးလေးများကိုလည်း ငယ်စဉ်က အမြဲပူဆာတတ်သည်။ ရောင်စုံ ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော တွန်းလှည်း မီးပုံး လေးများသည် လွန်စွာချစ်စဖွယ်ဖြစ်သည်။ ကလေးတို့ ၏ အသည်းကျော် လည်းဖြစ်၏။ ထို့ ပြင် အိမ်တိုင်းလိုလိုပင် အလှချိတ် မီးပုံးလေးများ ထွန်းညှိထားတတ်ကြသည်။

မြင်သာမြင် မကြင်ရသော သီတင်းကျွတ် မုန့် ဖိုး

ပွဲတော်ရက်မတိုင်ခင်ကပင် လူကြီးမိဘများက . ဆွေမျိုးထဲရှိ သက်ကြီးဝါကြီး ပုဂ္ဂိုလ် များကိုသွားရောက် ဂါရ၀ပြု ရှိခိုးကန်တော့ကြသည်။ ထို့ နောက် . အဘိုးအဘွား ဦးကြီး အဒေါ်တို့ က . ကျွန်တော်တို့ ကလေး များကို မုန့် ဖိုးများပေးလိုက်ကြသည်။



ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် ထို သို့ သီတင်းကျွတ်တွင်ရသောမုန့် ဖိုးများကို လွန်စွာတန်ဖိုးထားပါသည်။



အကြောင်းဆိုသော်.. ကျွန်တော်တို့ မိဘများသည် အခြားသော မိဘများနှင့်မတူသော လွန်စွာထူးခြားသည့်အယူအဆတစ်ခုရှိသည်။



ကလေး ဆိုတာ ငယ်ငယ်ရွယ်ရွယ်နှင့် ပိုက်ဆံ ကိုင်သုံးရင် ပျက်စီးတတ်သည်ဟု ဆိုသော အယူအဆကြီးကို လက်ခံကျင့်သုံးကြသောကြောင့်ဖြစ်သည်။



ထို့ ကြောင့် သူငယ်တန်းမှ . အထက်တန်း ရောက်သည့် အထိပင် မုန့် ဖိုး ဟူ ၍ သတ်မှတ်ပြီးပေးလေ့ မရှိပေ။ နေ့ စဉ်ဆိုသလိုပင် အမေသည် ရုံးမှ ပြန်လာတိုင်း သူ့ သားနှစ်ယောက်အတွက် မုန့် များ တနေ့ တမျိုးမရိုးအောင် ၀ယ်လာတတ်သည်။ မိဘ က ၀ယ်ကျွေးသောမုန့် သည် အန္တရာယ်ကင်းသည် ဟုဆိုလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပိုက်ဆံသုံးလျှင် ပျက်စီးလွယ်သည် ဟုလည်း မကြာခဏ ပြောလေ့ရှိသည်။



ကျောင်းစရိတ်များ ၊ စာအုပ်ဖိုးစသည့် အထွေထွေကုန်ကျစရိတ်ရှိလျှင် အကျိုးအကြောင်းပြောကာ တောင်းရသည်။ အကြောင်းပြချက်မရှိပဲနှင့် မုန့် ဖိုး ဟူသော ခေါင်းစဉ်တပ်ကာဘယ်တော့မှ မပေးချေ။ ထို့ ကြောင့် . ငယ်စဉ်ကတည်းက အခြားသူများကမေးသော ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးအတွက် လွန်စွာ အဖြေရခက်သော မေးခွန်းတစ်ခုရှိလေသည် ...



သား တို့ တစ်နေ့ ကို မုန့် ဖိုး ဘယ်လောက် ရသလဲ ဟူသောမေးခွန်းဖြစ်သည်။



ထို့ ကြောင့် ယခုလို သီတင်းကျွတ်လများတွင် ဆွေမျိုးများ ၊ အဖိုးအဖွားများက မုန့် ဖိုး များဖောဖောသီသီပေးလျှင် လွန်စွာပျော်သည်။ စားချင်တာကိုဝယ်စား ။ ၀တ်ချင်တာကိုဝယ် ၀တ်နိုင်သည်။



ဒါကိုလည်း အဖေနှင့်အမေက သိပ်သဘောမကျချင်ပေ။ လူကြီးများက ပေးလို့ သာ ဘာမှ ၀င်မပြောသော်လည်း . ဆွေမျိုးများကို ကန်တော့အပြီး အိမ်အပြန် ကားပေါ်တွင် . အမေ က ရသမျှသော မုန့် ဖိုးများကို သိမ်းတတ်သည်။ ထို မုန့် ဖိုးများကိုလည်း . သားတို့ တနေ့ ကြီ၊းလာလျှင် ပြန်ပေးမည် . ယခု ခဏ သိမ်းထားပေးမည် ဟု ဆိုကာ သိမ်းတတ်သည်။ ထို့ ကြောင့် ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက်အဖို့ သီတင်းကျွတ် မုန့် ဖိုး အများစုသည် မြင်သာမြင် မကြင်ရဟု ဆိုလျှင် မှားမည် မထင်။



အဲဒီ ကန်တော့လို့ ရတဲ့ မုန့် ဖိုးတွေ ဘယ်တော့ပြန်ပေးမှာလဲ အမေ ဟု မေးလျှင် . သားတို့ အသက်ကြီးလို့ မိန်းမ ရလျှင် ပြန်ပေးမည်ဟု ဆိုလေသည်။ ပြီးလျှင် ကိုယ် စုထားသော ပိုက်ဆံကို ဘယ်ရွေ့ ဘယ်မျှ ရှိကြောင်းမှတ်ထားရသည်။ ကျွန်တော် မှတ်မိသည်က . အမေ့ ထံတွင် စုထားငွေ သုံးထောင် ကျော်မျှ ရှိပေမည်။ လက်ဖက်ရည် တစ်ခွက် တစ်ကျပ် ၊ မုန့် ဟင်းခါးတစ်ပွဲ နှစ်ကျပ် သာ ပေးရသော ခေတ်တွင် ကျွန်တော် ၏ စုငွေသည် သုံးထောင်ကျော်မျှရှိပေမည်။



(၀န်ခံချက် :: အမေ့ စကားအတိုင်းဆိုလျှင် ထိုငွေများသည် .ကျွန်တော်.. မိန်းမ ရသော နေ့ တွင် ပြန်ရဖွယ်ရာ ရှိသည်။ သို့ သော် ယခုအထိတော့
ရဖို့ လမ်း မမြင်မိသေးပါ..)



သို့ သော် . ညီလေးကတော့ ရသည့်မုန်းဖိုးများကို ဒီလို သိမ်းတာ သိပ်မကြိုက် . လက်မခံချင်။ သား ဘာသာ .. သိမ်းတတ်တယ် ဟု ဆိုကာ ဘူး ခံပြီး ငြင်း လေသည။်



ဒီလို ကိစ္စ မျိုးဆိုလျှင် အငယ်ကောင်လေးက ကျွန်တော့်ထက် ပိုမို လက်စောင်းထက်သည်။ ကြာသော် . အမေ လည်း လက်လျော့ကာ . သီတင်းကျွတ်မုန့် ဖိုး သိမ်း ခြင်း အမှူကို စွန့် လွတ် လိုက်ရလေသည်။

ထို့ ပြင် ကျွန်တော်တို့ ဆွေမျိုးများ ၏ သီတင်းကျွတ်မုန့် ဖိုးပေးသည့် အစဉ်အလာ တရပ်လည်းရှိသေးသည်။ လူကြီးများက ကလေးများကို မုန့် ဖိုးပေးရာတွင် အသက် အရွယ် နှင့် မတိုင်းတာ မသတ်မှတ် ။ ကန်တော့သည့် သူသည် အိမ်ထောင်ပြုပြီးသား ဖြစ်နေလျှင် မုန့် ဖိုးပေးခြင်း အမှူ့ ကို မပြုတော့ချေ။ အိမ်ထောင်ကျလျှင် လူကြီး ဟု သတ်မှတ်သည်။ ထို့ ကြောင့် အချို့ သည် အရွယ် ငယ်ပါလျက်နှင့် စောစီးစွာ အိမ်ထောင်ကျသည့်အတွက် သီတင်းကျွတ်မုန့် ဖိုးများ မရကြတော့ချေ။ အချို့ ကမူ အတော်အတန် အသက်ကြီးသည့်တိုင် အိမ်ထောင်မကျသေးသည့်အတွက် ကလေး ဟူသော ခေါင်းစဉ်အောက်တွင်ရှိကာ မုန့် ဖိုးများ ရလေသည်။



သီတင်းလည်း ကျွတ်ပေါင်းများလှပြီ

ဝါလကင်းလွတ် သီတင်းကျွတ်လသည် . ကလေးများအတွက်သာ ပျော်ဖွယ်ရာ မဟုတ် ။ မေတ္တာမျှနေသူ များ နှင့် မင်္ဂလာပွဲ ဆင်မြန်း ကြမည့်သူများအတွက်လည်း ရင်ခုန်ဖွယ်ရာကောင်းသောလ ဖြစ်သည်။


ပျော်ရွင်စရာမြန်မာ့ရိုးရာ မင်္ဂလာပွဲ တစ်ခု


မြန်မာ့ရိုးရာ ဓလေ့အရ . ၀ါတွင်းကာလတွင် မင်္ဂလာဆောင် ၊ အိမ်ထောင်ပြုခြင်းအမှူ့ ကို မပြုစကောင်း ပေ။ ယခုလို ၀ါကျွတ်သည့်အခါမှသာ ပြုလုပ်လေ့ရှိကြသည်။ ထို့ ကြောင့် သီတင်းကျွတ်ပြီဆို သည်နှင့်တပြိုင်နက် ဟိုတယ် များ ၊ ဘုန်းကြီးကျောင်းများတွင် မင်္ဂလာဆောင်များ တစ်ပွဲပြီးတစ်ပွဲ ပင်။



ထို့ အတူ . တစ်ကိုယ်တည်း အပျိုကြီးများ ၊ ဂေါ်မစွံလူပျိုကြီးများ အတွက်လည်း ကြိမ်မီးအုံးသလို အမေးခံရသော မေးခွန် တစ်ခုရှိလေသည်။



အပျိုကြီးရေ သီတင်းကျွတ်တော့မယ်နော်။ ဘာမှ အကြောင်းမထူးသေးဘူးလား ...


ဟော့ ..လူပျိုကြီး .. သီတင်းလည်း ကျွတ်ပေါင်းများပြီနော်။ ဘယ်တော့ စားရမှာလဲ ။ ကြိုးစားပါအုံး။


ထိုသို့ မေးလာလျှင်လည်း . စိတ်ဆိုး၍လည်းမဖြစ် ။ ရန်ဖြစ်လို့ လည်း မသင့်ပေ။



ထို့ ကြောင့် ရယ် ကျဲကျဲသာ နေကြသည်ကို တွေ့ ဖူးပေလိမ့်မည်။



မချိလို့ သွားဖြဲတာကို ရယ် တယ် လို့ မမှတ်ပါနှင့် ဟူသော ဦးပုည စာချိုးလေးအတိုင်းပင်။


ထို့ သို့ သော အပျိုကြီး လူပျိုကြီးများအတွက်မူ သီတင်းကျွတ်သည် သူများတကာလို.ပျော်စရာမကောင်းလှပေ။



မလုံခြုံ လို့ မစည်ကားတော့ သော သီတင်းကျွတ်ပွဲများ

ကျွန်တော့် အတွက်မူ သီတင်းကျွတ်သည် ငယ်စဉ်တုန်းကလောက် ပျော်စရာမကောင်းလှတော့ ဟု ခံစားမိပါသည်။ အကြောင်းကြောင်းကြောင့် ပွဲလမ်းသဘင်များကို ကျင်းပခြင်းမပြုတော့ ။ လုံခြုံရေးကြေင့် ပွဲမိန့် မပေး တော့ ဟု သိရပါသည်။

အော်.. ဘာဖြစ်လို့ များ မလုံခြုံပါလိမ့်နော်။ ဘယ်တော့များမှ သီတင်းကျွတ်မီးထွန်းပွဲလေးကို ပြန်မြင်ရပါလိမ့် ။

ကျွန်တော် ကြိုက်သော ချားရဟတ်ကြီးကိုလည်း မစီးနိုင်တော့ချေ။ ကျွန်တော် ကြိုက်သော ကောက်ညှင်းကျည်တောက် နှင့် ရေမုန့် ကိုလည် မမြည်းနိုင်တော့ပေ။

မိန်းမလျာ များ ကပြဖျော်ဖြေသော မိုးကြိုးဌက်ငယ်လေးများ စတိတ်ရှိုးလည်း မမြင်ရတော့ချေ။

ထို့ ပြင် ဗျောက်အိုးများ မီးရှူးဒိုင်းများ ပစ်ဖောက်ခြင်းကိုလည်း မပြုလုပ်ရဟု တာမြစ်ထားလေသည်။

ပျော်စရာ အပျော်များ မရှိတော့သည့်နောက် တွင် ကျွန်တော်သည် သီတင်းကျွတ်တွင် တန်ခိုးကြီးဘုရားများ ၏ ဆီမီးတစ်ထောင် ပူဇော်ပွဲများကို သာ အားသန်လျက်ရှိပါသည်။





ငယ်ငယ်တုန်းက အတူဆော့ ခဲ့သော ငယ်သူငယ်ချင်းများ ကလည် ယခုချိန်တွင် ရေကြည်ရာမြက်နု ရာသို့  တကွဲတပြားစီ ..

ကျွန်တော်ကမူ တမူထူးခြားစွာ. ရေလည်း မကြည် . မြက်လည်းမနုသော .ကန္တာရ ထဲတွင်သာ တစ်ယောက်တည်း ရောက်နေရပါသည်။

ထို့ ပြင့် အလိုက်မသိသော သူငယ်ချင်း အချို့ ကလည်း . ဟော့ကောင်ကြီး သီတင်းကျွတ်ပြီနော် ဟု အဓိပ္ပာယ် ပါပါ ပြောတတ်သည်။


သို့ ဆိုလျှင် ကျွန်တော်ကလည်း . အေးလေ.. သူ့ ဘာသာ သီတင်းကျွတ် တာ . ဘာဖြစ်လဲ ။ ငါ နဲ့ ဘာဆိုင်တာမှတ်လို့ . ဟု . ခပ်တည်တည် မသိချင်ယောင် ဆောင်ကာ ပြန်ပြောရပေါင်းလည်း မနည်းတော့ .ပေ။



ဆယ့်နှစ်လ ရာသီတွင် ဤ သီတင်းကျွတ် လ ရောက်မှပင် တိုက်တိုက်ဆိုင်ဆိုင် အဘယ်ကြောင့် . သီတင်းကျွတ်ပြီနော် ဟု ဆိုကြပါအံ့နည်း ။



အချုပ်အားဖြင့် ဆိုရပါမူ .. ယခုအထိတော့ . အမေ့ ဆီမှ ငွေသုံးထောင်ကို လည်း ပြန်ရဖို့ အကြောင်းက မပေါ်သေး ပါ။

လူကြီးများပေးသော မုန့် ဖိုးကိုလည်း ဆက်လက် ရယူနိုင်မည့် အခြေအနေ တွင်သာရှိပါသည်။

ထို့ ကြောင့် ယခု သီတင်းကျွတ်သည်လည်း ကျွန်တော့် အတွက် တော့ ထူးမခြားနားသာ ဖြစ်ပေလိမ့်မည် တကား ။



အမှတ်တရ သီတင်းကျွတ် ခံစားမှူ့ 

ဇော်ပြည့်

ဤ ပိုစ့်ကို www.roadtoarabian.blogspot.com တွင် ရှူရန်