Saturday 28 August 2010

အဖွားပြောတဲ့ ဂျပန်ခေတ် နေ့ စွဲများ








အဖွားပြောတဲ့ ဂျပန်ခေတ်




အဖွားဟာ ဂျပန်ခေတ်မှာ အပျို ဖြစ်လာခဲ့တော့.အဲဒီခေတ်ရဲ့ အကြောင်းကို သေသေချာချာ ပြောပြနိုင်ပါတယ်။
အမြဲလိုလို လည်း စကားပြောရင် အဲဒီ ဂျပန်ခေတ်ကနေစပြီး . သူ အိမ်ထောင်ကျပုံ။ သားသမီးတွေ ရ ပုံ . နောက်ဆုံ. ကျွန်တော့် အဖေနဲ့ အမေ လက်ထက်ပြီး ကျွန်တော့်ကို မွေးခဲ့တဲ့အထိ သေသေချာချာ ရုပ်ရှင်တကားကြည့်နေရသလို ။ ၀တ္တုတစ်ပုဒ် ဖတ်နေရသလို မျိုး အမြဲတစေ ပြောပြလေ့ရှိပါတယ်။

အခုချိန်မှာတော့ မကြားရတော့ အဖွားရဲ့ ဂျပန်ခေတ် စွန့် စာခန်းလေးတွေ လွှမ်းမိပါတယ်ဗျာ

အဖွားမှာ မြေး ၅ ယောက်ရှိပါတယ်။ ဒါပေမဲ့ သူ့ ရဲ့ ဇာတ်ကြောင်းတွေကို အမြဲ တည်း နားထောင်ပေးတာဆိုလို့ ကျွန်တော် တစ်ဦးတည်းသာ။ ဒါကြောင့်လည်း အဖွားက ကျွန်တော့်ကို အချစ်ဆုံး ပေါ့…
ကျွန်တော်ကလည်း ကိုယ့်အဖွား ကပြောလို့  နား ထောင် ပေး ရတယ် ဆိုတာထက် . သက်ကြီးစကား သက်ငယ်ကြား ချင်တာရယ် . နောင်တချိန် ကိုယ်လည်း အိုမင်းမစွမ်း ဖြစ်ရင် . ကိုယ်ပြောချင်တဲ့ စကား တွေကို နားထောင်ပေးတဲ့ လူ လိုအပ်တာရယ်ကြောင့် . အဖွားရဲ့ သက်ကြီး ခံစားချက်ကို(Lonely feeling ) နားလည်ပြီး အမြဲလိုလို မပျင်းမရိ နားထောင်ပေးခဲ့ပါတယ်။

ကျန်တဲ့ မြေးတွေကတော့ . ဂျပန်ခေတ် ဆိုတာ သီဟတင်စိုး ရုပ်ရှင်ထဲမှာပဲ မြင်ဖူးပါလိမ့်မယ် ။



အဖွားရဲ့ အဖေ (ကျွန်တော့်ရဲ့  ဘိုးကြီ) ဟာ ဂျပန်ခေတ်မတိုင်ခင်ကတည်းက ရာဇ၀တ် ၀န်ထောက်မင်း ဘ၀ နဲ့ ဖြစ်နေလို့ သူတို့ မိသားစု ဟာ ချောင်ချောင်လည်လည် . မပူမပင်နဲ့ နေရပါတယ်။ အဖိုးနဲ့ အဖွားကလည်း ဂျပန်ခေတ်မှာ သမီးရည်းစား ဖြစ်ကြတယ်လို့ သိရပါတယ်။

ရုပ်ရှင်တွေထဲကလိုပါပဲ .. ဂျပန်တွေဟာ ရိုင်း ပါတယ်။ မိန်းကလေးမှန်ရင်လဲ အားလုံးဂျပန်ရှေ့ ရောက်ရင် အိမ်ထောင်ရှိတယ်လို့  ညာ ပြောကြရပါတယ်။ ဂျပန်တွေ ဟာ.. မိန်းမ.ကိစ္စ မှာတော့ သိကြတဲ့ အတိုင်း ဖက်စစ် ပီပီ ပက်စက် လွန်း လှ ပါတယ် ။ ဂျပန်တွေ ဟာ ရွာ ရဲ့ ရေတွင်းတွေမှာ ရေချိုး လေ့ရှိပြီး. အဲဒီလို ချိုး ရင်တော့ . ဂျပန် လို ရေချိုးပါတယ်။။ ဂျပန်လို ချိုး တယ် ဆိုတာက သူငယ်ချင်းတို့ လည်း ချိုးဖူးမှာပါ.. ငယ်ငယ်တုန်းက လေ.. ခန္ဓာကိုယ် မှာ ဘာဆိုဘာမှ မ၀တ်ပဲ . ဒီအတိုင်း အများမြင်ကွင်းမှာ ဗလိုင်းကြီး ချိုး ကြပါသတဲ့.. အရှက်အကြောက်ကြီးတဲ့ မြန်မာ့ လူမှူ ၀န်းကျင်မှာတော့ သူတို့ တွေ ဟာ အထူးအဆန်းတွေ ပဲပေါ့။ ယဉ်ကျေးမှူ ဓလေ့ထုံးစံချင်းမတူလေတော့လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

ဂျပန်တွေ ထမင်းချက်ဖို့ လက်နှီးမရှိရင်. မြန်မာ မိန်းမ တွေ ၀တ်တဲ့ ထမီတွေနဲ့ လက်နှီးလုပ်ပါတယ်။

ပါးရိုက်နားရိုက်နဲ့ နေ့ စဉ် မြင်ရကြားရတာ အနိဋာ ရုံတွေပါပဲ ။ အရှက်အကြောက်ကြီးတဲ့ မြန်မာတွေ အတွက် အယုတ္တ. အနတ္တ ဆဲ ဆို ကြတာဟာ ကျား ၊ မ လိင် အင်္ဂါ တွေ . မေထုန် အမှူတွေကို ရင့်ရင့်သီးသီး ညစ်ညစ်ညမ်းညမ်း ပြောကြသလိုပါပဲ.. ဂျပန်တစ်ယောက် ကို ဆဲ ချင်ရင် ( do re bo - ဒိုး ရ ဘို) မင်းဟာ သူခိုး လို့ ပြောလိုက်ရင်..အပြောခံရတဲ့ ဂျပန်လူမျိုးဟာ အသည်းဆတ် အောင်နာပါတယ်. သူတို့ ရဲ့ ဆဲ နည်း ဟာ သူခိုး လို့ ပြောရင် ဆဲ တယ်လို့  မည်ပါတယ်…

ဒီလိုမှမဟုတ်ပဲ .မြန်မာလို တွေးပြီးတော့ ဖို.မ ကိစ တွေနဲ့ သွား ဆဲမယ် ဆိုရင်တော့ ဂျပန်ကြီးက ပြုံးပြုံးလေ ကြည့်ပြီး အဲဒါ ကျန်းမာရေး ကောင်းတဲ့လူမှ လုပ်နိုင်တာ .လို့ ပြန်ပြောလိုက်ပါလိမ့်မယ်။

ဂျပန်တွေ ဟာ သူတို့ ရဲ့ ဗီဇ အရ သူခိုး ဆိုရင် အရမ်းမုန်းပါတယ်။ ဒီတော့ မြန်မာ တွေ ထဲမှာလည်း သူခိုး ဆိုရင် အမျိုး မျိုး ညှင်းပန်း နှိပ်စက် ပြီးတော့ သတ်ပစ်လေ့ရှိပါတယ်။ ဂျပန် ကင်ပေတိုင် စစ်ပုလိပ် တွေဟာ သူခိုး တစ်ယောက်မိရင် လက်သည်းကို ရေနွေး စိမ် ပြီးတော့. မှ. ပလာယာနဲ့ .ဆွဲနှူတ် တာမျိုး တွေ ၊ တနေကုန် နှိပ်စက် ပြီး နေပူ ကြီးထဲမှာ ပစ်ထား တာမျိုးတွေပါ။

ဒါကြေင့် ဂျပန်ခေတ်မှာ ဘယ် သူမှ မခိုးရဲ သလို . သူခိုး မရှိလို့ … အိမ်တွေဟာ တံခါးဖွင့် ပြီးတော တောင် အိပ် လို့ ရတယ် လို့ ပြောစမှတ် ပြုကြပါတယ်. ဒါကတော့ ဂျပန်ခေတ်ရဲ့ ရှားပါးလှတဲ့ ကောင်းကွက်ကလေးပါ။

ဂျပန်ခေတ်မှာ အစစ.အရာရာ ရှားပါးလွန်းလှပါတယ်။ ၀တ်စရာ အကျီ င်္အ၀တ်အစားက အစ အတော့်ကိုရှားပါလွန်းတာရယ်. ရေချိုး အ၀တ်လျှော်ဖို့ လည်း ဆပ်ပြာက မရှိတာကြောင့် လူတွေ ရဲ့ အ၀တ်တွေဟာ အမတန်မှကို ညစ်ပတ်လှပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် မှာ တောင် သန်းကြီးမ လို့ ခေါ်တဲ့ သန်းတွေ တောင်တွယ်တယ်လို့ .အဖွား ပြောလေ့ရှိပါတယ်။ လူ စင်စစ်ကနေ တိရစ္ဆာန် မျောက်သတ္တ၀ါလို မျိုး ကိုယ်ခန္ဓာမှာ သန်း တွယ် တဲ့ အထိ အခြေအနေ ဆိုးဝါးလွန်းလှပါတယ်။

ဒါပေမဲ့ အဖွားတို့ တွေကတော့ ဒီလောက် ဒုက္ခ မရောက်ပါဘူး။ အချိန်တန်စား အချိန်တန် ၀တ်နဲ့ . ဖခင်ကြီးရဲ့ အရိပ်အာဝါသ အောက်မှာ အစစ.အရာရာ အဆင်ပြေလှပါတယ်။ ဒီတော့ အဖိုး နဲ့ တွေ့ ကြပါလေရော..။

အဖွားအကြောင်း တွေချည်းပဲ ထပ်နေလို့  အဖိုးအကြောင်းတော့ နည်းနည်း ဋိကာ ချဲ့ ချင်ပါတယ်။

အဖိုးဟာ အဲဒီခေတ်တုန်းကတော့ အမတန်မှကို လူရာဝင်တဲ့ မြို့ မျက်နှာဖုံး ပါ။ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းကလည်း ဆွေကြီးမျိုးကြီး . သူကိုယ် တိုင်ကလည်း ထိုစဉ်က ဘိလပ်ပြန် ပါ။
ဘိလပ် ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း အင်္ဂလန် ကနေ ပညာတော်သင်ဘ၀ နဲ့ .ဟိုမှာ အနှစ် ၂၀ နီးပါးလောက်နေပြီးမှ မြန်မာပြည်ကို ပြန်လာလေတော့ . ဘိလပ်ပြန် တို့ ရဲ့ ထုံးစံအတိုင်း . ဘောင်းဘီ နဲ့ ရှပ်အကျီ င်္ ကို ကျနစွာဝတ်ရင်း. (ဗိုလ်အောင်ဒင် စတိုင်) ခေါင်းပေါ်မှ ဆံပင်ကို ကော်စမတ်တစ်နဲ့  ပိပိပြားပြား ဖီးလိမ်းပြီး အခန့် သား ရိုက်ထာားတဲ့  အဘိုးရဲ့ ဓာတ်ပုံကို ငယ်စဉ်က မြင်ဖူးလေတော့ . ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ခိုင် ဖြစ် တာမဆန်းဘူးလို့ ထင်မိပါတယ်။ အဖိုး ဟာ ဥစာ ပေါ . ရုပ်ချော . ပညာတတ် ။ အဆင့်အတန်း ရှိတဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းထဲကပါ.

(ကျွန်တော် ကလည်း . ဘမျိုး ဘိုးတူ . အဖိုးရဲ့ ဥပတိရုပ် မျိုးကို အမွေရထားလေတော့ . ဒါကတော့ ကြုံတုန်းလေး ကြုံကြွားပေါ့နော် )

အဖိုးနဲ့ ယှဉ်လိုက်ရင်တော့ အဖွားတို့ ရဲ့ အသိုင်းအ၀ိုင်းက သိပ်ပြီးမတောင့်တင်းပါဘူး။ နောက်ပြီး အဖွား ရဲ့ ပင်ကိုယ်ရုပ်ခံကလည်း အလှကြီး မဟုတ်ပါဘူး။ . သွား လေးတောင် အနည်းငယ် ခေါ နေပါတယ်။ အဖိုး နားမှာ ၀ိုင်းဝိုင်းလည်နေတဲ့ မိန်မလှ ပညာတတ် ဆွေကြီးမျိုးကြီး တွေနဲ့ ယှဉ်လိုက်တော့ အဖွားဟာ ဖယောင်းတိုင်မီးနဲ့ မာကျူရီ မီး အလင်းရောင်လိုမျိုးဖြစ်နေပါတယ်။

ဒါပေမယ့် . အဖွားရဲ့ အဓိက ဆွဲဆောင်မှူ့ ရှိတဲ့ ပီယ၀ါစာ လို့ ခေါ်တဲ့ နှစ်လိုဖွယ်ရာ စကား အရာမှာတော့ ပြိုင်စံရှားပါတယ်။

ရုပ်ချောသူ နှင့် အပြောကောင်းသူ တွင် အပြော ကောင်း သူကိုသာ လူချစ်လူခင် ပို စမြဲ ဆိုတဲ့ စကား လေး အတိုင်းပါပဲ။
ဗန်းစကား နဲ့ ပြောရရင်.. talkie တော်ကီ ညက် တယ်ပေါ့လေ။

ဒါကြောင့်လည်း ဘိလပ်ပြန်ကြီး ကို ဆွဲဆောင်နိုင်ခဲ့ပုံ ပေါ်ပါတယ်။

အဖိုးနဲ့ အဖွား ချစ်ကြိုက်ကြတာ ဂျပန်ခေတ်ထဲမှာပါ . ခေတ်ကလည်း ခေတ်ပျက်ကြီး . အခြေအနေတွေကလည်း မကောင်း ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူ ကြတာပေါ့လေ။

အဖိုး ဟာ ညနေတိုင်းလိုလို အဖွားတို့ အိမ်ကို စက်ဘီးလေးနဲ့ လာလေ့ရှိပါတယ်။ . အိမ်ပြန်တဲ့အချိန်ဆိုရင် အင်္ဂလိပ် စစ်လေယာဉ်တွေက အဖိုးတို့ မြို့ နားက တံတားကြီးကို အမြဲလိုလို ဗုံး လာကြဲတတ်ပါတယ်။ အဖိုး ကလည်း အဲဒီတံတားကို ဖြတ်ပြီး ပြန်ရလို့ အဖွားတစ်ယောက် အမြဲတမ်း ဂုဏ်တော် မပြတ်ရွတ်ရင်း မေတာ ပို့ ရတယ်လို့ ပြောလေ့ရှိပါတယ်



အဖိုးရဲ့ သတ္တိ

နင်တို့ အဖိုး ဟာ ဂျပန်ခေတ်တုန်းက သတ္တိ္တ သိပ်ကောင်းတာပဲလို့ အဖွား ပြောလေ့ရှိပါတယ်။

ကျွန်တော့် စိတ်ထဲမှာတော့ ကြည့်ခဲ့ဖူးတဲ့ ဂျပန်တော်လှန်ရေး ရုပ်ရှင်တွေ ထဲကလို .ငါတို့ အဖိုးဟာ တော်လှန်ရေးတပ်ဦးကနေ ပြီး ဂျပန်စစ် စခန်းတွေကို ၀င်တိုက် တာလား ။ ဒါမှမဟုတ် . ဂျပန်စစ်ဗိုလ်နဲ့ .ဆာမူရိုင်း ဓားချင်း ယှဉ် ခုတ်တာလား . ဘယ်လို မျိုး သတ္တိရှိတာလဲ လို့ တွေးနေမိပါတယ်။

အဲဒီလို တော့ မဟုတ်ပါ။

ဂျပန်ခေတ်က လူတွေအားလုံးက လေယဉ်ပျံ အသံကို ကြားရင် ဗုံးခိုကျင်း ထဲကို အလုအယက်ပြေးဝင်ပြီးတော့ မြေကြီးပေါ်မှာ ပြားပြားဝပ် နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဖိုးကတော့ အဲဒီလိုမဟုတ်. ဗုံးကြဲလာတဲ့ ဗုံးကြဲ တိုက်လေယာဉ်တွေကို မြေမှာ မ၀ပ်ပဲ ခါးကိုထောက် ခေါင်းမော့ ပြီး ကြည့်တတ်တယ်လို့ ပြောပါတယ်။

သြော် . သတ္တိ ဆိုတာ. ဒါပဲလား . ဆိုတော့……….အေး…….ဒါပဲလေ တဲ့.

အင်းလေ. အဖွားပြောတဲ့ . သတ္တိဆိုတာကလည်း မသေးပါဘူးနော်။ လူတိုင်း ကမ္ဘာပျက် မတတ် ကြောက်နေကြတဲ့ ဗုံးကြဲလေယာဉ် ပျံတွေကို ခေါင်းမော့ ရင်ကော့ ကြည့်ဝံ့ တာ နည်းမှ မနည်းပဲ ..



တော်သေးတာပေါ့ . အငြိမ့် ထဲက လူရွှင်တော်တွေပြောသလို . ငါတို့ အဖိုး က သိပ်သတ္တိရှိတာကွ. စစ်တောင်းတံတားပေါ်မှာ ဂျပန် စစ်သား အယောက် ( ၂၀ ) ကို ခြေထောက်တွေ လိုက် ခုတ်ပစ်တာ..ငါတို့ အဖိုးပေါ့ တဲ့။.. ဒီတော့ ဘေးနားက လူရွှင်တော်တစ်ယောက်က..နေပါအုံး ကွ…မင်း အဖိုး က.ဂျပန်စစ်သားတွေရဲ့ ခြေထောက်တွေကို ခုတ်တယ် ဆိုတော့. ခေါင်းတွေကော မခုတ်ဘူးလားလို့ မေးပါတယ်..

ဒီတော့ ..ခေါင်းတွေကတော့ တို့ အဖိုး ခုတ်စရာမလိုဘူး. သူများက အရင်ခုတ်ထား နှင့်ပြီ လို ဆိုပါသတဲ့..

တော်သေးတာပေါ့နော်..ကျွန်တော်တု
ိ အဖိုးလည်း အဲဒီလိုမဟုတ်လို့ .

နားလည်တဲ့ လူတွေ ရဲ့  ပြောစကားအရ… လေယာဉ်ပျံ တစ်စင်းက ကိုယ့်ခေါင်းပေါ်တည့်တည့်ကနေပြီး ဗုံး ကြဲ ချလိုက်တာက မြင်ရတယ်ဆိုရင် အဲဒီ ဗုံး ဟာ ကိုယ့်အနားကို မကျတော့ ပဲ….ကိုယ် နဲ့ အလွန်ဝေးကွာတဲ့  . နေရာ . ဗုံးကွဲ သံတောင် သေချာ မကြားရတဲ့ နေရာ လောက်မှာပဲ ကျရောက်ပေါက်ကွဲ လေ့ရှိပါတယ်။ .. ဥပမာ ကိုယ်က . ဆူးလေး ဘုရား လေက်မှာရှိနေရင်. လေယာဉ်ပျံက ကိုယ့်ခေါင်းပေါ်တည့်တည့် ကနေ ဗုံးကြဲလိုက်တယ်ဆိုပါ စို့ . လေယာဉ်ပျံ ရဲ့ အရှိန် နဲ့ အဲဒီ ဗုံးဟာ စံပြရုပ်ရှင်ရုံ လောက်မှာပဲ ကျရောက်ပေါက်ကွဲ တတ်ပါတယ်… ကိုယ့်ခေါင်းပေါ် ကြဲလိုက်တဲ့ ဗုံးဟာ ဘယ်တော့မှ ကိုယ့် ငယ်ထိပ်ပေါ်ကို ကျလေ့မရှိပါဘူး..

ဒီသဘောတရာတွေ ကို ကျွန်တော့်ရဲ့ ဘိလပ်ပြန် ဖိုးဖိုးက တွက်ဆမိဟန်တူပါရဲ့ ။ အများသူငါ ဖင်တုန်အောင်ကြောက်နေတဲ့ ဗုံးကြဲ လေယာဉ်ပျံတွေကို ခေါင်းမော့ ရင်ကော့ ပြီး ခါးထောက်ကြည့်ဝံ့ တဲ့ ပုံမျိုးကို အဖွားကလည်း အာဂ သတ္တိကြီးပဲဆိုပြီးတော့ အမှတ်တွေ ပေးလိုက်ဟန် တူပါရဲ့ …

တကယ်လည်း သတ္တိ နဲ့ ကျိုးကြောင်းဆင်ခြင်တတ်မှူ ဆိုတာလိုအပ်ပါတယ်။ သူငယ်ချင်းတို့ ကော ကိုယ့်ခေါင်းပေါ်ကို ဗုံးကြဲလာတဲ့ လေယာဉ်ပျံ ကို ကျွန်တော့် အဖိုးလို ခေါင်းမော့ ပြီးကြည့်ဝံ့ ပါ့မလား။



(သေမင်းတမန် ဗုံး ကြဲ လေယဉ်များက ယခုလို ကြောက်လန့် စဖွယ်)

ဒီသဘောတရာတွေကို နားလည် တယ်ပဲ ထားအုံးတော့ . သူများကြောက်ရင် ကိုယ် လည်း လိုက်ကြောက်တတ်တာ လူ့ သဘာဝ ပါ။ လေယဉ်အချက်ပေး ဥသြသံ တွေက သွေးပျက်မတက် ခြောက်ခြားနေမယ်… လေယဉ်သံတွေ က. တဝေါဝေါ မြည် နေမယ် … ဗုံး သံတွေ.. အော်ဟစ် ငို ယို သံတွေ က က လိပ်ပြာလွင့်မတတ် ဆူညံ နေမယ် .. ဒီလို အခြေအနေမျိုး မှာတော့ ဘယ်သူမဆို .. ဟုတ်သော်ရှိမဟုတ်သော်ရှိ. လိုရမယ်ရ ဆိုပြီးတော့ ဗုံးခိုကျင်း ထဲမှာ ၀ပ်နေကြမှာပါပဲ။ လေယဉ်ပျံကို ခါးထောက်ကြည့်လို့ ဘယ်သူမှာ သတ္တိမောင်ကြီး ဆိုပြီး ..သူရ ဘွဲ့ လာမပေးဘူး ဟဲ့  ဆိုပြီးတော့ မြေကြီးပေါ်မှာ ပြားပြားဝပ် နေမဲ့ လူတွေ ပါပဲ.. ဒါပေမယ့် ဒီလို လူစား တွေ ထဲမှာတော့ ကျွန်တော့် အဖိုး မပါဘူးလို့ .အဖွားက အမြဲ ဂုဏ် တင်ပြောဆိုတတ်ပါတယ်။

နောက်ပြီး အဖွားနဲ့ အသက် ရွယ်မတိမ်း မယိမ်း . ကျွန်တော်တို့ အိမ်အပေါ်ထက်က အဒေါ် ကြီးတစ်ဦးနဲ့ လည်း ကြုံလိုက် ဆုံလိုက်တိုင်း ဂျပန်ခေတ်အကြောင်းတွေ . လေပေးဖြောင့်ကြပါတယ်။

ကျွဲကြီး ဆိုလား အမဲကြီးဆိုလား ဂျပန်စက်သေနတ် လေယာဉ်ကြီးက ညနေတိုင်း လာပြီး တွေ့ ရာသဂြိုင်း ဓားမဆိုင်း ပစ်ခတ်တတ်ပုံများ ။ ကျီးလန့် စာ စား ဘ၀နဲ့ . ဟိုပြေး ဒီရှောင် နေခဲ့ရ ပုံလေးတွေ ကို ပြန်ပြောင်းအောက်မေ့ကြပါတယ်။ စားနပ်ရိက္ခာ တွေ က ရှားပါး လို့  ဆန်ပြုတ် တလှည့် ၊ ပေါင်မုန့် ကြမ်း တလှည့် . စားခဲ့ရပုံ

ဒါတွေ ကတော့ အဖွား ပြောပြခဲ့တဲ့ ဂျပန်ခေတ် ပုံရိပ်လေးတွေ ပါ။ အခုတော့လည်း ဒီလို မျိုး စွန့် စားခန်းလေးတွေဟာ

လွမ်းငွေ့ တဝေေ၀….လွမ်းငွေ့ တဝေေ၀…


ခင်မင်လျက်

ဇော်ပြည့်


No comments:

Post a Comment