တခုသော လမိုက်ည သန်းခေါင်ယံ . ။ လူခြေတိတ်ချိန် ။လျှပ်စစ်မီးများ လည်း ပျက်တောက်နေသဖြင့် လောကဓာတ်တခွင်လုံး မှောင်မည်း လျက်ရှိနေသည်။
လေအဝှေ့ တွင် အိမ်ရှေ့ သရက်ပင်မှ အကိုင်းများ ၏ လှုပ်ရှား သံကို အတိုင်းသားကြားနေရသည်။
ထိုစဉ် ဂျစ် . ဂျစ် ..ချက်.ချက် ဆိုသော အသံလေးများ အိမ်တံခါးဆီက ထွက်လာသည်
အိပ်နေစဉ် ဖျတ်ခနဲ လန့် နိုး သွား သဖြင့် ထိုအသံလာရာဆီသို့ အာရုံစိုက်နားထောင်လိုက်မိသည်။ တစုံတယောက်က အိမ်တံခါးကို တွန်းဖွင့်နေသယောင် သို့ မဟုတ်. ဖွင့် ရန် ကြိုးစားနေသယောင် အသံမျိုးပါလား။
ကျွန်တော် ၏ မိဘများသည် နယ်တွင် တာဝန် ဖြင့် ရောက်ရှိနေသဖြင့် အိမ်တွင် ကျွန်တော် တစ်ယောက်တည်း။
မှောင်မှောင်မဲမဲ ညကြီးသန်းခေါင်မှာ ငါ တစ်ယောက်တည်း နေတဲ့ အခန်းကို ဘယ်သူများ လာပါလိမ့်။
ချွတ်.ချွတ် ဆိုသောအသံသည် ပို ပြီးကျယ်လောင်သထက် ကျယ်လာသည်။ ခေါင်းရင်း တွင် အသင့်ထားသော လက်နှိပ် ဓာတ်မီးကို ယူကာ တံခါးဆီသို့ ဖြေးညှင်းစွာ သွားလိုက်မိသည်။
ပြတင်း ပေါက်မှ လှမ်းကြည့်သော်လည်း လူ အရိပ်အယောင် ဟူ ၍ လုံးဝ မတွေ့ ရပေ။ ထို့ ကြောင့် ရင်ထဲ တွင် တထိတ်ထိတ်နှင့် တံခါးဆီသို့ ..
ဘယ်သူလဲ။..အပြင်က ဘယ်သူလဲ.. ဟု မေးလိုက်သည်။ သို့ သော် ပြန်ထူးသံကို ကား မကြားရပေ။ ထို့ အတူ ခုနက အသံလည်း တိတ်ဆိတ်သွားသည်။
တံခါးကို ကျွီ ခနဲ ဖွင့် လိုက်သည်။ သေချာပါသည်။ မည်သူမှ ရှိမနေပါ။
ထို့ ကြောင့် တံခါးကို ပိတ်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်သည်။ ထိုသို့ ပိတ်လိုက်စဉ် လှုပ်ရှားမှု့ အရိပ် တခုကို လှစ်ခနဲ တွေ့ လိုက်ရသည်။ သေချာအောင် ဓာတ်မီးနှင့် ထိုးကြည့်လိုက်တော့မှ နောက်ဆုံးတော့ ဒင်း ဖြစ်နေသည်။.
စုတ်ဖွား….
စုတ်ဖွား ..
ဒင်းကို …. ဒင်းက..ငါ့သမီးလေး ဆီကို လာတယ်ပေါ့လေ…ရာရာစစ…. ဒီကောင်ကများ…
အနားရှိ သော ဖိနပ် အဟောင်းတရံနှင့် ပစ်ပေါက်လိုက်သောအခါ စုတ်ဖွားသည် ခေါင်းကို ငုံ ရှောင်ကာ အနောက်သို့ တချိုးတည်း လစ်ပါတော့သည်။
ထိုစဉ် . အခန်း ထဲရှိ ကျွန်တော်သိပ်ချစ်ရသော မိဖြူ ကလည်း . ညောင် ဟူ ၍ အသံပေးကာ တံခါးဆီသို့ ပြေးလာသည်။
ကျွန်တော်သည် တံခါးကို မြန်မြန်ပိတ်ပြီး မိဖြူလေး ကို ရင်ခွင်ထဲသို့ ပွေ့ ကာ မီးဖိုချောင် ထဲသို့ သွင်းပြီး အပြင် က သော့ခတ်ထားလိုက်ပါသည်။
အချစ်ဆုံး မိဖြူ
ဟုတ်ပါသည်။ မိဖြူဆိုသည် မှာ ကျွန်တော်သိပ် ချစ် ရသော ကြောင်မလေး ဖြစ်ပါသည်။ ငယ်စဉ်က သူ့ အမေ ကြောင်မကြီး သည် ကားတိုက် ၍
ဆုံးသွားသဖြင့် နို့ မပြတ်သေးသော ပေါက်စ အရွယ်ကပင် ကျွန်တော်က CityMart မှ နွားနို့ ဝယ်ကာ နို့ တိုက်ကာ မွေးခဲ့ ရသော ကြောင်မလေးဖြစ်ပါသည်။ ယခင် ကလည်း ကြောင် ပေါင်းများစွာကို မွေး ဖူးသော်လည်း အမှန်အတိုင်းဝန်ခံရလျှင် မိဖြူ ကို သံယောဇဉ် အရှိဆုံး ၊ အချစ်ဆုံးဟု ဆိုရပေမည်။
ကျွန်တော့်ရဲ့ မိဖြူ
သူကလည်း ကျွန်တော်မှ ကျွန်တော် ။ ကျွန်တော် ၏ ကုတင်ခြေရင်းတွင် အမြဲလိုလို အိပ်စက် တတ်ပြီး နံနက် မိုးလင်းသောအခါ ကျွန်တော့် ခြေမ ကို လာကိုက်ရင်း အိပ်ယာမှ နှိုးတတ်သည်။ ကျွန်တော် အလုပ် သို့ သွား ခါနီး အဆာပြေ နံနက်စာ စားပြီးလျှင် သူ့ အတွက် နို့ ဖျော်ပေးခဲ့ရသည်။ ငယ်စဉ်ကတည်းက ထမင်းကို ပုဇွန်ခြောက်နှင့် နယ်ပြီး ကျွေးခဲ့သဖြင့် ယခုထက်တိုင်လည်း ထမင်းကို ပုဇွန်ခြောက်ပါမှ အစာ စားပါသည်။ ကျွန်တော် အလုပ်မှ ပြန်လာလျှင်လည်း လှေကားရင်းတွင် အမြဲလိုလိုထိုင်စောင့် လေ့ရှိပါသည်။ ကျွန်တော့်ကိုမြင်လျှင် အမြီးလေးတနှံနှံ နှင့် တညောင်ညောင် အော် ကာ ကြိုတတ်သဖြင့် အလုပ်မှ ပင်ပန်းထားသမျှ တွေ ပြေပျောက်ရပါသည်။
အော်.. အထီးကျန် လွန်းတဲ့ ငါ့ ဘ၀မှာ ငါ့ကို အဖော်လုပ် ကြိုဆို မဲ့ သူ တစ်ယောက်တော့ ရှိနေပါသေးလား။
ကျွန်တော် ညစာ စားချိန်တွင် ကုလားထိုင်ဘေးတွင် အမြဲရှိနေတတ်သည်။ အစာတောင်း လျှင်လည်း လူကဲ့သို့ ကြိုးစား ၍ မတ်တပ်ရပ်ပြီ လက်နှစ်ဘက် ကို ကွေးကာ တောင်းပန်ရှိခိုးသည့် ဟန် ဖြင့် တောင်းလေ့ ရှိသည်။ ငါးကြော် လေးများ ပါသော နေ့ တွင် မိဖြူ သည် ခေါင်းမဖော် စတမ်း စား ပါသည်။ တခါတရံ လည်ချောင်းတွင် အရိုးစူးပါက မျက်လုံး မျက်ဆန်ပြုးကာ တခွီးခွီး နှင့် ဖြစ်နေတတ်သည်။ ကျွန်တော်သည် ကြောင် အရိုးစူးသည် ကို သေချာမမြင်ဘူးသည့်အတွက် အထူးအဆန်းအဖြစ် ကြည့်နေတတ်သည်။ စားသောက်ပြီးလျှင် အိမ်ရှေ့ ဆိုဖာပေါ်တွင် မျက်လုံးလေးကို မှေးကာ ဇိမ်ယူနေပုံသည် တကယ့် လူ မိန်းကလေး တစ်ယောက်အတိုင်းပင်။ ကျွန်တော့် စိတ်ထဲတွင် မိဖြူသည် ကြောင်ကလေး အဖြစ်မှ တကယ့် ကိုပင် ကိုယ့် သမီးလေး လို ဖြစ်လာခဲ့သည်။
မိဖြူဆိုသည့် အတိုင်း တကိုယ်လုံး ဆွတ်ဆွတ် ဖြူလေသည်။ သို့ သော် ဗိုက်သားတွင်တော့ အနည်းငယ် အ၀ါ ကွက် လေးများပါရှိသည်။ ကြောင်မလေး ၏ မျက်နှာကျသည် ချစ်စရာကောင်းလှပေသည်။ သူ့ ကိုယ်သူ အစဉ်သဖြင့် လျှာဖြင့် လျက်ပြီး တသသ လုပ်နေသဖြင့် ပို၍ပင် ဖြူသထက်ဖြူလာသလိုပင်။
သခင် ရှေ့ တွင် ချွဲချွဲ နွဲ့ နွဲ့ နေတတ်သော်လည်း ကြွက် ၊ အိမ်မြောင် ၊ ပိုးဟပ် တို့ နှင့်တွေ့ လျှင် ကြောင်မလေး အသွင်မှ ကျား တစ်ကောင်ကဲ့သို့ ဖြစ်သွားတတ်သည်။ ဖမ်းမိထားသော ကြွက်ကို ချက်ချင်း ကိုက်သတ်မစားပဲ . လက်ဖြင့် ပုတ်လိုက် ၊ ပြန်ဖမ်းလိုက် နှင့် တကယ့်ကို ကစား စရာအရုပ်ကဲ့သို့ စိတ်တိုင်းကျ ဆော့ ကစားပြီးမှ စားလေ့ရှိသည်။
ကျွန်တော့် အတွက် တော့ မိဖြူသည် အသက်ဘူး ကလေး ဖြစ်ပါသည်။ ကျွန်တော်သည် ကြောင်ကလေးများကို ချစ်တတ်သော်လည်း မိဖြူကိုအားလုံးထက်တော့ ပိုမိပါသည်။ ထို့ ကြောင့် ကျွန်တော်၏ အမေ မရှိလျှင် ကြောင်မလေးကို ကျွန်တော့် ရင်ခွင် ထဲသို့ ထည့်ကာ အိပ်စက် စေပါသည်။ အမေ သည် ကျွန်တော် ကြောင် ကိုင်လည်း သိပ်မကြိုက်ချင်။ ကြောင်၏ အမွှေး သည် ရင်ကျပ် ပန်းနာ ဖြစ်တတ်သည် ဟုဆိုလေသည်။ ထို့ ကြောင့် မိဖြူကိုလည်း သိပ်တော့မမွေးချင်ပေ။ သို့ သော် မိဖြူသည် . သန္ဓေ ကောင်းသည်ဟု ဆိုရပေမည် ။ မစင် စွန့် ခြင်းများ ကို သတ်မှတ်ထားသော နေရာတွင်သာ စွန့် လေ့ရှိပြီး ကြွက် နှိမ်နင်းရေးတွင် မရှိမဖြစ် မို့  အိမ်တွင်မွေးရန် သဘောတူ ရလေသည်။
ဒီလိုနှင့် မိဖြူသည် ၈ လ သမီး အရွယ် သို့ ရောက်လာပေသည်။
ရာဂ ၏ စွမ်းအား
ယခုတော့ မိဖြူ အချိုးတွေ ပြောင်းနေပါသည်။ လမ်းထိပ် အကြော်တဲတွင် နေသော ကြောင်ထီး တစ်ကောင်က သူမအား လာရောက်မြူဆွယ်နေပါသည်။ ထို ကြောင်ထီးသည် အိမ်တကာ တွင် လှည့်လည် ရှာဖွေ စားသောက် ကာ နောက်ဆုံး တွင် အဆိုပါ အကြော်တဲတွင် ပြန်အိပ်တတ်ပါသည်။ ပိန်လှီ လှသောပုံစံသည် စုတ် ဖွားဖွားနှင့် မည်သို့ မှ ချစ်စရာမကောင်းလှပါ။ ခန္ဓာကိုယ်တွင်လည်း ၀ဲ များရှိသဖြင့် အမွှေးတို့ သည် ကျိုးတိုးကျဲတဲ ။ ပင်ကိုက အနက်ရောင် ရှိသဖြင့် သူ့ ပုံစံသည် ကြောင်တစ်ကောင်နှင့် မတူပဲ မြေကြွက် တစ်ကောင်နှင့် ပို ၍တူနေပါသည်။ ထို့ ကြောင့် ကျွန်တော်သည် မိဖြူ နှင့်တော့ ဒင်းကို သဘောမတူနိုင်ပါ။
ယခုတော့ မိဖြူသည် ကျွန်တော့် ထက်ပိုချစ် ရမည့်သူနှင့် တွေ့ နေပါသည်။ ဒါကတော့ ရှိပါစေတော့ တိရစ္ဆာန် သဘာဝ . အရွယ်ရောက်လျှင် တားလို့ မရစကောင်း ။ သို့ သော် ဤ မျှလောက် စုတ်ပြန်နုံချာ သော ကြွက်စုတ်သာသာ ကြောင်နှင့် ကျွန်တော် သိပ်ချစ်ရသော မိဖြူကို လုံးဝ သဘော မတွေ့ နိုင်ပါ။
နောက်တနေ့ နံနက် မိုးလင်းပြီ ။ ထုံးစံအတိုင်း မိဖြူကို အစာ ကျွေးရန် ပြင်ဆင်ရပါသည်။
သမီးလေး ရေ.လာ..လာ.. မိဖြူရေ..မိးမိး လား..
မည်သို့ ပင် ခေါ်စေကာမူ မိဖြူ၏ အရိပ်အယောင် ကို လုံးဝ မတွေ့ ရ ။ ထို့ ကြောင့် မီးဖိုချောင် ထဲသို့ ဝင်ကြည့်သော်လည်းမတွေ့ သဖြင့် နောက်ဖေး ၀ရံတာကို ကြည့်လိုက်သောအခါ . ၀ရံတာ မှတဆင့် အပြင်ကို ထွက်ရန် ကြိုးစားနေသည်ကို တွေ့ လိုက်ရပါသည်။.
ကျွန်တော့် လက်ထဲမှ ငါးကြော်သည် ယခု အချိန်တွင်တော့ ခါတိုင်းလို သူ့ အပေါ်တွင် ဆွဲဆောင်အား မကောင်းတော့ပါ။
အော်…အောက်က..နင့် အကောင် က.လာခေါ်နေလို့ . နင်က မစား နိုင်မသောက်နိုင် သွားမလို့ ပေါ့လေ။ မသွားရဘူး…ပြန်ဝင်.. အိမ်ထဲက အိမ်ပြင်မထွက်ရဘူးမှတ်။
ဘာ..ပေကပ်ကပ် လုပ်နေတာလဲ ။ ကဲဟာ. ကဲဟာ.. နှစ်ချက်လောက် ထိပ်လေးကို ခပ်သာသာ လေး ရိုက်လိုက်တော့မှ အိမ်ထဲသို့ ဝင်ပြေးလေသည်။
ငါ နားလည်တယ်. ငါ သိတယ်.. ငါက လူ.. အသိဥာဏ် ရှိတယ်. နင် ကို သင့်တော်တဲ့ ကြောင်ထီးတစ်ကောင်ရှာပေးမယ်. နားလည်လား.. ဒီလို ကလေကချေ အစုတ်ပလုပ်နဲ့  ရလို့ ကတော့ မွေးလာခဲ့ ကလေးတွေလည်း ဘယ်လိုမှ မျိုးရိုးကောင်းမှာမဟုတ်ဘူး
ကျွန်တော်သည် . လူ စကားနားမလည်သော ကြောင်တစ်ကောင်ကို လက်ညှိုး ငေါက်ငေါက် ထိုးကာ ဒေါသဖြင့် ကြိမ်းမောင်းပြစ်တင်နေမိပါသည်။
ကျွန်တော် စဉ်းစားထားသည်က အိမ်ရှေ့ အိမ်မှ အသစ်ပြောင်းလာသော မိသားစုတွင် အမွှေးပွပွ နှင့် ကြောင်ထီးတစ်ကောင်ပါလာသည်။ မျိုးကောင်းရိုးကောင်း Persian ပါးရှင်း ကြောင်း ဟု ဆိုလေသည်။ ထမင်းကျန် ဟင်းကျန် မစားပဲ cat food ဟုခေါ်သော ဈေးကြီးသည့် နိုင်ငံခြားမှ လာသော ကြောင်စာ ကို ကျွေးရသည် ဟုဆိုလေသည်။ ထို ကြောင်နှင့်တော့ မိဖြူကို သဘေတူသည်။ အိမ်ရှင်များကို ခွင့်တောင်းကာ ကြောင်နှစ်ကောင် တွေ့ ပေးလိုက်လျှင် ကိစ္စ ပြတ်ပြီ ။
ခက်တာက..ကိုယ့်အိမ်က ကြောင်မ။ ဟို လမ်းဘေးက စုတ်ဖွားကောင် ကိုမှ တမ်းတမ်းစွဲ ဖြစ်နေသည်။
မဖြစ်ချေဘူး။ ဒီကိစ္စ ကို အမြန်စီစဉ်ရမယ် ကြာရင် ခက်မယ်။
အခုတော့ ဒီကောင်မလေးကို အခန်းထဲမှာ တံခါးပိတ်ထားရမယ်။ ထို့ ကြောင့် ကြောင်မလေးကို အခန်းထဲသို့ ချီသွင်းလိုက်ရာ ယက်ကန်ယက်ကန် နှင့် ပါလာသည်။ မိဖြူသည် ကျွန်တော့်ရဲ့ ကတ်ဆက်ပေါ်တွင် ခွေခွေကလေး မှေးနှေရှာသည်။ ထိုစဉ် သူ တက်အိပ်နေသော ကတ်ဆက်ကဖွင့်ထားသဖြင့် FM radio မှ လည်း သီချင်းသံ ပျံ့ လွင့်လာသည်။
((ချစ်ခြင်းကို မခွဲပါနဲ့  ချစ်ခြင်းကို မခွဲပါနဲ့ 
ချစ်ခြင်းနဲ့ အသက်ဆက်နေတယ် နှလုံးသားလေး ကွဲသွားမယ်။.))
အံမယ် . အံမယ် ဒင်းက ငါ့ ကို စောင်းဆိုနေသလို ပဲ ။ အော် သူက တိရစ္ဆာန်ပဲလေ ။ဒါတွေ ကို ဘယ်လို နားလည်ပါ့မလဲ။
ကြောင်ကုန်းကုန်း
အိမ်ရှေ့ အိမ်သို့ တချက်လှမ်းကြည့်လိုက်သည်။ ဒီအချိန် အိမ်ရှင် လူကြီးများ အလုပ်သွားကြသဖြင့် အိမ်စောင့် ကောင်လေးတစ်ဦးသာ ကျန်ခဲ့သည်။ ထို့ ကြောင့် ကျွန်တော်သည် အိမ်ရှေ့ ဆီသို့ ခဏ သွားကာ ကြောင်အမွှေပွ ကြီးကို ချစ်လွန်းသဖြင့် အစာ ကျွေးချင်သည် ဟုပြောကာ ကျွန်တော့် အိမ်ဘက်သို့ ယူလာခဲ့သည်။
ကဲ…မိဖြူရေ..နင့် အတွက်ဟော့… ဟောဒီမှာ…ငါ ခေါ်လာပြီ….ငါတာဝန်ကျေတယ်နော်…ငါ နားလည်ပါတယ်..ငါ့သမီးလေး ကောင်းစား ဖို့ အတွက်.
အိမ်ခန်း တံခါးကို ဖွင့်လိုက်သည်နှင့် မိဖြူသည် ကတ်ဆက်ပေါ်အိပ်နေရာမှ မျက်လုံးလေး ပြူး ၍ ကြည့်သည်။ ကျွန်တော်၏ လက်ထဲတွင်ထွေးပွေ့ ထားသော သတ္တ၀ါကို အထူးအဆန်းသဖွယ်စိတ်ဝင်စားလေသည်။
အနှီ ကြောင်ထီးသည် လည်း ကြောက်လန့် တကြားဖြင့် နေရာသစ် ဆီကို စူးစမ်းလေသည်။ ထို့ နောက် မိဖြူကို မြင်သော် ကျွန်တော့်လက်မှ အတင်းရုန်းထွက်ကာ ဆိုဖာ အောက်ထဲသို့ ဝင်ပုန်း နေသည်။
ကြောင်နှစ်ကောင်တွေ့ ကြလေပြီ ။ ကျွန်တော် ထင်ထားသည်က ရုပ်ရှင် ထဲကလို မင်းသား မင်းသမီး ကြည်နူး ခန်းထဲကလို များဖြစ်မလားလို့ ပေါ့။ ဒါပေမယ့်.ထင်သလို ဖြစ်မလာ။ ကြောင်နှစ်ကောင် သည် တစ်ကောင်ကို တစ်ကောက်က ရန်စောင် ၍ မာန်ဖီ နေကြသည်။ ညောင်.ညောင် ဂြီဂြီ ဆိုသောအသံများသာ ကြားနေရသည်။
အို.. ဘာဖြစ်လဲ။ ကြောင်ထီးနဲ့ ကြောင်မ ပဲ . အချိန်တန်တော့ ပြေလည်သွားမှာပေါ့။ စ..စတွေ့ ချင်းတော့ ဒီလိုပေါ့ လောကမှာ အဖို နဲ့ အမ နှစ်မျိုးပဲ ရှိတာ နောက်တော့ အရာရာ အဆင်ပြေချောမွေ့ သွားပါလိမ့်မယ်။
ထို့ ကြောင့် လမ်းထိပ် လက်ဖက်ရည်ဆိုင် သို့ ခဏ ထွက်ဖို့ ဆုံးဖြတ်လိုက်လေသည်။ အခန်းတံခါး များကို လုံအောင်ပိတ်ပြီး တံခါးမ ကြီးကို သော့ခတ်ကာ…မိဖြူ ရေ ကံကောင်းပါစေ ဟု အော်ကာ လမ်းထိပ်ဆီသို့ လာမိသည်။
လက်ဖက်ရည်ဆိုင်တွင် မမျော်လင့်ပဲ သူငယ်ချင်း ဖြိုးအောင် နှင့်တွေ့ လေသည်။ ဟိုဒီ စကားတွေ ပြောရင်း နောက်ဆုံး ကြောင်မလေး အကြောင်း ရောက်သွားသည။် အလုံးစုံကို ပြောပြသော်အခါ သူ သည် အူတက်မတက် ရယ် လေသည်။ မင်းကလဲ ကွာ မလုပ် ကောင်း တဲ့ ကိစ္စ တွေ ကို ဘာလို့ သွားလုပ်နေရတာလဲ။ တိရစ္ဆာန် ပဲ သူ့ သဘာဝ အလျောက် ဖြစ်တာ မင်းနားလည် ပေးရမှာပေါ့ ။
ကျွန်တော် ကလည်း ပြန်လည် ချေပသည်။ ကိုယ်သိပ်ချစ်သော ကြောင်မလေးကို လမ်းဘေးမှ ကြောင်စုတ် တစ်ကောင်နဲ့ တော့ မလျော်မကန် မဖြစ်စေချင်။ ယခု လည်း ဒင်း တို့ ကို သဘာဝ အတိုင်းပဲ လွတ်ပေးထားခဲ့သည် မဟုတ်ပါလော။ ဒီတော့ ဖြိုးအောင်ကလည်း ကြောင် ကိစ္စ ကို စိတ်ဝင်စား လာသည်။ သူ ပါ အိမ်ကို လိုက်ကြည့်မည် ဟု ဆိုလေသည်။ လက်ဖက်ရည်ဖိုး ကျသင့်ငွေ ရှင်းပြီးသောအခါ ကျွန်တော် တို့ နှစ်ယောက် အိမ်ကို ချီတက်ကြလေသည်။
အိမ်ခန်းတံခါးကို မဖွင့် ခင် အခန်းထဲမှ အခြေအနကို သိစေရန် နည်းနည်းတော့ အကဲခတ်လိုက်မိသည်။ အခန်းထဲမှ ဘာအသံမှ မကြားရပေ။ ဒင်းတို့ နှစ်ကောင်တော့ ကိစ္စ ပြီးလို့ အိပ်များနေကြတာလား၊။
တံခါးကို အသာအယာ ဖွင့်လိုက်သော်လည်း အထဲမှ ဘာ မှ မထူးခြား ။ ထို့ ကြောင့် ဆိုဖာ အောက်သို့ ကြည့်လိုက်သောအခါ အိမ်ရှေ့ အိမ်မှ အမွှေးပွ ကြောင်ထီးကြီးသည် မျက်လုံးကြီး ပြူးလျက် ကြောက်လန့် တကြား ကြည့်နေလေသည်။ မိဖြူကို တော့ ရှာလို့ မတွေ့ ။
ထို့ ကြောင့် နောက်ဖေး မီးဖို ချောင်သို့ ဝင်ကာ ရှာလိုက်သောအခါ ၀ရံတာပေါ်တွင် အပြင်သို့ ငေးနေသော် မိဖြူကိုတွေ့ ရ၏ ။ ကျွန်တော်သည် အဆိုပါ ကြောင်ထီးကြီးကို နားမလည် နိုင်စွာဖြင့် ဆိုဖာအောက်မှ ဆွဲထုတ်လိုက်သောအခါ သူငယ်ချင်း ဖြိုးအောင်က အလန့် တကြား ထ. အော်သည်။
ဟော့ကောင် မင်း ခေါ်လာတာ ဒီ ကောင်ကြီးလား .
ကျွန်တော်ကလည်း အေးလေ ဟုတ်တယ်လေကွာ. ဟို အိမ်ရှေ့ က လေ။
ထိုစဉ် သူက အကြေင်းမဲ့ တဟား ဟား ရီလေသည်။ မင်းကလဲကွာ ကိုယ်ခေါ်လာတဲ့ ကြောင် ကို သေချာ မှ မသိတာ။ အဲဒီ အိမ်က ကြောင် က . သင်းကွပ် ထားတာကွ ဟုပြောလေသည်။
ကျွန်တော်ကလည်း အလန့် တကြား . ဟင် .. ဟူ ၍ သာ ပြန်ပြောနိုင်တော့သည။် ဒါဆို .ဒါဆို..ကြောင် ဂျီပုန်း ကြီးပေါ့ ။ ဟာကွာ.တောက် .ငါ ကတော့ အဟုတ်ကြီးမှတ်လို့ .. ကျွန်တော် ၏ စိတ်အလိုမကျ သံကို ဖြိုးအောင်က တော်တော် သဘောကျ နေပုံရသည်။
ကိုကို ယောက်ျား မဟုတ်ဘူး
သဘာဝ ဟာ သဘာဝ ပါ
ထို့ နောက် သူက ဆက်လက်ပြီး . မင်းနဲ့ ကွာ ကြောင် ချစ်တာလည်း ချစ်တာပေါ့။ သူတို့ သဘာဝ ကိုတော့ မတားဆီးကောင်းပါဘူး..မင်း ၀ဋ်လည်တတ်တယ်နော်. ဟုဆို၏ ။
ဝဋ် လည် တတ် သည် တဲ့လား။ ငါ က စေတနာ နဲ့ ပါကွာ ။ လမ်းဘေး က ဆိုတော့ ရောဂါ ဘယ တွေ ဘာတွေ လည်း ကင်းမှာ မဟုတ်ဘူးလေ ။ ဒါကြောင့်ပါ။
ကျွန်တော် သည် အမှတ်တမဲ့ . ကြောင်စားခွက် ကို လှမ်း ကြည့်လိုက်သည်။ ကျွေးထားသော အစာ များကို မိဖြူ လုံးဝ မစား တာသေချာသွားပြီ ။ ဒီတော့ ကျွန်တော် လည်း တော်တော် သနားသွားသည်။ ဖြိုးအောင်ပြန်သွားသောအခါ ကျွန်တော်သည် မိဖြူကို တချက်ကြည့်လိုက်မိသည်။ အခန်းထောင့်တွင် ခွေခွေလေး ။
ကဲပါလေ . နောက်ဆုံးတော့ ကျွန်တော် စိတ်လျော့ လိုက်ပါတယ်။ ထို အထီးမပီသသော ကြောင်ကြီးကို ပြန်ပို့ ပြီးသောအခါ မိဖြူကို ကျွန်တော် ချီပွေ့ ပြီး အိမ်ရှေ့ ထုတ်လာသည်။ ထိုသို့ ချီပွေ့ စဉ် သူ၏ ခန္ဓာကိုယ် သည် သိသိသာသာ ပိန် သွားသည် ဟု ခံစားမိပါသည်။ ထို့ ကြောင့် အိမ်ရှေ့ တံခါးမကြီးကို ဖွင့်ပေးလိုက်မိပါသည်။
အစ ပိုင်းတွင် မိဖြူသည် အိမ်အပြင်သို့ မထွက်သေးပဲ ကြောင်တောင်တောင် ဖြင့် ကျွန်တော့်ကို ကြည့်လိုက် အိမ်အပြင်ကို ကြည့်လိုက် ဖြစ်နေသည်။ တအောင့်မျှ ကြာသော်အခါ အနှီ စုတ်ဖွား ကောင်ကြီးက ဖို သံ ပေး သဖြင့် ပျော်ရွှင်မြူးထူးစွာ အမြီး ကလေး နှံ့ ပြီး ပြေးထွက်သွားပါသည်။
ကျွန်တော် ကလည်း ဒါမျိုးကို ယခင် ကစိတ်ဝင်တစား မကြည့်ဖူးသော်လည်း ကိုယ် သိပ်ချစ်ရသော ကြောင်မလေး ဖြစ်နေ ၍ မည်သို့ ရှိအံ့ ဟူသော အတွေးဖြင့် စပ်စု ကြည့်မိ၏။
ကြောင်ထီးနှင့် ကြောင်မ သည် ဆယ်ပေ လောက် အကွာတွင် တစ်ကောင်ကို တစ်ကောင် ရန် စောင် နေသယောင် ပြုနေ၏။ ပါးစပ် မှလည်း သခင် နှင့် တွေ့ စဉ်ကလို ညောင်ညောင် ဟု မအော်တော့ပဲ ကလေးတစ်ယောက် ငို သံ လိုလို ၊ အခြားသတ္တ၀ါ တစ်ကောင် လိုလို အသံတစ်မျိုး ဝေါင်း..ဝေါင် ဟု အသံရှည်ဆွဲ ကာ အော်မြည် လေ၏။ ထို့ နောက် ကြောင်ထီးသည် အနား ကပ်သော်လည်း ကြောင်မ က အကပ် မခံပဲ ပြန်ကိုက်လေသည်။
အတန်ကြာသော် အော်မြည်သံများ ပျောက်သွားလေ၏ ။ မိဖြူသည် အိမ်ထောင့် နားရှိ တရုတ်စကားပင်ခြေရင်းသို့ ပြေးသွားလေသည်။ ဆွတ်ဆွတ်ဖြူ ပြီး ပင်လုံးမွှေးကြိုင် တရုတ်စကးပန်းများသည် အစီအရီ ဖူးပွင့်နေကြသည်။ ပန်းတချို့ လည်း မြေမှာ ပျံ့ကြဲနေ၏ ။ အပင်နားသို့ မရောက်မိကပင် ပန်းရနံ့ တို့ က လေညာ ရပ်ဆီသို့ မွေးပျံနေသည်။ ကြောင်မလေး ၏ ခန္ဓာကိုယ်က အဖြူရောင် တရုတ်စကားပွင့် တို့ ကလည်း ဆွတ်ဆွတ်ဖြူနေသဖြင့် လွန်စွာ ပနံရလိုက်ဖက်ညီလေသည်။
ကျွန်တော့် စိတ်ထဲတွင်တော့ မိဖြူသည် စိတ်ကူးကောင်းကောင်းဖြင့် ထို တရုတ်စကားပန်း ပင်ဆီသို့ များ ချစ်ရည်လူးဖို့ တမင်သွားလေရော့ သလား ဟု ထင်မိပါသည်။
သူမ ၏ ကြောင်ထီးကလည်း အနောက်မှ ထပ်ကြပ်မခွာလိုက်လေ၏ ။ မိဖြူကလည်း အပင်ကို ပတ် ၍ ပြေးလေ၏ ။ ၄င်းတို့ နှစ်ကောင်သည် ကျွန်တော့် မျက်စိ ထဲတွင် မြန်မာရုပ်ရှင်များ ထဲက မင်းသားမင်းသမီးများ ၏ ချစ်ခန်းကြိုက်ခန်း တွင် ပန်းခြံထဲတွင် ပြေးလွှားနေသယောင် ဟု ပင်ခံစားမိပါသည်။
နောက်ဆုံးတွင် အဆိုပါ ကြောင်နက်လေးက မိဖြူ၏ လည်ဂုတ်ကို မိမိရရ ခဲ ထားလိုက်သည်။ သူမ ကလည်း ရုန်းကန်ခြင်းမပြုချေ။
အော်.. သူ တို့ ကြည်နူးနေကြပါလားဟု ပြန်လည် ၍ အသိဝင်လာချိန်တွင် ကျွန်တော် သည် ကြောင်နှစ်ကောင်ကို ရပ်ကြည့်နေရာမှ အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။ အိမ်ထဲသို့ ရောက်သော် လုပ်စရာ ရှိသည့် အိမ်မှူ့ ကိစ္စ များကို လုပ်နေရင်း မိဖြူ တို့ကို တဖန် ပြန်လည် ၍ သတိရမိ၏ ။ ဒင်းတို့ ဘာများ လုပ်နေကြပါလိမ့် ဟူသော စပ်စု စိတ်များပြင်းထန်လာသဖြင့် ပြတင်ပေါက်မှ ချောင်းကြည့်လိုက်သောအခါ .
ကြောင်နှစ်ကောင်လည်း အိမ်ရှေ့ တွင် ရပ်ထားသော သိန်းပေါင်းများစွာတန်သည့် Landcruiser ဟုခေါ်သည့် ကားအကောင်းစားကြီး၏ ခေါင်မိုး ပေါ်သို့ ရောက်နေကြသည်။ အော်.. ဒီကြောင်တွေ . တော်တော်အကောင်း ကြိုက်ပါလား။ လုပ်စရာ နေရာရှားလို့  သိန်းထောင်ချီတန်တဲ့ ကားပေါ်ကိုမှ တက်လုပ်စရာလား.။ ပြသနာရှာနေပြီ ကားပေါ်မှာ ကြောင်လက်သည်းရာ တွေ ခြစ်မိရင် ငါ့ တာဝန် ဖြစ်နေအုံးမယ်။
ထွက်ပြီးတော့ မောင်းထုတ်လိုက်ရင်ကောင်းမလား ။ အို . ဒါလည်းမဖြစ်သေးပါဘူး။ ဖြိုးအောင်က ပြောဖူးတယ်..၀ဋ်လိုက်တတ်တယ်တဲ့ ။
ဟုတ်ပါသည်။ တိရစ္ဆာန်တို့ မည်သည် အိပ် စား ကာမ ဟူဆိုသည့် တာဝန် သုံးရပ်တွင် နောက်ဆုံးတာဝန် ကိုကျေပြွန်စွာထမ်းဆောင်နေကြပါသည်။ (နားနှင့်မနာ ဖ၀ါးနှင့် နာ .ပေးပါရန် ) ဤလောကတွင် ဖိုသတ္တ၀ါတို့ သည် မ သတ္တ၀ါ တို့ ကို တွေ့ မြင်သည့်အခါ ပြုမူ ကြသည့်အတိုင်း ပြည့်ပြည့်စုံစုံကြီး ပြုမူနေလေ၏။
ထို့ ကြောင့် ကျွန်တော် သည် လည်း စိတ်နှလုံးဒုံးဒုံးချကာ အိမ်ထဲသို့ ပြန်ဝင်ကာ ပလက်ကုလားထိုင်ပေါ်တွင် တွေ့ ရာ စာအုပ်တစ်အုပ် ကို ဖတ်နေလိုက်ပါတော့သည်။
မုန်းပင် ပျိုး မိသော ခွေးတစ်ကောင်
ထိုစဉ် အူး...အူး..ဟူသော ဆွဲငင်သံဖြင့် လမ်းထိပ်နား ဆီမှ ခွေးအူသံ ကို သဲ့သဲ့မျှ ကြားမိပါသည်။ ထို့ ကြောင့် ကျွန်တော်သည် ငယ်စဉ်က ခွေးကိုက် ခံ ရဖူးသည်ကို ပြန်လည် ၍ သတိရမိပါသည်။
ကျွန်တော် ငယ်စဉ် က ဒုတိယတန်း ကျောင်းသား အရွယ် ။ ကျူရှင်သို့ သွားစဉ် လမ်းထဲတွင် အိမ်တအိမ်မှ မွေးထားသော အိမ်မွေးခွေး တစ်ကောင်သည် ကျွန်တော့် ကို ထွက်ကိုက်ဖူးပါသည်။
ထိုခွေးသည် တခြားမည်သည့် လူ ကိုမျှ မကိုက်ပဲ ကျွန်တော့်ကို သာ ကိုက်သဖြင့် ခွေးရှင် များကလည်း အံ့သြနေကြသည်။ ဒီ ကလေး ကံ နိမ့် လို့ ခွေးကိုက်ခံရတာ ဟု လည်း တီးတိုးပြောနေကြသည်။
ခွေးရှင်များနှင့် လည်း တလမ်းထဲနေ မျက်နှာသိများ ဖြစ်နေသဖြင့် အိမ်ထဲသို့ ခေါ်ကာ ဒဏ်ရာကို ဆေးထည့်ပေးမည်ဟု ဆိုလေသည်။
အဲဒီမှာ စတွေ့ တော့တာပါပဲ။
အိမ်ရှင်၏ သမီးများ ။ တူမများ။ အိမ်တွင် ခိုင်းစေသော မိန်းမငယ်လေးများ ကပါ ကျွန်တော့် တင်ပါးမှ ခွေးကိုက်ဒဏ်ရာကို စိတ်ဝင်စားနေကြသည်။ ကျွန်တော်သည် အသက်အားဖြင့် ဆယ်နှစ်ခန့် ရှိပြီဖြစ် ၍ တစိမ်းမိန်းကလေးများ ရှေ့ တွင် မိမိ၏ဘောင်းဘီကို ချွတ်ပြရန် ၀န်လေးနေမိသည်။ ထို အန်တီကြီးကလည်း အရက်ပျံ ပုလင်းကို ဖွင့်ကာ အသင့်စောင့်နေလေ၏။
ဟော့ ကလေး. ချွတ်လေ ဘောင်းဘီ ။ ဒီမှာ ဆေးထည့်ရမယ်။ ဒါမှ ရောဂါ ပိုးမ၀င်မှာပေါ့ ။
ဟုတ်..ဟုတ်ကဲ့.
ကျွန်တော်သည် မရဲတရဲနှင့် ဘောင်းဘီကို တဖြည်းဖြည်း ချွတ်ပေးလိုက်ရ၏ ။ ထိုစဉ် အသက် ၆ နှစ်ခန့် သာရှိမည့် အိမ်ရှင်၏ အငယ်ဆုံး သမီးလေးက အရှေ့ တည့်တည့်မှနေ ၍ .. ဟာ..အကြီး...ကြီး ပဲ နော်......ဟူ ၍ ကျယ်လောင်စွာအော်လေ၏။
အော်...ဒီကောင်မလေး နှယ် ဒဏ်ရာက အနောက်ဖက် တင်ပါး မှာ.နော.်....ငါ့ အရှေ့ တည့်တည့် က....ဘာ ကို ကြည့်ပြီး.ဘာတွေ လျှောက်အော် နေတာလဲမသိပါဘူး
အရက်ပျံသည် လွန်စွာ စပ် ၍ ဒဏ်ရာ သည် အနည်းငယ် နက် သည်ဟု ဆိုပါသည်။ ကျွန်တော်သည် တချက်တွန့် လိုက်တိုင်း ၀ိုင်းအုံ ၍ ကြည့်နေသော မိန်းမငယ်လေးများကလည်း တခွီးခွီးနှင့် သဘောကျစွာ ရယ်မော ကြလေတော့သည်။ ထို့ ကြောင့် အသားနာသည့် ဒဏ် နှင့် အရှက်ကွဲ သည့် ဒဏ် နှစ်ခု စလုံးကို ရောပြွမ်း ပြီးခံစား လိုက်ရလေသည်။
ဤမျှမက . အဖေ ကလည်း ခွေးရူးရောဂါ ကာကွယ်သည့်အနေဖြင့် ဆေးထိုးရန်သင့် မသင့် ဆရာဝန် ဆီသို့ ခေါ်ဆောင်သွားပါသည်။ ဆရာဝန်က ခွေးရူး ကာကွယ်ဆေးထိုးရန်မလိုကြောင်း ။ ကိုက်သည့်ခွေးမှာ အိမ်မွေးခွေး ဖြစ်သည့်အတွက် စိတ်ချ လို့ ရနိုင်ကြောင်း။ သို့ သော် မေးခိုင် ကာကွယ်ဆေး အဖြစ် ဆေးတစ်လုံးတော့ ထိုးရန်လိုကြောင်း ဆိုပြီး ဆေးတစ်ကြိမ် ထိုးလိုက်ရပါသည်။
ထိုအချိန်မှ စတင် ၍ နုနယ် ငယ်ရွယ်သောကျွန်တော် ၏ ရင်ထဲတွင် မိမိအား အသားနာအောင် ၊ အရှက်ကွဲအောင် ကိုက်သည့် ခွေး ဟူ ၍ အမုန်းကြီး မုန်းမိပါတော့သည်။
ကျွန်တော်သည် ခွေး ကို မုန်းလောက် ကြောင် ကိုတော့ ချစ်မိသည် မှာ ထူးဆန်းပါသည်။
တချို့ က ခွေး သည် သစ္စာ ရှိသည်။ ကြောင် ဟူသည်ကား သစ္စာ မရှိ ။ ကောင်းလျှင် နေ ၍ မကောင်းလျှင် သခင်ကို စွန့် ခွာ သွားတတ်ကြသည်ဟု ဆိုပါသည်။
သို့ ဆိုလျှင် တစ်ခု လောက်တော့ မေး ချင်ပါသည်။ အသိဥာဏ် ရှိသော ကျွန်တော် တို့ လူသားများ သည်ပင် သာ သည့် နေရာ နှင့် ဆင်းရဲနိမ့်ကျ သည့် နေရာ နှစ်ခု ယှဉ်လာပါလျှင် မည်သို့ ရွေးချယ်မည်နည်း။
မိမိ အိမ်တွင် ဟင်း မကောင်းလျှင် . အပြင်ထွက်ကာ ထမင်းဆိုင် သို့ သွားစားကြသည်မှာ လူအများစု ပင်ဖြစ်သည်။ ပိုက်ဆံ ချွေတာလို ၍ အတင်းကြိတ်မှိတ်ပြီး စား လျှင်တောင်မှ ရေရှည်တွင်တော့ မလွယ်ပေ။
ကြောင် ဟူ သည့် သတ္တ၀ါ များသည်လည်း အသွေးအသားနှင့် တည်ဆောက်ထားသဖြင့် အကောင်းကြိုက် မှာတော့ သေချာပါသည်။
သို့ သော် ကျွန်တော့် အတွေ့ အကြုံ အရ သစ္စာ မရှိသော ကြောင် ဟူ ၍ လုံးဝ မတွေ့ ဖူးပါ။ ကျွန်တော် မွေး ခဲ့သော ကြောင်များသည်လည်း ကျွန်တော့် အပေါ်တွင် အသိဥာဏ် ရှိသော လူသား များထက်ပင် သစ္စာ ရှိကြပါသည်။
ထို့ ကြောင့် ကျွန်တော် ကြောင် များကို ချစ်ပါသည်။
တော်သလင်း တပ်သားများ
ပုလက်ကုလားထိုင်ပေါ်တွင် စဉ်းစား ခန်းချဲ့ စဉ် လမ်းထိပ်မှ ခွေးအူသံများသည်လည်း ပို ၍ကျယ်လောင် နီးကပ်လာပါသည်။
သေချာပါသည်။ ခွေးတွေ လမ်းထဲသို့ အုပ်စုလိုက် ၀င်လာကြပြီ ။ အော်.. တော်သလင်း လ ဆိုတော့လည်း ဒင်းတို့ ရဲ့ လ ပဲပေါ့လေ။
ထိုစဉ် ကျွန်တော်သည် မိဖြူကို ဖျတ်ခနဲ သတိရလိုက်ပါသည်။ ခါတိုင်း ခွေး တွေ အူ လျှင် သူသည် ကျွန်တော့်နားသို့ တိုးကပ်လာလေ့ရှိပါသည်။ ကျွှန်တော်ကလည်း အလိုက်တသိ ထွေးပွေ့ ထားပေးရပါသည်။
ယခုတော့ သူ က အိမ်အပြင်သို့ ရောက်နေချေပြီ ။ လမ်းပေါ်မှာ ခွေးတွေကအများကြီး ။ မိဖြူက လမ်းပေါ်မှာ။
ကျွန်တော်သည် ထိုင်နေရာမှ တံခါးဆီသို့ လျင်မြန်သော အဟုန် ဖြင့် အရောက်သွားပြီး တံခါးကို ကမန်းကတမ်း ဖွင့်လိုက်မိသည် ။ မြင်လိုက်ရသော မြင်ကွင်းသည် ရင်ထဲတွင် စိုးရိမ်ထားသည့်အတိုင်းပင် အတိအကျ။
မြင်လိုက်ရသည်က ။ ခွေးတအုပ် နှင့် ကြောင်နှစ်ကောင် ရင်ဆိုင် သောတိုက်ပွဲ တစ်ခု အသွင်။
ခွေးအုပ်ကြီးတွင် စုစုပေါင်း ငါး ကောင်ခန့် ရှိပေသည်။ ထိုအထဲတွင် ခွေးသမင် ဟုခေါ်သော အလွန်ထွားကြိုင်းသည့် အုန်းခွံရောင် ခွေးကြီးက ကြောက်စရာ အကောင်းဆုံးပင်။ ပါးစပ်ကြီးများ ဖြဲပြီ ဂီးဂီး ဟု မာန်ဖီ ကာ လျှင်မြန်သောအဟုန်ဖြင့် ချီတက်လာကြသည်။
ကျွန်တော်သည် ခွေး ကြောက်သောသူ ဖြစ်သည့် အတွက် ဤ ခွေးအုပ်ကိုတော့ ထွက်ပြီး ရင်ဆိုင်ရန် မ၀ံ့ချေ။ ကျွန်တော် အဝေးမှ လှမ်းပစ် သော ဂဲ လုံးများကလည်း အဆိုပါ တော်သလင်း အုပ်စုကြီးကို ထိရောက်စွာ မဟန့် တားနိုင်ချေ။
မိဖြူနှင့် စုတ်ဖွားတို့ လည်း ဆောက်တည်ရာမရ ဖြစ်ကြကုန်၏။ ဘယ်ဆီသို့ ပြေးလို့ ပြေးရမှန်းမသိ ။ ထို့ ကြောင် မိဖြူက အရင်ဆုံး တရုတ်စကားပင် ကြီးဆီသို့ ပြေး၏ ။ စုတ်ဖွားကလည်း နောက်က လိုက်၏။ ခွေးတကောင် ကလည်း သူတို့ နှစ်ကောင်နောက်သို့ ပြေးဟပ်၏။ တဖန် ကြောင် နှစ်ကောင် က ရပ်ထားသော မော်တော်ကား အောက်သို့ ဝင်ပြေး၏ ။ ခွေး များကလည်း ပတ်ချာလည် လှည့်ကာ လိုက်လေ၏။ နောက်ဆုံးတွင် မိဖြူသည် ကားဘီး နားမှ ခိုကာ ကျွန်တော် ဖွင့်ထားသော တံခါး ဆီသို့ တန်းတန်းမတ်မတ်ပြေးဝင်လာသည်။
ကျွန်တော်ကလည်း အလိုက်သင့် တံခါးကို ဖွင့်ပေးထားလိုက်သည်။ ပါးစပ်ကလည်း မိဖြူ ရေ.. ဒီကိုလာ..လာ.. ဟု ကျယ်လောင်စွာ အော်ဟစ်နေမိသည်။
သို့ သော် မိဖြူသည် အိမ်ပေါက်ဝ ဆီသို့ အရောက်တွင် ကျွန်တော်ကို တချက်မျှ လှမ်းကြည့်သည်။ ထို့ နောက် ကျွန်တော့်ကို မြင်သော် သူ၏ ခြေလှမ်းများကို တုန့် ခနဲ ရပ်ပြီး နောက်သို့ တဖန်ပြန်လှည့်သွားသည်။ သူ ၏ စိတ်တွင် ကျွန်တော် အရင်က အိမ်ထဲ ပိတ်လှောင်ထားသည် ကို ကြောက်ရွံ့  ၍ လားတော့ မပြောတတ်။ သို့ နည်းမဟုတ် . သူ၏ နောက်မှ ကပ်လိုက်လာသော သူမ ၏ ကြောင်ထီး စုတ်ဖွားကောင်ကို ကျွန်တော်က ရိုက်ထုတ်မည် စိုး ၍ လား မည်သို့ ဖြစ်သည် မပြောတတ်။ မိဖြူသည် ချက်ချင်းဆိုသလိုပင် နောက်လှည့်ကာ ပြေးမိပြေးရာ ပြေးလေသည်။ သူမ ၏ ဦးတည်ရပ် က မော်တော်ကားလမ်း မပေါ်ကိုဖြစ်သည်။
ထိုစဉ် ကားအောက်ကို ငုံ့ ကာ ရှာနေကြသော ခွေး အုပ် ကလည်း မိဖြူတို့ ကို မြင်သွားသဖြင့် ၄င်းတို့ အနောက်သို့ သဲကြီးမဲကြီး လိုက်လေ၏။ ကြောင်မလေးသည် ကတ္တရာလမ်းမပေါ်သို့ လျင်မြန်စွာ ပြေးပြီးတဖက်ကမ်းဆီသို့ ကူရန်ကြိုးစားနေသည်။
ထိုစဉ် နှေးကွေးစွာ မောင်းလာသော ဘတ်စ ကား ကြီးကို အလုအယက် ကျော်တက် လိုက်သော ဟိုင်းလစ် ကား လေးသည် လျင်မြန်သောအရှိန် ဖြင့် မိဖြူ၏ ခေါင်းကို ပိပြားစွာနင်းချေ လိုက်သည်။
ဂွန့်  ဟု အော် သံ တချက် သာ ကြားလိုက်ရသည်။ သွေးတို့ သည် လမ်းပေါ်တွင် ရဲ ခနဲ ဖြစ်သွားသည်။
ကျွန်တော့် ၏ ရင်ခေါင်းထဲမှ ဟာ.... ဟူသော စကားတစ်လုံးသာလျှင် ထွက်လာသည်။
မိဖြူသည် ထိုနေရာတွင်သာ ပွဲချင်းပြီး ဇီဝိန်ကြွေရှာလေသည်။ ကျွန်တော် သည် ထိုအခိုက် ကမ္ဘာကြီး ခေတ္တမျှ ရပ်တန့် သွားသည် ဟု ပင် ထင်မိပါသည်။ အဖြစ်အပျက်တို့ ကိုလည်း တုန်လှုပ် အံ့သြစွာ ငေးကြည့်နေမိပါသည်။ ထိုအခိုက် မည်သည့်အသံကိုမှ လည်း မကြား ၊ မည်သူ့ ကိုမှလည်းမမြင်တော့ပေ။
ကြောင်တစ်ကောင်ကို တက်ကြိတ်သွားသော ကား သမားကလည်း သိပင် သိလိုက်မည် မထင်။ အရာရာသည် လျှပ်ပြက်သလို မြန်ဆန်စွာ ဖြစ်ပျက်နေသည်။
သို့ သော် မပြီးဆုံးသေးသော တိုက်ပွဲကို ဆက်လက် ဆင်နွဲ နေသူကား ကြောင်သတ္တိခဲ လေး စုတ်ဖွားပင်ဖြစ်သည။် စုတ်ဖွားသည်လည်း မိဖြူ ကားတိုက်ခံရသည်ကိုမြင်လိုက်ကတည်းက ရှေ့ သို့ ဆက်လက်မပြေးတော့ပဲ ခွေးအုပ်ကို ရပ်စောင့် ကာ ခုခံ လေသည်။ အမှန်ဆိုလျှင် သူ ပြေး လျှင် လွတ်နိုင်သော အနေအထား ရှိ၏ ။ သို့ သော် အဘယ်ကြောင့် ဆက်လက် မပြေးတော့သည်ကို တော့ စဉ်းစား ၍ မရအောင် ပင် ရှိနေသေးသည်။ ထို ကြောင်လေး ၏ ကံကြမာ ဆိုး သေမင်း များကလည်း နီးသထက် နီးလာပြီ ။ လျှာများကို ထုတ်ကာ အစိမ်းလိုက် ၀ါး စားတော့မတတ် ဖြစ်နေသော ခွေးအုပ် ကြီး သည် နောက်ဆုံး ကြောင်လေးကို ၀ိုင်းလိုက်ကြသည်။ ပြီးနောက် ခွေးညိုကြီးက ကြောင်၏ ခေါင်းကို ခဲသည်။ ကျန်ခွေးများကမူ ခြေထောက်ကို ဆွဲသူက ၊ ဗိုက်ကို ဖြတ်ကိုက်သူက ကိုက်ဖြင့် တကယ့်ကို တောနက်ထဲက သားရဲတိရစ္ဆာန်တို့ ၏ စရိုက်အတိုင်းပင်။ ကျွန်တော် သည် ဖြစ်ချင်ရာဖြစ် ပြေးထွက်ကာ အဆိုပါ ခွေးအုပ်ကို ခြေထောက်ဖြင့် ပြေးကန် လိုက်မည်ဟု စဉ်းစား သေးသည်။ သို့ သော် အဆိုပါ အဖြစ်အပျက် တို့ ကို အလုံးစုံမြင်နေသော အိမ်နားမှ ဦးလေးကြီးက ကျွန်တော့် ပခုံးကို ကိုင်ကာ အန္တရာယ်ရှိသည်ဟု အတင်းတားထားသဖြင့် ရင်နာနာ ဖြင့်သာ ကြည့်နေလိုက်ရသည်။
ထိုဦးလေးကြီးကဆိုသည်။ ခွေး နှင့် ကြောင် ဆိုတာကလည်း ကမ္ဘာ့ရန်ပါပဲ ။ စရိုက်ဆိုးသော လမ်းဘေးခွေးများက ကြောင် များကို အသက်အန္တရယ် အထိရန်ရှာတတ်ကြသည် မှာ သဘာဝ ပင် ဖြစ်သည်။ ပုံမှန် အချိန်များတွင် ကြောင်များက လျင်မြန်စွာ လွတ်မြောက်အောင် ကြံဆောင်နိုင်သော်လည်း ၊ မိတ်လိုက်ချိန် . မ စိတ်မွန် နေလျှင်တော့ ခွေးတို့ ၏ ရန်ရှာမှု့ ကို ခံရတတ်ပေသည်။
စက်ဆုတ်ဖွယ်ရာ မြင်ကွင်းကြီးတွင် ခွေးအုပ်ကြီးက တောခွေးများပမာ ကြောင်တစ်ကောင်ကို တစ စီ ကိုက်ဖဲ့ ကာ အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြတ်လိုက်ကြသည်။ ၄င်းတို့ စိတ်ကျေနပ်မှ အူး…..အုး.. ဟူ ၍ အသံရှည်ကြီးဖြင့် အောင်ပွဲခံကာ တပျော်တပါးကြီး ပြန်ထွက်သွားကြလေသည်။ ကြောင်နှစ်ကောင် ကတော့ ပုံပျက်ပန်းပျက်ဖြင့် ဇိဝိန်ကြွေ ရှာလေပြီ ။
မျက်ရည်များနှင့် နှုတ်ဆက် သူ
ကျွန်တော်သည စိတ်မချမ်းမြေ့ စွာ ဖြင့် ပေါက်တူးတစ်လက်ကို ကိုင်ကာ ကြောင်သေ နှစ်ခုကို မြေမြုပ် သင်္ဂြိုင်္လ ရန် လမ်းထိပ်ဆီသို့ ထွက်လာခဲ့သည်။ ဂျွတ်ဂျွတ်အိတ်ထဲက ကြောင်သေ နှစ်ခုသည် ပင်ကိုယ်ရုပ် ပင်ခွဲခြား ၍ မရအောင်ဖြစ်လေသည်။
အော်.. နံနက်တုန်းက လွန်စွာလှပပြီး ၊ ချစ်စရာကောင်းသော ကျွန်တော် ၏ မိဖြူလေးသည် ယခု အချိန်တွင် မြင်မကောင်းအောင်ပင် ရှိလေသည။် ကျွန်တော်သည် ယိုင်နဲ့ သော ခြေလှမ်း တို့ ဖြင့် လမ်းထိပ် ရှိ မြေကွက်လပ်သို့ ရောက်ရှိလေပြီ ။ မြေကြီးကို တချက် ပေါက်လိုက်တိုင်းလည်း ကျွန်တော့် ရင်ထဲက နှလုံးသားကို တချက်ပေါက်လိုက်သည့်အလား ခံစားရပါသည်။ လက်တစ်တောင် အနက် လောက် ရှိသောအခါ ရှေးဦးစွာ တစစီ ဖြစ်နေသော ကြောင် စုတ်ဖွား လေးကို အရင်ထည့်လိုက်ပါသည်။ ပြီးနောက် ကျွန်တော့် ရဲ့ မိဖြူလေး။
ခေါင်းတခုလုံးကြေမွ သွားသော်လည်း သူ ၏ ခန္ဓာကိုယ်ကတော့ ဖြူလွလွ အမွေးပွများနှင့် နွေးထွေးနေဆဲ ဟု ခံစားရပါသည်။ တချိန်တုန်းက ယုယစွာ ပွတ်သပ် ခဲ့ဖူးသော ၊ နမ်းရှိုက်ဖူးသော ကျွန်တော့်ရဲ့ အချစ်ဆုံး ကြောင်မလေး ။ နောက်ဆုံးအချိန်မှာ ကျွန်တော့် ဆီကိုသာ ပြေးဝင်ခဲ့ရင် ဒီလို အဖြစ်ဆိုး တွေ ဖြစ်မှာမဟုတ်။ ကျွန်တော့်ကို ဟို ယခင်ရက်တွေက ချုပ်နှောင် ရိုက်နှက် မိသည်တို့ ကို အထင်လွဲရော့လေတော့ သလား ။
ကျွန်တော်သည် မြေမြူပ်ခြင်းကိစ္စ ပြီးနောက် အဆိုပါမြေပုံလေးကို အတန်ကြာအောင်စိုက်ကြည့်နေလိုက်သည်။ ပြီးနောက် အသင့်ယူလာသော မိဖြူ စားနေကျ ကြောင်စာခွက်လေး နှင့် သူ အမြဲလိုလို ဆော့ကစားလေ့ရှိသော သားရေးဘောလုံးလေး ကို မြေပုံ အပေါ်တွင် တင်ပေးလိုက်မိသည်။
သွားတော့ မိဖြူ . သွားတော့ ။ ရင်ထဲတွင် ဆို့ နစ် ပြီးတက်လာသည်။ မြေပုံကို ကြည့်နေသော ကျွန်တော့် မျက်လုံးများသည် အဘယ်ကြောင့်မှန်းမသိေ၀၀ါးမှုန်ရီ လာပါသနည်း။ အော်.. မျက်ရည် ဆိုတာ ဒါပါလား။
မိဖြူ နှင့် စုတ်ဖွားလေးတို့ ကောင်းရာသုဂတိ လားပါစေသား
ကျွန်တော်သည် ကြောင်နှစ်ကောင်ကို အတူတကွ မြေမြူပ် ပြီးနောက် အတွေးထဲတွင် ၄င်းတို့ ၏ အဖြစ်အပျက်များ သည် တရေးရေးပြန်ပေါ်လာပါတော့သည်။ သို့ သော် ကျွန်တော် နားမလည် နိုင်သည့်အချက်က ကြောင်စုတ်ဖွား လေးဖြစ်သည်။ ကြိုးစား ပြီး ရုန်းကန်ထွက်ပြေးလျှင် ၊ အနီးရှိ သစ်ပင် ပေါ်သို့ တက်ပြေးလျှင် လွတ်မြောက်ဖွယ် ရာရှိသော်လည်း မိဖြူ ကို ကားတိုက်လိုက်သည့် အဖြစ်အပျက် မြင်လိုက်ရသည်နှင့် အဘယ်ကြောင့် ထိုနေရာတွင်ပင် ရပ်တန့် ပြီး အသေခံ သွားရပါသနည်း ။ ဇာမဏီ ငှက်တို့ သည် တစ်ကောင်သေပါက နောက်တစ်ကောင်လည်း လိုက်သေသည်ဟု ပုံပြင် ဒဏ္ဏာရီ တွင်တော့ကြားဖူးပါ၏ ။ သို့ သော်... ယခုတော့.....
ထိုစဉ် မလှမ်းမကန်းမှ ထီရောင်းသော ထီတွန်းလှည်းလေးက ဖြတ်သွားသည်။ ထို ထီလှည်းလေးက ဖွင့်ထားသော ထူးအိမ်သင် သီချင်းလေးကလည်း ကြောင်ကလေးနှစ်ကောင် ၏ အဖြစ်ကိုပို ၍ တသသ လွမ်းစရာပင်။
((ကိုယ်တစ်ယောက်တည်း မင်း မရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်
မနေ့ က ငါ သေဆုံးသွားခဲ့ ။ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် မနေ့ ကငါ သေဆုံးသွားခဲ့
ရှင်သန်ခြင်းရဲ့ အဓိပါယ် ဘယ်မှာလိုက်လို့ ရှာမလဲ ကြင်နာသူမင်းမရှိခဲ့ရင် ကိုယ်တစ်ယောက်တည်း.........))
ထိုညက ကျွန်တော်သည် တော်ရုံနှင့် အိပ်မပျော်ခဲ့ပေ။ နားထဲတွင် မိဖြူ ၏ အော်သံလေးများကိုလည်း ကြားယောင်နေမိသည်။ ကုတင်ခြေရင်းတွင်လည်း သူ အိပ်ခဲ့သည့် အိပ်ယာ နေရာလေးကလည်း ပုံစံမပျက်ပင်။
ထို့ နောက် အိပ်စက်ခြင်းသို့ ရောက်ပြီး ထူးဆန်းစွာ အိပ်မက် မက်လေသည်။
အိမ်ရှေ့ တရုတ်စကားပင် အကွယ်မှ ကြောင်ဖြူမလေး တစ်ကောင် သည် ကျွန်တော့် ဆီသို့ ပြေးဝင်လာသည်။ ကျွန်တော်သည် ထို ကြောင်ဖြူမလေးကို ရင်းနှီးသလိုလို ခံစားရမိသည်။ လှမ်းခေါ်မည် အပြုတွင် သူသည် ကျွန်တော့်ကို တချက်မျှ ကြည့်ပြီး အနောက်သို့ ပြန်ပြေးကာ တရုတ်စကားပင်အကွယ်တွင် ပျောက်သွားလေသည်။
ထို့ နောက် ထို အပင်အကွယ်လေးမှ ဂါဝန်အဖြူလွလွ လေးနှင့် ချစ်စဖွယ်ကလေးမလေးတစ်ယောက်သည် ကျွန်တော့်ဆီသို့ ပြေးလာသည်။ ကျွန်တော့်အနားသို့ အရောက်တွင်ထိုကလေးမ လေးကိုသေချာကြည့်လိုက်မိသည်။ ကျွန်တော့်ကိုမော့်ကြည့်နေသော သူ၏ မျက်လုံးများသည် ကျွန်တော့်စိတ်ထဲတွင်ရင်းနှီးနေသလိုလို ပင်။
ထို့ နောက် ကျွန်တော်ကို သေချာစွာစိုက်ကြည့်ပြီး နောက်သို့ လှည့်ကာ တရုတ်စကားပင် ကြီးဆီသို့ ပြန်ပြေးလေသည်။ ကျွန်တော့်ကို လုံးဝ လှည့် ပင် မကြည့်တော့။ ကျွန်တော်ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်ရပ်ခံစားလိုက်ရသည်။ ဘယ်လောက်ပင် ကြိုးစား အော်ခေါ်သော်လည်း အာခေါင် ထဲမှ မည်သည့်အသံမှ ထွက်မလာချေ။ နောက်ဆုံး . အားကုန်ထုတ်ကာ … ပင်ပန်းကြီးစွာ အော်ခေါ်လိုက်မိလေတော့သတည်း။။
… မိ ..မိ.....မိဖြူ……..မိဖြူ ရေ။။။
ပြန်ပြောရင် အလွမ်းဖြစ်စေ။
ဆက်လက်ကြိုးစားပါအုံးမည်။
ဇော်ပြည့်
ဤပို့ စ် ကို www.roadtoarabian.blogspot.com တွင် ရှူရန်။
ကျနော်လဲကြောင်တအားချစ်တာဗျ။ ခံစားရတယ်ဗျာဖတ်ရတာ။ အလွန်ကောင်းတယ်။
ReplyDeleteOh! That sound good....Pls Try On.....
ReplyDelete