မိတ်ဆက် နိဒါန်း
ခေတ်ပညာတတ် လူငယ်တစ်ဦးဆိုတိုင်း မလွဲမသွေ ဖြတ်သန်းရသော ပျော်စရာအချိန်လေး တစ်ခုကို ပိုင်ဆိုင်ဖူးကြပေမည်။ ထို ပျော်စရာအချိန်လေးသည် တက္ကသိုလ်ကျောင်းသားဘ၀ ၏နေ့ ရက်လေးများဖြစ်ပေသည်။ လူတစ်ယောက်အတွက် တက္ကသိုလ် တတ်ခွင့်ရသော အချိန် သည် ထိုသူ၏ ဘ၀တွင် အပျော်ဆုံး အချိန်လည်း ဖြစ်ပေမည်။
အပူပင်ကင်းသော ကျောင်းသား ဘ၀ ၊ သူငယ်ချင်းများ ၊ အတန်းဖော်များနှင့် စလိုက်ကြ နောက်လိုက်ကြ တကယ့်ကို ပျော်စရာပင်။ နောက်နောင် ဘယ်လိုမှ ပြန်မရနိုင်သော အချိန်အခါလေးများဖြစ်ပေသည်။
သို့ ဆိုလျှင် ကျွန်တော့်တွင်လည်း တက္ကသိုလ်နှင့် ပတ်သက်သော အဖြစ်အပျက်များ ၊ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာများ ၊ တက်ကြွဖွယ်ရာများ ၊ စိတ်ပျက်အားငယ်ဖွယ်ရာများနှင့်ပြည့်နှက်လျက်ရှိပေသည်။
ဟိုး ယခင်ရှေးကတည်းက ပင် တက္ကသိုလ်နှင့်ပတ်သက်သော နောက်ခံ သီချင်းများ ၊ ရုပ်ရှင်များ ၊ ၀တ္တုများ ၊ ကဗျာများ က အင်းလျားကန်ကြီး တစ်ခု စာမျှ ပြည့်နှက်လျက်ရှီပေသည်။
ကျွန်တော် အရွယ်ရောက်သော် . (ဆရာ)မင်းလူ ၏ တက္ကသိုလ် နောက်ခံ အချစ်ဝတ္တုများက ခေတ်စားနေပြီ ။ မာလာဆောင်နှင့် ပတ်သက်သော သီချင်းများကလည်း ပျံ့ လွင့်နေပြီ ။ သို့ သော် အများစုက သမုဒယ ချစ်ခြင်းမေတ္တာ တို့ ကိုသာ ရည်ညွှန်းကြသည်။
သို့ သော် တက္ကသိုလ်နှင့် ပတ်သက် သော တကယ့်အဖြစ်အပျက် အကြောင်းအရာ ပြောစရာများ ၊ ကြားချင်သော စကားများ ၊ ဖတ်ချင်သော စာအုပ်များက မူ မပေါ်ထွက်လာခဲ ပေ။
အမျိုးမျိုးသော အကြောင်းကြောင်း ကြောင့် . တကယ့်ရင်ထဲတွင်ရှိနေသော ဖြစ်ရပ်မှန်အကြောင်းအရာများကို ဖွင့်ပြောဖို့ တွန့် ဆုတ်လျက် ရှိကြသည်။ ဖြစ်ရပ်မှန်တို့ က ရှာပါးလေစွ။
မှတ်မှတ်ရရ . စာရေးဆရာ အောင်ပြည့် ၏ ပြိုမှာလေလား မိုးရဲ့  ဟူသော ဦးသန့် အရေးအခင်း နောက်ခံ ကျောင်းသား သပိတ်တိုက်ပွဲ အကြောင်းရေးထားသော စာအုပ်ကိုသာ လက်ညှိုးထိုးပြစရာရှိသည်။ ယခု အချိန်တွင်မူ အဆိုပါ စာအုပ် လည်း ဘယ်လိုမှ ပြန်ရှာ လို့ ရနိုင်မည် မဟုတ်တော့ချေ။
ကျွန်တော်ကတော့ သတ္တိရှိရှိနှင့် ကျွန်တော်ဖြတ်သန်းခဲ့ရသော တက္ကသိုလ် ဆိုသည့် ကျောင်းတော်ကြီးအကြောင်းကို ပြန်လည် ပြောပြချင်ပါသည်။ သို့ သော် . ပဋိပက္ခအရေးအခင်းများ မဟုတ်ပဲ . ခေတ်တစ်ခေတ်၏ တက္ကသိုလ်ပညာရေးကို ထင်ဟပ်စေချင်သည့် သဘောပင်ဖြစ်ပါသည်။ နမူနာ ဆိုပါမူ.. သိပ္ပံ မောင်ဝ ၏ အောက်စဖို့ သွားမှတ်တမ်း ကဲ့သို့ သော စာအုပ်မျိုးကိုပိုကြိုက်မိပါသည်။
တက္ကသိုလ် ဟု ဆိုလိုက်သည်နှင့် ခေတ်ပညာ တတ်တို့ စုဝေးရာအရပ်ဟု နားလည်ကြပါသည်။ ထို့ ပြင် တက္ကသိုလ်ကျောင်းတော်ကြီးကို ဂုဏ်ပြုချင်သည့် အတွက် ကြောင့် လည်းကောင်း ၊ တက္ကသိုလ်ကျောင်းသား အဖြစ်ဂုဏ်တင်ချင်သည့်အတွက်ကြောင့် ၄င်း ၊ တက္ကသိုလ် အနုပညာ အသင်း တွင် ပါဝင် ကြသဖြင့် လည်းကောင်း . မိမိတို့ ၏ နာမည် များတွင်( တက္ကသိုလ်) ဆိုသည့် ၀ိသေသ ဘွဲ့ ထူးကို အမြတ်တနိုးထည့်ကြသည်။
မြန်မာ အနုပညာ ၊ စာပေ ၊ ဂီတ နယ်ပယ်တွင် တက္ကသိုလ် ဟုသော စကားလုံး ပါသည့် အနုပညာရှင် စာပေ ပညာရှင် များ မြာက်မြားစွာရှိပေသည်။
သို့ ဆိုလျှင် ကျွန်တော်လည်း မိမိနာမည်ရှေ့ တွင် တက္ကသိုလ် ဟူသော ဘွဲ့ ထူးကိုတော့ထည့်ချင်ပါသည်။ သို့ ပေမယ့် . ခက်တာက ကိုယ်က အများသူငါ လို တက္ကသိုလ် ကျောင်းတော်ကြီးကို လေးနှစ်လေးမိုး ပညာသင်ပြီး ဘွဲ့ ရခဲ့သည် ကျောင်းသားမျိုးတော့ာ မဟုတ်ချေ။ စာပေးစာယူ ဟု လူသိများသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား တစ်ဦးသာဖြစ်သည်။ သို့ အတွက် ကျွန်တော် တတ်ခဲ့သော ကျောင်းတော်ကြ၊ီးတွင် တက္ကသိုလ် အနုပညာ အသင်း ဆိုသည်မှာ ဘယ်နေရာတွင် ရှိလို့ရှိမှန်းပင် မသိ ပါ။
ထို့ အပြင် . ပညာသင်နှစ် တစ်နှစ်လုံးတွင် ကျောင်းကို ရောက်သည့် အချိန်ဆိုသည်မှာ လျှေက်လွှာတင်သောနေ့ ရက် နှင့် စာမေးပွဲ ဖြေရန် သင်ကြားပေးသော အနီးကပ် ဆယ်ရက် ဆိုသည့် အချိန်တွင်သာ တက္ကသိုလ် ကို ရောက်ဖူးခဲ့ပါသည်။
သို့ ဖြစ်ပါသောကြောင့် အများသူငါ လို နာမည်ရှေ့ တွင် တက္ကသိုလ် ဟူသော ဘွဲ့ ကို ထည့်ရန်ဝန်လေးမိပါသည်။ သို့ သော် ကိုယ်တိုင်ကလည်း အဝေးသင်တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့သည့်အတွက် လူအများရှေ့ တွင် ခေတ်ပညာတတ်မှန်း လူအထင်ကြီးအောင်တော့ မပါ . ပါ အောင်ထည့်မိဟု ဆုံးဖြတ်ထားပါသည်။
ထို့ ကြောင့် မိမိနာမည်ကို စဉ်းစားလိုက်သောအခါ အဝေးသင်တက္ကသိုလ် ဟု ထည့်လျှင်ကောင်းမလား ၊ ဒါလည်း မဖြစ်သေးပါဘူး ။ စာပေး စာယူ ဟု ပြောင်းလျှင်ကော . ဒါလည်း မဟုတ်သေးပါဘူး။ မသိတဲ့လူက ဘာစာတွေ ပေး ပြီး . ဘာ စာတွေ ယူနေမှန်း မသိပဲ နေအုံးမယ်။ ဒီတော့ သေသေချာချာ စဉ်းစားလိုက်ရင် ကိုယ် က ကျောင်းတော်ကြီးနဲ့ ပတ်သက်ခဲ့ဖူးတာ စာမေးပွဲ အနီးကပ် ဆယ်ရက် သာဖြစ်ပေသည်။ ထို့ အတွက် ကြောင့် ကျွန်တော့် ရဲ့ ကလောင်နာမည်လေးကို အားလုံးထက် ထူးခြားသွားအောင် ၊ ကိုယ့်ရဲ့ အဖြစ်အပျက် လေးလည်း ထင်ဟပ်မှူရှိသွားအောင် ဒီလို လေးပဲ ပေးလိုက်မိပါတယ်။
တက္ကသိုလ် ကျောင်းသား ဘ၀ ဆိုသည့် အတွက် စ နောက်ရယ်မော သံတွေနှင့် အသော ကလေး ဖြစ်ရအောင်ကြိုးစာကြည့်ပါမည်။
တခါတုန်းက တက္ကသိုလ်မှာ...
University ဟု ဆိုသော တက္ကသိုလ်ဆိုသည့် ကျောင်းတော်ကြီးကို လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက အနောက်နိုင်ငံတွင် အခြေတကျတည်ရှိခဲ့ကြသည်။ ကျွန်တော်တို့ အရှေ့ တိုင်းတွင်တော့ တက္ကသိုလ် ဆိုသော စကားလုံးသည် .ရှေးအခါက မင်းညီမင်းသာများ အဌာရသ ၁၈ ရပ် ပညာများ ဆည်းပူသည့် ဒီသာပါမောက္ခ ဆရာကြီး ၏ ကျောင်းတော်ကြီး. တက္ကသီလာ ဆိုသည့်စကားလုံးမှ ဆင်သက်လာပါသည်။
ငယ်စဉ်ကတည်းက တက္ကသိုလ် ဆိုသည့် ကျောင်းတော်ကြီး ကို စိတ်ကူးဖူးသည် ။ အတော့်ကို ပျော်စရာ ကောင်းပြီး ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ နေရာ ပင်ဖြစ်သည်။ တက္ကသိုလ် နောက်ခံ ရုပ်ရှင် ၊ ဗွိဒီယို များတွင်လည်း ကြည့်ဖူးသဖြင့် မူလတန်းကျောင်းသာ အရွယ်ကပင် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်ချင်မိသည်။ အထူးသဖြင့် အတန်းထဲတွင် ဆရာမ က ရိုက်တိုင်း သူငယ်ချင်း အချင်းချင်း က တက္ကသိုလ် ရောက်ရင် အရိုက်မခံ ရတော့ဘူး ကွ ဟု .. အားပေကြသည် ။ ထို့အတွက်လည်း အသားနာ သဖြင့် တက္ကသိုလ် ကို အမြန်ရောက်ချင်မိသည်။
ကျွန်တော် ၏ အမေက တက္ကသိုလ် ဆရာမ ဖြစ်သဖြင့် ကျောင်းဝန်းထဲကို ငယ် စဉ်ကတည်းက ရောက်ဖူးခဲ့သည်။ အင်းလျားကန်ကြီးကို အကြာကြီး ငေးကြည့်ဖူးသည်။ ခုံတန်းပြာကလေးများပေါ်တွင် ဆော့ကစားဖူးသည်။ ဂျပ်ဆင် ထိပ် ကို မော့ကြည့် ဖူးသည်။ သစ်ပုတ်ပင် ကြီးထဲကိုလည်း ၀င် ပုန်း ဖူးသည်။ ထီးကလေး တွေ ကိုယ်စီနှင့် အတွဲ လေးများကို လည်း နှောင့်ယှက်ဖူးသည်။
အမေ လခ ထုတ်ရက်များတွင် တက္ကသိုလ် ကျောင်း ကန်တီး (cantee) တွင်လည်း အားပါးတရ စားသောက် ခဲ့ဖူးသည်။
ကျောင်း ပရိဝုဏ် ထဲတွင်သာ ကြားနိုင်လောက်သည့် ဥသြ ဥသြ .. ဟူသော အသံ လေးသည် လည်း ရင်ထဲတွင် စွဲ၍ကျန်ခဲ့သည်။
ထိုစဉ်ကတည်းက တက္ကသိုလ် ကို ချစ်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား ဘ၀ ကို လည်း အားကျမိခဲ့သည။်
ငါလည်း တစ်နေ့ ကျရင် ဒီ တက္ကသိုလ် ကြီးကို ရောက်အောင် လာမယ် ဟော့ ဆိုပြီးရင်ထဲတွင် တိတ်တိတ်ကလေး ကြွေးကြော်မိသည်။
အဖေ နှင့် အမေ လည်း တက္ကသိုလ် ဖူးစာ ဟု ဆိုရပေမည်။ သူတို့ နှစ်ယောက် တွေ့ ရှိသောနေရာသည် ဤ ကျောင်းတော်ကြီးတွင်ဖြစ်သည် ဟု အမြဲလိုလို ဂုဏ်တင်လေ့ ရှိသည်။
အိမ်ရှေ့ ဧည့်ခန်းတွင် မိဘ နှစ်ပါး ငယ်စဉ် ဘွဲ့ ယူတုန်းက ဓာတ်ပုံ ကို တခမ်းတနား ချိတ်ဆွဲ ထားသည်။ အနက်ရောင်ဝတ်စုံ အနက်ရောင် ခေါင်းစောင်းကြီးများ က မည်သည့် အဓိပ္ပာယ်မှန်းမသိပေမဲ့ ငယ်စဉ်ကတည်းက နားလည် သည်က ဘွဲ့ ယူရင် ဒီလို ၀တ်ရတယ် ဟုသာ သိခဲ့ပါသည်။
အလယ်တန်း ကျောင်းသား ဘ၀ ကို ရောက်တော့ တက္ကသိုလ် နဲ့ ပတ်သက်တဲ့ သတင်းတွေ က သိပ်မကောင်းလှ ။ သပိတ်မှောက်ကြလို့ ကျောင်းများ မကြာခဏ ပိတ်လိုက်ရသည် ဟုကြားမိ၏။ တချို့ ကလည်း အသက်တွေသာကြီးသွားတယ်.. ကျောင်းမပြီးလို့ ဘွဲ့ မရကြသေး။
ဒီတော့ . တက္ကသိုလ် ဟူသည့် စကားစု နေရာတွင် . အဝေးသင် တက္ကသိုလ် ဟူသော စကားသံက လှိုင်လှိုင်ကြီး ပေါ်လာသည်။
ကျွန်တော်နားလည် သည် က အဝေးသင် ဆိုတာ ကျောင်းကို နေ့ တိုင်းသွား စရာမလို သော တက္ကသိုလ်ကျောင်းသား ဟု နားလည်ထားပါသည်။
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးလာသည်။ တက္ကသိုလ် အကြောင်းကတော့ သတင်းကောင်း ဟူ၍ သိပ်မရှိ။
ငယ်ငယ်တုန်းက အမေ နှင့် လိုက်သွားဖူးသော အလွန်စည်ကား ပြီး ပျော်စရာကောင်းသော တက္ကသိုလ် သည် ယခု အချိန်တွင်တော့ ကျောင်းသားဟူ၍ သိပ်မတွေ့ မိတော့။ အိုဟောင်းနေသော စာသင်ခုံများ ၊ ရေညှိများဖြင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဆေးပြယ်နေသော စာသင်ခန်းမ များ က ရော်ရွက်ဝါ များနှင့် အပြိုင် ခြောက်သွေ့ လျက် ။
အထက်တန်း ကျောင်းသား ဘ၀ ဖြစ်ချိန်တွင် ရန်ကုန်တက္ကသိုလ် နှင့်အပြိုင် သန်လျင် နှင့် ဒဂုံ မြို့ သစ် တို့ တွင် တက္ကသိုလ် အသစ် နှစ်ခု ပေါ်လာသည်။ ကျွန်တော် တို့ တွေ ရဲ့ ဦတည်ရာသည် အဆိုပါ ကျောင်းသစ်များဆီသို့ ..
တက္ကသိုလ်ကျောင်းသား နောင်တော်ကြီးများ ၏ ငြီးတွားသံ များ ကိုလည်း အမြဲမပြတ်ကြားမိပါသည်။
လယ်ကွင်းပြင် လတာပြင်ကြီးထဲတွင် အရိပ်မဲ့စွာ သွားလာကြရသည်။ မြို့ ပြအိမ်ခြေနှင့် အလှမ်းကွာဝေးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှူ့ များ ကိုလည်း ကြားမိပါသည်။
ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း ။
သူငယ်ချင်းများ ၏ သဘောထားအမြင်
အထက်တန်းကျောင်းသား ဘ၀ ကတည်းက တချို့ တွေကတော့ ရည်မှန်းချက် ခိုင်မာသည်။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ စစ်ဗိုလ် စသည့်ဖြင့် ကိုယ်ဝါသနာပါရာ အသီးသီး ။
တချို့ ကတော့ ငယ်စဉ်ကတည်းက အိပ်မက် မက်ခဲ့ရသော Yangon University ဟုခေါ်သည့်တက္ကသိုလ် ကြီးကိုသာ တတ်ရောက်ရန် စိတ်အားထက်သန်လျက်။
ကျွန်တော် တို့ သူငယ်ချင်း တစ်သိုက်လည်း ကိုယ့်ဘ၀ ရှေ့ ရေးအတွက် ဆွေးနွေးကြသည်။
အတန်းထဲမှ သူငယ်ချင်း လှအောင် ကတော့ တက္ကသိုလ် နှင့်ပတ်သက်ပြီး အဆိုးမြင် ၀ါဒရှိသည်။
သူကတော့ တက္ကသိုလ် ကို အထင်မကြီးချင် ။ သူနှင့် စကားပြောလိုက်တိုင်း သူက .
မင်းစဉ်းစား ကြည့် လပြည့် ရာ.... မြန်မာ ရုပ်ရှင် ဗွီဒီယိုတွေ ထဲမှာတွေ့ သလား ၊ တက္ကသိုလ်ကျောင်းသား ဆိုတာ ရည်းစာ ထားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်။ ပညာ ကို ဟုတ်တိပတ်တိ ဘယ်လို ကြိုးကြိုးစားစား နဲ့ သင်မလဲ ဆိုတဲ့ ပြကွက် မျိုးတွေ တခါမှ မရှိဘူး ။ တက္ကသိုလ် ကျောင်းသူ ဆိုတာကလည်း အလှပြင်ပြီး လင် ရှာ ဖို့ သက်သက် ကျောင်းကိုလာ နေကြသလို ပဲ နော်။
ပြီတော့ အဆိုးဆုံးကတော့ . အသက် ၄၀ ကျော်အရွယ်ကြီးတွေက လွယ်အိတ်တွေကိုလွယ် ၊ ဟာသ လည်း မဟုတ် ဘရုတ် ကျဖို့ သက်သက် ကျောင်းကိုလာနေကြတာကွ ။ သူတို့ မွေးတဲ့ကလေး တောင် တက္ကသိုလ် တတ်လို့ ရနေပြီ ။ သူတို့ တွေကတော့ ကျောင်းသာ လုပ်နေကြတုန်း ။
နောက်ပြီး ကျောင်းတွေ ကလည်း ဒီနှစ် ပိတ်လိုက် . နောင်နှစ် ဖွင့်လိုက်နဲ့  . အဲဒီ ရုပ်ရှင်ထဲက ဇာတ်ဆောင်တွေလို ပဲ အသက် ၄၀ ကျော်မှပဲ ဘွဲ့ ရလိမ့်မယ် ကွ၊။
အနား မှာရှိတဲ့ မြင့်ထွန်း ကတော့ တက္ကသိုလ် ပေါ်ကို တော်တော်လေး အကောင်းမြင်သည်။ ရည်မှန်းချက်လည်း ကြီးမားသည်။ သူ့  အမ လည်း ကျွန်တော့် အမေလို ပင် တက္ကသိုလ် နည်းပြ (Tutor) ၀င်လုပ်နေသည် ။
ဒီတော့ . သူက . အဲဒီ ခပ်ပေါပေါ ဗွီဒီယို တွေ ကြည့်ပြီး တက္ကသိုလ် ကိုတော့ အထင်မလွဲပါနဲ့ ကွာ။ ရန်ကုန် တက္ကသိုလ် ဆိုတာ က တချိန်တုန်းက အာရှ မှာ နံပါတ် တစ် ပါကွ ။ ငါ့  အဖိုး ခေတ် တုန်းက ဆိုရင် . တက္ကသိုလ်ကျောင်းသား ကျောင်းပြီးလို့ သူ့ ရဲ့  ဇာတိမြို့ ကို ပြန်ရင် . မြို့ အုပ်မင်း က အစ . သဘောင်္ဆိပ်မှာ လာကြိုရတယ်ကွ ။
ကြိုက်လိုက်တဲ့ ကောင်မလေးတွေ ဆိုတာလည်းဝိုင်းဝိုင်းလည်နေတာ ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် နော်။
ဘွဲ့ ရတာနဲ့ . အရာရှိ တန်းဖြစ်တာကွ ။ အရမ်း အားကျဖို့ ကောင်းတယ်။
ငါတို့ အဖေ နဲ့ အမေ ကလည်း တက္ကသိုလ်က ဘွဲ့ ရ ပညာတတ်တွေ ပဲ ။ ငါလည်း တက္ကသိုလ် ကိုတော့ ရောက်အောင် သွားမယ် ကွ ။
သူကတော့ တက္ကသိုလ် ဘက်တော်သား ဖြစ်သည်။
ဒီတော့ . ကျွန်တော်တို့ ဝိုင်းမှာ အမြဲလိုလို စကားနည်းပြီး . ချက်ကျ လက်ကျ ပြောတတ်တဲ့ မင်းမောင် ဆိုတဲ့ သူငယ်ချင်းကတော့ ၀င်ထောက်သည်။
အဲဒါ တွေက အရင် တုန်းကပါ ကွာ။ အခုတော့ အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာနော်။
ငါ တို့ တွေ တက္ကသိုလ် ကိုသွား တာ ဘာ ရည်ရွယ်ချက်လဲ ၊
စာသင်ဖို့ ၊ လူငယ် ဘ၀ ကို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းဖို့ . ဟုတ်တယ်နော်။
ငါတို့ က..နိုင်ငံရေး တွေ . ဘာတွေလည်း စိတ်မ၀င်စားဘူး. စာကိုပဲ ကောင်းကောင်းသင်ချင်တာ .
ဒါပေမယ့် လက်တွေ့ မှာတော့ ထင်သလို ဖြစ်ပါ့မလား ။
မင်း တို့ တွေကော တက္ကသိုလ်ဝင်း ထဲကို ရောက်ပြီး ပြီလား ၊ ကျောင်းသား စာသင်ခန်း အဆောင် လူသွားစင်္ကြ ရဲ့ ဘေးတွေ မှာ သံဇကာ တွေ အခိုင်အခံ့ တပ်ထားတယ်ကွ ..
အဲဒါတွေ က ဘာသဘောလဲ ။
ငါတို့ က တက္ကသိုလ် ကျောင်းသား နော် ၊ သံဇကာ ထဲက လူသားတွေ မဟုတ်ဘူး
မင်းမောင် ၏ အမေး ကို မည်သူ မျှ မဖြေနိုင် ။ ကျွန်တော် ကိုယ်တိုင်လည်း မည်သည့် အဓိပ္ပာယ် မှန်း မသိပါ။ မင်းမောင်သည် သချာင်္ ဥာဏ်ရွှင်သူပီပီ ကျွန်တော်တို့ အားလုံး ဖြေရခက်မည့် မေးခွန်းမျိုးကို မေးတတ်ပေသည်။
( ထို့ ကြောင့် အမေ နှင့် တက္ကသိုလ်ဝင်း ထဲကို လိုက်သွား ပြီး ကြည့်သောအခါ လူသွား စင်္ကြ အချို့ တွင် အဘယ်ကြောင့်မှန်းမသိ . သံဇကာ များအခိုင်အခံ့)
ဘ၀ တက္ကသိုလ် ကို ရွေးချယ်ခြင်း
ဒီလို နှင့် ၁၀ တန်း အောင်လို့  မိမိနှစ်သက် ရာ တက္ကသိုလ် များကို ရွေးချယ်ရသည့်အချိန်သို့ ရောက်လာပါသည်။
တက္ကသိုလ် တတ်လျှင် သန်လျင် (တာဝ) ကိုသာ တတ်ရမည်ဟု သိလိုက်ရသဖြင့် ငယ်စဉ်က စိတ်ကူးယဉ်ခဲ့ မိသည်များ သဲထဲ ရေသွန် ဖြစ်ကုန် ၏ ။
အင်းလျားကန်ကြီး ရဲ့ ဘေး ။ ခုံတန်းပြာလေး တွေ ။ ဘူးသီးကြော်ဆိုင်လေးများ ။ သစ်ပုတ်ပင် ကြီး အောက် ။ ဂျပ်ဆင် ထိပ် က လရိပ်ပြာ ။ တည်ကြည်လေးနက်သော ဘွဲ့ နှင်းသဘင် ခန်းမကြီး ။
ဒါတွေ အားလုံးနှင့် . မပတ်သက် စေရ ။
ဒီတော့ ကျွန်တော်လည်း စဉ်းစားလိုက်သည် . ဆယ်တန်းစာမေးပွဲ အောင်သည်နှင့်တပြိုင်နက် အလုပ်တစ်ခု ၀င်လုပ်မည်။ စာပေးစာယူနှင့် ဘွဲ့ ကလေးတစ်ခု ရအောင်ယူလိုက်မည်။
ဘွဲ့ ရလျှင် နိုင်ငံခြားသို့ ထွက်ကာ အလုပ်လုပ်တော့မည်။
အဆိုပါ အတွေးမျိုးသည် ဆယ်တန်းအောင်သော မြန်မာ လူငယ် အများစု ၏ အတွေးအခေါ် ပင် ဖြစ်သည်။ ထို့ ကြောင့် . ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်တင်ဆက်သူ လူရွှင်တော် ကို မေတ္တာ ပြောခဲ့သည့် . ဆယ်တန်းအောင်လျှင် ကျောင်းပြီး ပြီပေါ့နော်.. ဟူသော စကားလေးသည် ကျွန်တော်တို့ အတွက် ပင်ဖြစ်ချေလေပြီ။
ဒီတော့ ထိုခေတ်က လူငယ်အများစု ရွေးချယ်သည့် အဝေးသင်တက္ကသိုလ်ကိုသာ ရွေးချယ်မိတော့သည်။ ဘွဲ့ ရတာချင်းအတူတူ ပါပဲကွာ ။ အပြင်မျာ ကျူရှင်တတ်ပြီး စာမေးပွဲ ကို ၀င်ဖြေ . ပြီးတော့ အလုပ် တဘက်လည်း လုပ်လို့ ရတာပေါ့ ဟူသော စကားသံများလည်း ကြားမိပါသည်။
ထို့ ကြောင့် ကျွန်တော်သည် စာပေးစာယူ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်လာပါတော့သည်။ ခေတ်ကာလ၏ တောင်းဆိုမှူ့ အရ အင်္ဂလိပ်စာ လွန်စွာမှ အသုံးဝင် သဖြင့် ကျွန်တော်သည် အဆိုပါ အင်္ဂလိပ်စာ ကို ပင် အဓိက အနေနှင့် ယူ လိုက်မိပါသည်။
ကျွန်တော့်အိမ်သည် ဗိုလ်တထောင်မြို့ နယ်တွင်ရှိသဖြင့် ကျွန်တော်ကျောင်းတတ်ရသည်က သန်လျင် ဆီသို့ ။
နေ့ စဉ် တစ်နာရီ ခန့် ကားစီးကာ သန်လျင် ရှိ တာဝ အရပ် တွင် ဖွင့်ထားသော အရှေ့ ပိုင်းတက္ကသိုလ် ကိုသာ တတ်ရမည် ဟု သိရှိရပါသည်။
ခဲလေသမျှ သဲရေကျ ရလေပြီ ။
သို့ သော် ကျွန်တော့် စိတ်ထဲ ။ အတွေး အာရုံထဲတွင် ရန်ကုန် တက္ကသိုလ်ကြီးကတော့ လွမ်းမိုး လျက်ပင် ။
ယခု တတ်ရမည် ဆိုသော တက္ကသိုလ်ကိုလဲ စိတ်မှန်း နှင့် တွေးကြည့်မိသည်။ ရန်ကုန် တက္ကသိုလ် ကိုမမှီ ရင်တောင် အနည်းဆုံးတော့ သူ့ မှာလည်း သူ့ အလှ နှင့် သူ ပဲပေါ့ ဟု တွေးမိ၏ ။
ပထမ ဦးဆုံး တက္ကသိုလ်နေ့ ရက်
မှတ်မှတ်ရရ ထိုနေ့ က လျှောက်လွှာတင်သောနေ့ ။ လူအပြည့် ပိတ်ကြပ်နေသော အဲယားကွန်း ကားကြီးကို စိတ်ငြီးငွေ့ အောင် စီးကာ သွား ခဲ့ရသည်။
သန်လျင်တံတားကြီးကျော်သောအခါ တက္ကသိုလ် ကို ရောက်ပြီဟု ထင်သော်လည်း.. သန်လျင်မြို့ ကိုပင် ကျော်သွား သေးသည်။
ကျိုက်ခေါက် ဘုရား ကြီး ကို ဖူးပြီး ဗယ် ဘက်သို့ ကွေ့ လိုက်သောအခါ မြင်ကွင်းများက ရုတ်ခြည်း ပြောင်းလဲ သွားသလိုပင် ။
ယနေ့ ထန်းရည် ရပြီ . ဟူသော ဆိုင်းပုဒ် လေး ။ ဘတ်စ် ကားရှေ့ မှ ဖြတ်လျှောက်သွားသော ကျွဲ ကြီး တစ်ကောင် ။ စိမ်းစိုနေသော လယ်ကွင်းပြင်များ ၊ ဘေးဝဲယာရှိ လူများ၏ လူနေမှူ့ စရိုက် . ၀တ်စားဆင်ယင်မှူ့ အပြင်အဆင်။
ငါ တော့ ဘယ်ရွာမှာ သွားပြီး စာသင်ရ မှာလဲ ။ ငါ က တက္ကသိုလ်ကျောင်းသား မှ ဟုတ်ရဲ့ လား ။ ဒီလောက် တောခေါင်ခေါင် လယ်ကွင်းကြီးထဲမှာတော့ . တက္ကသိုလ်ကျောင်းကြီး မရှိနိုင်ပါဘူး ။
ဘတ်စကား စပယ်ယာ ကတော့ ဆင်းရမဲ့မှတ်တိုင် ကျော်သွားပြီထင်တယ်။ ဒါလည်း မဟုတ်သေးပါဘူး ။ ဘေးနားမှာလည်း ငါ့လို ပဲ ကျောင်းသား ပုံစံလေးတွေ နဲ့ ပါ။
စိတ်ထဲမှာတော့ မတင်မကျ တွေးရင်း လိုက်ပါခဲ့ရသည်။
ရောက်ပါပြီ ။ ရန်ကုန် အရှေ့ ပိုင်း တက္ကသိုလ် ။
လယ်ကွင်း ပြင်ကြီးထဲတွင် ထီးထီးမားမားကြီး ။
နေသည် ကျဲကျဲတောက်ပူသည်။ အရိပ်ဟူ ၍ မတွေ့ မိ ။ ကျွန်တော်သည် ရုတ်တရက် တက္ကသိုလ်ကျောင်းကြီးကို ကြည့်ပြီး အံ့သြမင်သက်မိသည်။
ဘယ်မှာလဲ သစ်ပုတ်ပင် ။ ဘယ်မှာလဲ အင်းလျားကန် ။ ဘယ်မှာလဲ ကံကော်တောက ဥသြဌက် လေးတွေ ။
ကဲပါ ရောက်မှတော့ မထူးပါဘူး ။ လျှောက်လွှာတင်ဖို့ အတွက် ကျောင်းတော်ကြီးထဲကို အရိပ်မဲ့ စွာ ဖြတ်သန်းခဲ့ရသည်။
လတာပြင် ကြီးထဲတွင် အဆောက်အအုံကြီး လေး လုံး ဆောက်ထားပြီး တက္ကသိုလ် ဟူ၍ ခေါင်းစဉ်တပ်ထားသလို ခံစား ရပါသည်။
ထားလိုက်ပါ လေ ။
အောက်စဖို့ ဒ် တက္ကသိုလ် ဆိုတာတောင် တချိန်တုန်းက တဲပုတ် သာသာ လေး ကနေ ကမ္ဘာကျော် တက္ကသိုလ်ကြီး ဖြစ်သွား သေးတာ။
ဟောဒီ တာဝ တက္ကသိုလ်ကြီးလည်း နောင်တချိန် မှာတော့ ....
အဝေးသင် တစ်ဦး၏ စာသင်ချိန် ဆယ်ရက်
ဒီလို နဲ့  စာမေးပွဲ ဖြေဖို့ အတွက်ဖွင့်ပေးတဲ့.အနီးကပ် ၁၀ ရက် ဆိုတဲ့ အတန်း တွေဖွင့်လာပါတယ်။
ဒီတော့ မှ တက္ကသိုလ် ရဲ့ စာသင်ခန်းမှာ စာသင်ဖူးတာပါ။ ကျောင်းသားတွေ ကလည်း အများကြီးပေါ့။ ကျောင်းသူလေးတွေကလည်း သူ့ ထက်ငါ အပြိုင်အဆိုင် အလှချင်းပြိုင်လို့ လေ။ အော်.. ငါ့ရဲ့ ကျောင်းသားဘ၀ ဆိုတာ တစ်နှစ်လုံးမှာ မှ ဆယ်ရက်တည်းပေါ့ နော်။
ဘယ်တတ်နိုင်မလဲ ။ ကိုယ်ရွေးတဲ့ လမ်း ကိုယ်လျှောက်ရမှာပေါ့ ဗျာ။
အနီးကပ် ဆယ်ရက် သင်တန်းကို လာတတ်ကြတဲ့ သူတွေ ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခု တည်းပါ။ စာမေးပွဲဝင်ခွင့် ကျောင်းသားကဒ်ပြား ရရှိရေးပါပဲ ။ ဒီတော့ သင်တန်း ဆရာတွေ ကလည်း ကျောင်းသား ကဒ်ကို ချက်ချင်းမပေးပဲ .. အနည်းဆုံး သုံးရက်လောက်ကြာမှ ပဲ ပေးပါတော့တယ်။
ကျွန်တော်တို့ တွေကလည်း ကဒ်ပြား ကိုယ့်လက်ထဲ ရောက်ပြီ ဆိုတာနဲ့ . တာဝ တက္ကသိုလ် ကြီးကို နှူတ်ဆက်ကျောခိုင်းပြီးတော့ တကယ့်ကို အနီးကပ် သင်ပေးတဲ့ ကျူရှင် ဆီကိုပဲ ပြေးကြပါတယ်။ ပန်းဆိုးတန်း တ၀ိုက်က ကျူရှင်တွေကတော့ ကျွန်တော်တို့ လို အဝေးသင် စာပေးစာယူ ကျောင်းသားတွေအတွက် တကယ့် အစစ်အမှန်တက္ကသိုလ် ကြီးပါပဲ ။ ကျူရှင် ဆရာတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော် ဟာ သင်ခန်းစာတွေကိုတော့ သင်ကြားခွင့်ရလာပါပြီ။ တာဝ ကျောင်းရဲ့ အနီးကပ် ကိုသာ စောင့်မျော်နေရရင်တော့ ရှိတ်စပီးယား SHAKESPERAER ကိုတောင် စာလုံးပေါင်းမှန်မှာ မဟုတ်ပါဘူး။
ပထမနှစ် အင်္ဂလိပ်စာ စာမေးပွဲ
ဘယ်လို ရည်ရွယ်ချက် လဲတော့ မသိ။ ကြားလိုက်ရသည့် သတင်းက မယုံချင်စရာ ။
ကျွန်တော်တို့ အင်္ဂလိပ်စာ ကျောင်းသားများကို စာမေးပွဲဖြေဖို့ တက္ကသိုလ် ၀င်းကြီးထဲမှာ နေရာမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ . သန်လျင်မြို့ နယ် ထဲက အထက်တန်းကျောင်း တစ်ခု မှာ ဖြေဖို့ စီစဉ်လိုက်ကြပါတယ်။
ကျွန်တော် ထင်ထားတာကတော့ စာမေးပွဲကိုလာရောက်ကြီးကြပ်မဲ့သူတွေကတော့ တက္ကသိုလ် အင်္ဂလိပ်စာ ဌာန က ဆရာ၊ မ တွေပဲ လာရောက်စစ်ဆေးမယ်လို့ ထင်ထားတာ ။ တကယ်တမ်းကျတော့ အဆိုပါ အထက်တန်းကျောင်းက ဆရာမ တွေကပဲ စာမေးပွဲ အခန်းကိုစောင့် ရမယ်တဲ့လေ ။ အော်.... ငါတို့ ကိုတော့ အရာရာ ယုံကြည်စိတ်ချစွာနဲ့  အထက်တန်းကျောင်းမှပဲ ပစ်ထားလိုက်ကြပြီပေါ့။
ဘယ်ခေတ် ဘယ်အခါ တုန်းကမှ မကြားဖူးပါ။
တက္ကသိုလ် ကျောင်းက စာမေးပွဲကို အထက်တန်းကျောင်းမှာ စစ်ဆေးပါတယ်။ စာမေးပွဲခန်းကိုလည်း မည်သည့် တက္ကသိုလ်ဆရာ၊မ မှ လာရောက်ကြီးကြပ်ခြင်း အလျဉ်းမရှိ ။ အဆင်ပြေသလို ပဲ နီးစပ်ရာ အထက်တန်းကျောင်းဆရာမ များက တာဝန်ယူစေပါတယ်။
ဒီတော့ ကျွန်တော်တို့ ကျောင်းသာများကလည်း .
((ကြာသလားဟော့ မောင်တို့ ရေ )))
အမေ ပြောတဲ့ အမောပြေ ဆိုတာ
စာမေးပွဲခန်းထဲကိုရောက်တော့ ကျွန်တော်က တော်တော် နောက်ကျနေပါပြီ ။ ဘတ်စ် ကား မရလို့ ပါ။
လာရောက်သူ Attendacne လက်မှတ်တွေတောင်ထိုးနေကြပါပြီ ။
ယောက်ျားလေး နဲ့ မိန်းကလေး အတူတွဲပြီးတော့ နှစ်ယောက် တစ်ခုံနှူန်းထိုင်ရပါတယ်။
ကျွန်တော့် ဘေးနားကိုတော့ .အသားညိုညိုနဲ့ ပိန်ပိန်ပါးပါး ကောင်မလေး တစ်ယောက် ။
သူမကပဲ အရင်စ ပြီး ပြုံးပြလိုက်ပါတယ်။ ထိုသို့ ပြုံးလိုက်စဉ် ပါးချိုင့်လေး က အထင်းသား ။ သွားတက်လေးက လည်း အဖွေးသား ။
အမောတကော ပြေးလာရတဲ့ ကျွန်တော့်အဖို့ ကတော့ ရင်ထဲကိုအေးသွားစေပါတယ်။
အမေ ပြောတဲ့ အမောပြေ ဆိုတာ ဒါမျိုးလေးပေါ့ ဗျာ။
အထင်ရှားဆုံးကတော့ ခေါင်းပေါ်မှာ ဆံပင် အရှည် က လက်သန်းလုံး သာသာလေးပဲ ရှိပါတယ်။ ဒါဆိုရင်တော့ သင်္ကြန်တုန်းက မယ်သီလရှင် ၀တ်ထားတာပဲ ဖြစ်မှာ ပါ။ ဒီက ကောင်ကလည်း ကတုံးဆံပင်ပေါက် ပါပဲ ။ သင်္ကြန်တုန်းက တရားစခန်းဝင် ပဉ္ဗင်းခံ ထားလို့ ပါ။
မယ်သီလရှင် လူထွက်နဲ့ ဘုန်းကြီးလူထွက် တို့ တော့ တွေ့ ကြပါပြီ ခင်ဗျာ ။
တက္ကသိုလ်ကျောင်းသား ပီပီ ဒီလိုနေရာမှာ တော့ အာသွက် ၊ လျှာသွက်ရှိရမှာပေါ့။
ကျွန်တော့်နာမည် လပြည့် ပါ ခင်ဗျာ။
ဒီက ညီမ က..
အော်..သမီး နာမည် မိုး ပါ... သူ့ နာမည်က မိုး တဲ့ လား .. ညိုစိမ့်စိမ့်နဲ့  လှတော့ လှသလို ပါပဲ ။
ကတုံးနှစ်ယောက် မိတ်ဆက် ဖို့ လုပ်နေတုန်း အခန်းစောင့် ဆရာမ က လာပြီး စာရွက်တွေ ဝေသွားပါတယ်။
ပထမဦးဆုံးနေ့ ကတော့ မြန်မာစာ ပါ ။
စာမေးပွဲ မေးခွန်းကတော့ ကျွန်တော့် အတွက် သိပ်မခက်လှပါဘူး ။ ဒါပေမယ့် သူများတွေကတော့ ခေါင်းတပျဉ်းပျဉ်း ကုပ်နေကြပါပြီ။
တအောင့်မျှ ကြာသောအခါ ဘေးနားမှ အနှီမိန်းကလေးက ဟိုကြည့် ဒီ ကြည့် နဲ့ ဘေးဘီဝဲယာ ကို အကဲခတ်နေပါတယ်။
ပြီတော့ ကျွန်တော့်ကို ခပ်တိုးတိုးလေး လှမ်းခေါ်ပါတယ်။
အစ်ကို .. ဟော့.. အစ်ကို..
နံပါတ် ၃.... နံပါတ် ၃ လေ..
ကျွန်တော်ကတော့ ကိုယ့် အာရုံနဲ့ ကိုယ် သူ့ ကို လုံးဝ ဂရုမစိုက်ပါဘူး။ စာမေးပွဲဆိုတော့ အချိန်ဆိုတာကွက်တိလေ။ အပို အလို မရှိစေရ။
သူမ အသံက နည်းနည်းကျယ်လာပါတယ်။..
ဟော့..အစ်ကို .. သမီးကို နံပါတ် ၃ ...... ဘာဂျာ ..ဘာဂျာ.....ပေးပါ..
..ဘာဂျာလေးပေးပါ........
အလို မြတ်စွာဘုရား . ငါ့လို ဘုန်းကြီးလူထွက် ကို ဘာဂျာ ပေးခိုင်းနေပါလား..
ကတုံးနဲ့ ဘာဂျာ နဲ့  လာလားမျှ မအပ်စပ်ပေ။
ကျွန်တော် သည် သူမ ဆိုလို သော ဘာဂျာကို ရုတ်တရက် နားမလည်ပါ။
ထိုစဉ် ရှေ့ ခုံမှ ကောင်လေး တစ်ဦးက စာရွက် ခေါက်လေး တစ်ခု လှမ်းပစ်ပေးလိုက်သည်။ ကျွန်တော် ဖြေကြည့်သောအခါ မိုက်ကရိုဖြင့် ခြုံ့ ထားသော အဖြေများကို ဘာဂျာ ပုံသဏ္ဍန် အတွန့် လေးများ ဖြစ်အောင် ခေါက်ထား ခြင်းဖြစ်သည်။
ပေး..ပေး..အဲဒီ ဘာဂျာ သမီးကို ပေး .. ဟု ဆိုသဖြင့် ကျွန်တော်ကလည်း ဘုမသိ ဘမသိ လှမ်းပစ်ပေးလိုက် ရသည။်
ဒီတော့မှ သဘော ပေါက်တော့သည်။ အော်... သူ ပြောတဲ့ ဘာဂျာ ဆိုတာ ဒါလေးကို..
တော်သေးတာပေါ့.မဟုတ်ရင် . ငါ ထင်တာ မှန်အုံးမယ်. (ကျွန်တော်က .. ပါးစပ်ဖြင့် မှူတ်ရသော လေမှူတ်တူရိယာကို ဆိုလိုပါသည် . အသင်တို့ လည်း မှူတ်ဖူးကြပါမည် )
နောက်ထပ် နာရီဝက်ခန့် အကြာတွင် သူမ ဂဏှာမငြိမ်ဖြစ်လာပြန်၏ ။
ကျွန်တော်လည်း စာမေးပွဲ ဖြေနေရင်း သူမ ဘာလုပ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားမိပါတယ်။
ကျွန်တော် ကြည့်နေရင်း သူမ ဟာ စကတ် ထမီ ကို အသာလေး မလိုက်ပါတယ်။
ပြီးတော့ သူ့ လက်ကလည်း တဖြည်းဖြည်း ခြေသလုံးကို ပွတ်နေသလို ပါပဲ။ ညိုစိမ့် နေသော သလုံးသားလေးများတွင် အကြောစိမ်းလေးများပင် ယှက်သွယ်သည့်အလား။
ခပ်မျဉ်းမျဉ်း ရွှေကြိုးလေးကိုလည်း ခြေဖခုံပေါ်တွင် ခြေချင်း အဖြစ် ၀တ်ထားလိုက်သေးသည်။ ခြေသည်းနီလေးများက ကြွကြွရွရွ
ကျွန်တော်လည်း ဒီ အရွယ် အထိ မိန်းကလေး တစ်ယောက်ရဲ့ ခြေသလုံးကို အနီးကပ် ထင်ထင်ရှားရှား မမြင်ဖူးလေတော့ ငေးမော ပြီးကြည့်နေမိပါတယ်။
ဒီတော့ ကောင်မလေးက လည်း ရှက်ကိုးရှက်ကန်း နဲ့ ပေါ့ ။
ထို့ နောက် ခြေသလုံး အလယ်နားလောက် အရောက်တွင် အနီရောင် သားရေးပင်နှင့် ပတ်ထားသော စက္ကူအဖြူ ခေါက်သေးသေးလေးတစ်ခု။
နောက်ဆုံး သူ့ မျက်နှာက ၀င်းခနဲ ဖြစ်သွားပါတယ်။ သွားထက်လေးကို ပေါ်အောင် ပြုံးလိုက်ပြီး သူ့ လက်ထဲမှာ စာရွက် အဖြူလေး တစ်ရွက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်ပါတယ်။
ဒီတော့မှ ကျွန်တော်လည်း သူ့ ဆီက မျက်လုံးကို ခွာပြီး . နာလည် လိုက်ပါတယ်။ အော်...သူ တော့ နောက်ထပ် တစ်ပုဒ် လည်း ကြည့်ကူးတော့မှာပါလား။
စာမေးပွဲ ခန်းကို စောင့်တဲ့ အခန်းစောင့် ဆရာမ များကလည်း ပထမဦးဆုံး ဆယ့်ငါးမိနစ် လောက်မှာ ပဲ ဟန်ရေးပြ လမ်းလျှောက်ကြပါတယ်။
အတန်မျှကြာသောအခါ အခန်းအပြင်ကိုထွက်ပြီး စုပေါင်း စကားတွေ ပြောနေကြပါသည်။
ကျွန်တော်တို့ ကိုတော့ စာမေးပွဲ ဖြေနေကြတာပါလား လို့ တောင် ထင်ကြရဲ့ လား မသိပါဘူး ။
ကျွန်တော် နားလည် လိုက်ပါပြီ ။
ကိုယ့်တပည့် ကိုယ့်ကျောင်းသားလည်းမဟုတ် ။ အထက်တန်း ပြ ဆရာမ တစ်ဦးနှင့် မည်သို့ မှ မပတ်သက်သော တက္ကသိုလ်ကျောင်းသားများ ၏ စာမေးပွဲ ဖြေဆိုနေခြင်းကို တာဝန် အရ သာ လာရောက်ကြခြင်းဖြစ်ပါသည်။
ထို တက္ကသိုလ် ကျောင်းသားများ စာခိုး ကြည့် ခြင်း (သို့ ) ပေါ်တင် ကြည့်ကူးခြင်းသည် ၄င်းတို့ နှင့် လုံးဝ မဆိုင်ပေ ။ မည်သို့ မျှ အမုန်းခံ ပြီး တားမြစ်ခြင်းလည်း မပြု ကြပေ။
သို့ သော် ၀တ်ကျေတန်းကြေ တော့ လာရောက်သတိပေးကြပါသည်။
ကဲ ကဲ .. အားလုံး နော်.. မြို့ နယ် ပညာရေးမှူး လာစစ်ဆေးနေတယ်။..လုံလုံခြုံခြုံ လေးတော့ ရှိကြနော်။
ငါတို့ ကို ဒုက္ခရောက်အောင်တော့ မလုပ်နဲ့ နော်။
ဒီတော့ ကျွန်တော်တို့ ဘက် ကလည်း နားလည်မှူ့ ရှိရမှာပေါ့ ဗျာ။
ကျောင်းသားများအားလုံးဟာ ချက်ချင်းဆိုသလို ကိုယ်ရှိန်သတ်ပြီးတော့ . လက်ထဲက စာရွက်အပိုင်းအစ များကို ဟို ထိုးထည့် . ဒီ ထိုးထည့် နဲ့ ပေါ့ ။
ကျွန်တော့် ဘေးက ကောင်မလေးကလည်း မျက်နှာသေ လေး နဲ့ . တကယ့်ကို ဘာမှ မလုပ်တဲ့ပီဘီ ကလေး တစ်ယောက် အသွင်
ဟန်ဆောင်ထားတဲ့ မျက်လုံးတွေက ကလေး လို လို ပုံဖမ်း ဆိုတာ ဒါမျိုးထင်ပါ့ ။
အဆိုပါ ပညာရေးမှူး ကြီးကလည်း အတန်းထဲကို ၀င်ပြီးတော့ ဟိုကြည့်ဒီကြည့် ။ သူလည်း အထက်က တာဝန်ပေးလို့ သာ လာရတယ်။ သိပ်ပြီးတော့ စိတ်ဝင်စားပုံမပေါ် ။
အော် .. ပညာရေးမှူးကြီးရယ် ။ ဒီလို တွေ ဖြစ်နေတယ်ဆိုတာ တကယ်ပဲ မသိတာလား ။ မသိချင်ယောင် ဆောင်သွားတာလား ဆိုတာကတော့ ကာယကံရှင်သာ အသိဆုံး နေမှာပါပဲ ။
စာမေးပွဲ ဖြေလို့ ပြီးခါနီးမှာတော့ အခန်းထဲက အသက်ခပ်ကြီးကြီး ကျောင်းသားတစ်ယောက် လာပြောပါတယ်။
ညီလေး ရေ. ကိုယ်တို့ တွေ စုပေါင်းပြီးတော့ စာမေးပွဲ ခန်းစောင့်တဲ့ ဆရာမ တွေကို . နားလည်မှူ့ ကြေး လေးပေးရအောင် . တစ်ယောက်ကို ငါးရာ ကောက်တယ်ကွာ ။ မင်းလည်း ၅၀၀ ပေး နော် လို့ ဆိုပါတယ်။
နားလည်မှူ့ ကြေး ဆိုတာ ဘာကို နားလည်ပေးရမှာလဲ ။ အော်..သိပြီ .သိပြီ .ဒီလိုလား .. ရပါတယ်ဗျာ ဟုဆိုကာ..အောင့်သက်သက်ဖြင့်ပေးလိုက်ရသည်။
ကျွန်တော် ကတော့သိပ်မပေးချင် ။ ဒီစာတွေကို ထိုက်သင့်သလောက်ကြိုးစား ထားသဖြင့် ဖြေနိုင်ပါသည်။ သို့ သော်... အများ ဆန္ဒ ဆိုတော့လည်း..ကိုယ်တစ်ယောက်တည်းက အတိုက်အခံ ဂွစာ ကြီးမလုပ်ချင်။
အိတ်ကပ် ထဲက ခြင်္သေ့ တစ်ကောင် ခုန်ထွက်သွားသည်။
ကျွန်တော် သည် သူငယ်တန်းမှ ဆယ်တန်းအထိ ဖြေဖူး ခဲ့သော စာမေးပဲ တို့ တွင် ယခု တက္ကသိုလ် ပထမနှစ် စာမေးပွဲသည် တန်ဖိုးအကြီးဆုံးဖြစ်သည်။
ငါးရာတန် စာမေးပွဲ ပါလား ဟရို့ ။
ဒုတိယနေ့ ရဲ့ ပထမဦးဆုံး အတွေ့ အကြုံ
ဒီလို နဲ့ ပထမနေ့ ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ စာမေးပွဲ ခန်းထဲကထွက်လာတဲ့ကျောင်းသာ တိုင်းရဲ့ မျက်နှာ ကတော့ အပြုံးပန်းတွေနဲ့ ဝေလို့ ပေါ့။ တန်းလုံးကျွတ် အောင်မယ့် စာမေးပွဲ ဆိုတာ ဒါမျိုးပေါ့ဗျာ။
ဒုတိယနေ့ ကတော့ နည်းနည်း ခက်တယ်ဗျ . Philosophy လို့ ခေါ်တဲ့ ဒသနီကဗေဒ..
ကျွန်တော်လည်း တတ်နိုင်သလောက် ကြိုးစားဖြေပေမဲ့ တချို့ စာတွေကတော့ မေ့ တယ်ပေါ့ဗျာ.
ဘေးနားက မိန်းကလေးကတော့ အလိုက်သိပါတယ်။
အစ်ကို ယူ အုံးမလား တဲ့ လေ။
စ..စချင်းဆိုတော့ ကျွန်တော်က နည်းနည်း မူ ပါတယ်။ ဒါမျိုး ကို တသက်နဲ့ တစ်ကိုယ် တခါမှ မလုပ်ဖူးပါဘူး ခင်ဗျာ။
သူငယ်တန်းကနေ ဆယ်တန်းအထိ ပင်ကိုယ် ကြိုးစားမှူ့ နဲ့ သာ စာမေးပွဲ မှန်သမျှ ကြိုးစာခဲ့ရတာပါ။
ဒီတော့ . ဒီလို လုပ်ရမှာ ရှက်သလို ။ လုပ်လည်း မလုပ်တတ်ပါဘူး ။
ဒါပေမယ့် . သူများ မိုးခါးရေ သောက်တော့လည်း ကိုယ်လည်း ဘီယာ လောက်တော့ သောက်ကွာ ဆိုလို့ .အနှီမိန်းကလေး ပေးတဲ့ စာရွက် အပိုင်းအစ လေးကို ပဲ လက်တုန်တုန် နဲ့ လှမ်းယူလိုက်မိပါတယ်။
ကျွန်တော် မဖြေနိုင်တဲ့ ပုစ္ဆ္တာ လေးပါ ပဲ ။
ဒီ တစ်ပုဒ် မဖြေလို့ လည်း စာမေးပွဲမကျ ပါဘူး။ ဒါပေမယ့် လူ့ သဘာဝ အရ . ပို ရ ရင်တော့ ပိုလို ချင်မိပါတယ်။
ကျေးဇူးပါပဲနော် မိုး ။
နောက်ရက်တွေ များမှာလည်း အင်္ဂလိပ်စာ နဲ့ ပတ်သက် တာတွေဆိုတော့ စာရွက်ဖြူ မိုက်ကရိုလေးတွေက တွေက ပိုမို ပလူပျံလာပါတယ်။
ထို့ ထက် ပိုမို ဆိုးရွား စွာ ရဲတင်း ကြသူများကတော့ . ပြဌာန်း စာအုပ်ကြီးကို စာရေးစားပွဲ ခုံအောက်တွင် ထားကာ ပေါ်တင်ကြည့်ကူးကြသည်။
သူ တို့ ပုံစံ ကြည့်ရသည်မှာ တစ်နေ့ ကို နေ့ တွက်ခ ငါးရာကျပ် ပေးထားသဖြင့် ထင်ရာစိုင်း မည့် ပုံစံများအတိုင်းသားပေါ်လွင်နေပါသည်။
စာမေးပွဲ ခန်းမ အသွင် သည် စာကူးပွဲ ခန်းမ အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာပါသည်။
စာရွက်များ ဗြိ ကနဲ့ ဖြဲသံများ ၊ တစ်ဦးကိုတစ်ဦး စက္ကူလုံးများဖြင့် ပစ်ပေါက် နေသည်များက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာဖြစ်မိပါသည။်
မည်သို့ ပင် ဆိုစေ နေ့ တွက်ခ နားလည်မှူ့ ကြေးအဖြစ် တစ်နေ့ လျှင် ငါးရာ ပေး၍ ဖြေရသော စာမေးပွဲ ကြီး.က အောင်မြင်စွာပြီးဆုံးသွားချေပြီ ။
စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူ တိုင်းသည် ကျောင်းအပြင်သို့ ခေါင်းကို မော့ ပြီး ရင်ကို ကော့ကာ ထွက်လာကြသည်။ မိဘများက စိုးရိမ်တကြီး မေးလိုက်သည့်မေးခွန်းတိုင်းကိုလည်း ပြုံရွှင်စွာ ပင် ပြန်ဖြေလိုက်ကြသည်။
သားလေး ဖြေနိုင်ရဲ့ လား ကွယ်။
ဖြေနိုင်တာပေါ့ မေမ ရာ ။
သမီးကြီး ။ ကျက်ထားတာတွေ တိုးရဲ့ လား ဟင်။
ဟာ အမေကြီးရာ။ အားလုံးကွက်တိပဲ သိလား ။
အားလုံး သောကျောင်းသာများက ပျော်ရွှင်နေကြသည်။ တချို့ ကလည် ပေါ်တင်ပင် ဟစ်ကြွေးကြသည်။
ဟော့..ဟော့…ကူးလို့ ရတယ်ကွ…
စာမေးပွဲ ပြီးဆုံးခြင်း အထိမ်းအမှတ် အဖြစ် . သန်လျင် တံတားပေါ်တွင် မိုက်ကရို စာရွက်ငယ်များ ၊ ဘာဂျာ စက္ကူခေါက် လေးများက ဟို တစ်စ . ဒီတစ်စ..လေတွင် ကော့ပျံဝဲလျက် ရှိသည်။
ကျွန်တော်သည် နှင့်တကွ အားလုံးသော ကျောင်းသားများသည် အောင်စာရင်းကြည့်ရန်ပင် မလို ပဲ တန်းလုံးကျွတ် ကို အောင်မြင်ကြသည်။
လူချင်း တူသော်လည်း ကံချင်း မတူ ကြသူများ
ကျူရှင် မှ အချို့ သူငယ်ချင်းများကတော့ ပြောသည်။ နင်တို့ တာဝ က ကံကောင်းလို့ အပြင် မှာဖြေရတာ..
ငါတို့ ဒဂုံ တက္ကသိုလ် က.တော့ စာမေးပွဲကို တက္ကသိုလ်ကျောင်း ၀င်းထဲမှာပဲ . ဖြေရတာ။
ဒီတော့  အရမ်းကြပ်တယ်။ လုံးဝ မချောင်ဘူးတဲ့ ..လှူပ်လို့ တောင်မရဘူး ဆိုပဲ ..
ကျွန်တော်သည် အဆိုပါ ဒဂုံတက္ကသိုလ်မှ သူငယ်ချင်းကို ကြည့်လိုက်သည်။ သူတို့ ပြောပုံ အရဆိုလျှင် သူတို့ သည် စာမေးပွဲကို .စာမေးပွဲနှင့်တူအောင်တော့ ဖြေ ခဲ့ ရသည့် ပုံပင် .
ဟုတ် ၊ မဟုတ်တော့ ကျွန်တော်မသိ
ချောင် သလား ကြပ်သလား ဆိုတာကတော့ ကုသိုလ် ကံ လို့ ပဲပြောရမလား နော်။
အဝေးသင် တက္ကသိုလ် ဒုတိယနှစ်
အနီးကပ် ဆယ်ရက်တွင် မနှစ်က တွေ့ ခဲ့သော မိုး နှင့်ပြန်ဆုံသည်။ ခင်မင် မှူ့ အတိုင်းအတာ ပိုလာသည်။
သူကလည် . ကုမ္မဏီတစ်ခုတွင် အလုပ်ဝင်နေသဖြင့် ကျူရှင် မတတ် အား ။ ထို့ ကြောင့် ပထမနှစ်ကို ရသလို ဖြေခဲ့သည် ဟု ဆိုသည်။
ဒီနှစ် ဒုတိယနှစ် ကတော့ မချောင် ဟု ကြားသည။် တက္ကသိုလ်ဝင်းထဲတွင် ဖြေရမည်။
ဒီတော့ စာ ကို ကြိုးစားပြီး သေချာ လုပ်ရသည်။ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် စုပေါင်းပြီး စာကျက်ကြသည်။ မုန့် တွေ အတူစားကြသည်။
တက္ကသိုလ်ကျောင်းသား ဘ၀ ကို ရသလောက် ကြိုးစားပြီး ပျော်စရာရှာမိသည်။
သွားအတူ လာအတူ စား အတူ ဖြစ်လာသော မိုး ကို ကျွန်တော် ပို ၍လေ့လာခွင့်ရလာပါသည်။
ကျွန်တော်တို့ နှစ်ယောက် ဆုံးတိုင်း မိုး အပေါ် တွင် ကျွန်တော့် စိတ်များ ပြောင်းစ ပြုလာသည်ကို ကျွန်တော် ကိုယ့်ဘာသာ ရိပ်မိလာသည်။
ီူ
ချစ်သူ အလှဘွဲ့ 
ကျွန်တော့် စိတ်ထဲတွင် မိုး သည် တနေ့ တခြား ပို၍လှ လာသည်ဟု ခံစားမိပါသည်။ ယခင် က ကတုံး ဆံပင်ပေါက်နှင့် မိုးသည် ယခု တော့လည်း ဂုတ် အထိ ၀ဲပျံနေသော ဆံနွယ်လေးများက လေတိုက်လိုက်တုင်း ယမ်း ခါနေပါသည်။ ထို ဆံနွယ်လေးများ ယိမ်း ကသလို ကျွန်တော်၏ နှလုံးသား လေးလည်း ကရင်ဒုံးယိမ်း က နေပါတော့သည်။
မိုး ၏ အသံသည် ဆည်းလေး သံလေးများလို သာယာလှပါသည်။ မိုး ၏ မျက်နှာသည် ကောင်းကင်တွင် ညအခါ ထိန်ထိန်သာသော လမင်းကြီးကဲ့သို့ ကျွန်တော့် ရင်ထဲတွင် ပြည့်လျှံထိန်လင်းနေပါသည်။ မိုး သုံးနေကျ ဘော်ဒီ စပရေး ၊ လိုးရှင်း နှင့် သူ၏ ကိုယ်သင်းရနံလေး များသည် စုပေါင်းလိုက်သောအခါ ကျွန်တော့်အဖို့ တိမ်းမူးဖွယ်ရာ ဆွဲဆောင်မှူ့ ကို ဖြစ်စေပေါသည်။
မိုး ဆိုသော နာမည် လိုက်အောင် အေးချမ်းသော ၊ သန့် စင် ကြည်လင် သော မိန်းကလေး ကို ကျွန်တော် အဘယ်ကြောင့် ရင်မခုန် ပဲ နေပါအံ့မည်နည်း ။
ကိုယ့် အပေါ်ကို ပေါက္ကရာ ၀သ မိုးများ ရွာချလိုက်ပါတော့ လားကွယ်။
သူငယ်ချင်းများကလည်း ဒီလိုကိစ္စမျိုးဆိုလျှင် အားကိုးရသည်။ ကျွန်တော်တို့ နှစ်ယောက်တည်း မဆုံ ဆုံအောင် ဖန်တီးကြိုးစားပေးကြသည်။ အအေးဆိုင်တွင် အတူထိုင်ကြပြီ ဆိုလျှင် ဟို ကိစ္စ ဒီကိစ္စ အကြောင်းပြကာ ရှောင်ပေးတတ်ကြသည်။
အတော့်ကို ခင်ဖို့ ကောင်းပြီး အလိုက်သိတတ်သော သူငယ်ချင်း များပါတကား..
ရင်ခုန်ဖွယ်ရာ နေ့ ရက်တွေ က ပိုမို ရင်ခုန်ဖို့ ကောင်းလာသည်။
အနီးကပ် ဆယ်ရက်သာ တတ်ရသော ကျောင်းကို ဆယ်ရက်ထက် ပိုပြီး တတ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။
ကျောင်းက အပြန် ဘတ်စ်ကား ပေါ်တွင် သူငယ်ချင်းက နေရာ ဦးထားကြသည်။ မိုးနှင့် ကျွန်တော်က တခုံတည်းတွင် ထိုင်လျက် ။
လူများ ပြည့်ကြပ်နေသော Air-Con ဘတ်စကားကြီးတွင် သူရောကျွန်တော်ပါ ချွေးပြိုက်ပြိုက်ကျ ရလေသည်။ မိုး၏ နဖူးတွင် စို့ နေသော ချွေးလေးများကို တစ်ရှူး စက္ကူဖြင့် ကြင်နာစွာ သုတ်ပေးခွင့် ဘယ်တော့ များမှ ရပါလိမ့်နော်။
အချိန်တစ်နာရီမျှစီးရသော ဘတ်စ်ကားသည် ကျွန်တော့်စိတ်ထဲတွင် လွန်စွာ မှ မြန်နေသလို ။ အချိန်တွေက ကုန်တာမြန်လိုက်လေချင်း။
ဒါပေမယ့် နှလုံးသား ရေးကို ထင်သလောက် အားမထုတ်နိုင်ခဲ့ပေ။
ဒုတိယနှစ် စာမေးပွဲကို တော့ ကျောင်းထဲမှာ ကျင်းပမည်ဟု ကြိုသိရသဖြင့် သင်ခန်းစာ များဖြင့်သာ နပန်းလုံးနေရသည်။
ပန်းဆိုးတန်း မှ ကျူရှင် ဆရာကြီး ၏ သင်ပြမှူ့ များကြောင့် ကျွန်တော်၏ သင်ခန်းစာ များသည် အတော်ပင် ကျေညက်လာပါသည်။
ဒီလိုနှင့် ဒုတိယနှစ် စာမေးပွဲကြီး စတင်ပါသည်။
စာမေးပွဲခန်းတွင် စောင့်ကြပ်ကြသော တက္ကသိုလ်ဆရာမ များက အတော့်ကို တင်းကြပ်စွာ စောင့်ကြည့် ကြပါသည်။
အော်... ပထမ နှစ် ကတည်းက ဒီလိုမျိုး ဖြစ်သင့်တာပေါ့ ဗျာ။
ဒါတောင် . မကောင်းသော အကျင့်ဆိုး ကိုဆက်လက် ကျင့်သုံးချင်သော ကျောင်းသား အနည်းငယ်က မိုက်ကရို စက္ကူဖြူလေးများ ကိုအားကိုးချင်ကြသည်။
တက္ကသိုလ် ဆရာမ များကလည်း လင်းယုန် တို့ ၏ မျက်လုံးမျိုးဖြင့် တွေ့ သမျှကို လိုက်လံ သိမ်းဆည်းခြင်း ၊ နောက်နောင် မလုပ်ရန်ပြင်းထန်စွာ တားမြစ်ခြင်းများ ပြုကြ၏ ။
ဒုတိယနှစ် အင်္ဂလိပ်စာ စာမေးပွဲ သည် စာမေးပွဲ နှင့် တူ လာပါသည်။
ကျွန်တော်သည် ရှေ့ ဆယ်ခုံကျော် မှ မိုး ကို လှမ်းကြည့်လိုက်ပါသည်။ သူမသည် ယခင်ကလို မဟုတ်တော့ ပေ။ တည်ငြိမ်စွာဖြင့် ဖြေဆိုနိုင်လေပြီ ။
သို့ နှင့် . ကျွန်တော်တို့ နှစ်ယောက်စလုံး ၏ နာမည်များ အောင်စာရင်းတွင် ရေးထိုး နိုင်ခဲ့ကြပါသည်။
နောက်ဆုံးနှစ် အင်္ဂလိပ်စာ
္မဤနောက်ဆုံးနှစ် သည် ကျွန်တော့် ဘ၀ ၏ မှတ်တိုင် ဟု ဆိုလျှင်လည်း မမှားနိုင် ။ ကျူရှင် များတတ်ကတည်းက ကျွန်တော်တို့ နှစ်ယောက် က အတူတူ တတွဲတွဲ ။
ကျွန်တော်က အနှေး နှင့် အမြန် ဖွင့်ပြောတော့မည် ဟု မိုးကလည်း ကြိုတင် ရိပ်မိနေပုံပေါ်သည်။ စကားပြောလိုက်လျှင် ရေလာမြောင်းပေး ပုံစံများ ကို အနှောင့်အသွားမလွတ် ပြောတတ်သည်။
ပမာ ဆိုရလျှင် ။ ကျွန်တော် ၀တ်သော အကျီ င်္များ ကို တွန့် ကျေနေလျှင် သူမက မကြိုက် ။
အမြဲလိုလို မြည်တွန် တောက်တီးတတ်သည်။ ဒီတော့ ကျွန်တော်ကလည်း မီးပူတိုက်ပေးမည့်သူ မရှိ ကြောင်းပြောလျှင် .
နောက်ဆိုရင် မိုး တိုက်ပေးမှာပေါ့ ဟု မချိုမချဉ်ပြောပြီး လျှာကလေးထုတ်ကာ နောက်တတ်သည်။
ကျွန်တော်သည် ငယ်စဉ်က ရေမွှေး ကို လုံးဝ မကြိုက်သော သူဖြစ်သည်။ ပေါင်ဒါ လောက်သာ လိမ်းတတ်သည်။ ကလေးဘ၀ က အမေ က ရေမွှေးဆွတ်ပေးလျှင်လည်း သိပ်မကြိုက်ချင် ။ ရေမွှေးနံ့ သည် ကျွန်တော့်အတွက် ခေါင်းမူးသလိုလို ခံစားရပါသည်။
ထို့ ကြောင့် အသက်အရွယ် ရ လာသောအခါ ယောက်ျားလေး တို့ တွင် ဖြစ်တတ်သည့် . ဂျိုင်းပတ်စော် နံသည့် ကိစ္စ သည် မိုး နှင့် ကျွန်တော်အကြားတွင် အဟန့် အတားတစ်ခုဖြစ်လာခဲ့သည်။
ကျွန်တော့်ကို အားနာ ၍ ဖွင့်မပြောသော်လည်း ကျွန်တော် နှင့် ကားအတူစီးလျှင် မိုးအတွက် အနေကျုံ့ စေပါသည်။
ထို့ ကြောင့် .. မိုးသည် ကျွန်တော့်အား မွေးနေ့ လက်ဆောင် အဖြစ် . ဘော်ဒီစပရေး တစ်ဗူးလက်ဆောင်ပေးပါတော့သည်။ ဒီတော့မှ ကျွန်တော်လည်း ကိုယ့်ရဲ့ Persoanlity ပိုင်းကို သေချာဂရုစိုက်ရပါတော့သည်။
သူငယ်ချင်းတွေက တော့ ပြောသည်။ အချစ်နှင့် တွေ့ လျှင် လူ တိုင်းသည် လှ ချင်လာကြသည် တဲ့။
မှန်ပေသည်။ ကိုယ်ချစ်သော မိန်းကလေး ရှေ့ တွင် ကျွန်တော်သည် သန့် ရှင်းမွေးပျံနေသော ရင်ခုန်ဖွယ်ကောင်းသည့် ယောကျာ်းလေး တစ်ယောက်ဖြစ်ချင်လာသည်။ ထိုနေ့ မှစ ၍ ကျွန်တော် ၏ ရေမွှေးမကြိုက်သော မကောင်းသည့်အကျင့် ကို စွန့် လွှတ်လိုက်ရပါသည်။
နေ့ စဉ်ကျောင်းသွားလျှင် ရေမွှေး တစ်ပုလင်းလုံး မှောက်ကျ သည့်အလား လွန်စွာ မွှေးကြိုင်လျက် .
သို့ သော်...
ကျွန်တော်သည် သူမကို ဖွင့်ပြောဖို့ တွန့် ဆုတ်မိနေပြန်သည်။ ကျွန်တော့် တွင် ငဲ့ညာ စရာများ က ရှိလေသည်။
မိသားစုတွင် ကျွန်တော်က အကြီး ဖြစ်သည်။ မိဘကို လုပ်ကျွေးဖို့ နေနေသာသာ ကိုယ့် ၀င်ငွေကိုပင် လခစား ၀န်ထမ်း တစ်ဦးအနေဖြင့် ကြိုးစား၍ ရုန်းကန်ရှာဖွေနေရသည်။
သူငယ်ချင်းများကလည်း ကျွန်တော့် ကို အားမရ ဖြစ်ကြသည်။ ရည်းစား ထားခြင်းသည် ပညာတတ် ဘွဲ့ ရပြီးမှ ထားရမည်ဟု မဆိုလို ။ ငွေ ကြေး ဓန အင်အား ရှိခြင်း ၊ မရှိခြင်းနှင့် မသက်ဆိုင်ပေ။
ယနေ့ ရည်းစားဖြစ်ပြီး မနက်ဖြန် လက်ထပ် ရမည်ဟူ၍လည်း မည်သူမှ ဥပဒေ မထုတ်ထား ပေ။
သို့ သော်ကျွန်တော်ကမူ စာမေးပွဲ ပြီးမှ ဖွင့်ပြောရန်သာ ရည်ရွယ်ထားသည်။ စိတ်အာရုံများ မပျံ့ လွင့်စေချင်။ သူရောကျွန်တော်ပါ သင်ခန်းစာထဲတွင် သာ အာရုံစိုက်စေရန်ဖြစ်သည်။
နှလုံးသားရေးရာကိစ္စများကြောင့် စိတ်မလေ ချင် ပါ။ စာမေးပွဲ ပြီး တဲ့အချိန်မှပဲ ချစ်သူနဲ့ အတူ လွတ်လပ်စွာပျော်ချင်ပါသည်။
ဒါပေမယ့် . မမျှော်လင့်တဲ့ အကြောင်းအရာတစ်ခု က ပေါ်လာပါသည်။
မိုး ၏ အိမ်မှ မိဘ များက သဘောတူထားသူ ဆိုသည့် ပုဂ္ဂိုလ် တစ်ဦးပေါ်လာပါသည်။ သူသည် နိုင်ငံခြား ပြန်ဖြစ်ပြီး စင်ကာပူတွင် လုပ်ငန်း များလုပ်ကိုင်နေသည်ဟု သိရှိရပါသည်။
ငယ်သူငယ်ချင်း ဖြစ်သူ မြင့်ထွန်း က ကျွန်တော့်ကို အားမလိုအားမရ ပြောသည်။ ဟော့ကောင် လပြည့် လက်နှေး ရင် ခံသွားရမယ်နော်။ ရပ်ကြည့်လို့ အမြတ်မရှိဘူး။။ လုပ်စရာရှိတာ ခက်သွက်သွက်လုပ်ထား ။ ဟို က နိုင်ငံခြားပြန် ဥစ္စာ ပေါ ရုပ်ချောနော် ။
သမီးရှင် ဘက် က ဘာမှ ငြင်းစရာမလို တဲ့သူ ။
တော်ကြာ. အလာကောင်းပေမဲ့ အခါနှောင်းသွားပါပြီလို့ အပြောမခံရစေနဲ့ ကွာ.။။
ထို သတင်းကို ကြား လျှင် ကြားချင်း ကျွန်တော်သည် ဦးခေါင်းထက်မှ ဆံပင်များ ထောင် လာပါသည်။ ရင်ထဲတွင်လည်း တလှပ်လှပ်နှင့် ကိုယ့်အချစ်ဆုံးသူကို ဆုံးရှံးတော့မယောင် ထင်လာပါသည်။ ခြေလက်များကလည်း ကြောက်စိတ်ဖြင့် ရေခဲစိမ်ထားဘိသကဲ့သို့ အေးစက်နေပါသည်။
တခါမှ ရည်းစား မထားဖူးသဖြင့် မည်သို့ ဖွင့်ပြောရမည်ကိုလည်း မသိပါ။ ကျွန်တော်သိ သည်ကား မကြာမီ အချိန်တွင် မိုး ကို ဆုံးရှုံးရတော့မည်။ အချစ်ဆုံး မိန်ကလေးအား အခြားသူတစ်ဦးက သိမ်းပိုက်ချေတော့မည်။
ရည်းစား စာ လည်း မရေး ဖူးသဖြင့် မရေးတတ်ပါ။ သူငယ်ချင်းများကို ရေးခိုင်း ရင်ကောင်းမလား ။ အဘယ်ကြောင့်မှန်းမသိ ထိုကိစ္စ မျိုးတွင် ကျွန်တော်သည် လွန်စွာ နှူတ်ဆွံ အ နေတတ်ပါသည်။
နောက်ဆုံးတွင် ကြံရမသည့်အဆုံး ဖြစ်ချင်ရာဖြစ် . မျက်နှာချင်းဆိုင်ကာ ဖွင့်ပြောတော့မည် ဟု သံဓိဌာန် ချလိုက်ပါတော့သည်။
ကျူရှင်မှ အပြန် မိုး တွေ သည်းနေသော နေ့ တစ်နေ့ 
အရပ်ရှစ်မျက်နှာမှ လေပြင်းများတိုက်ပြီး မိုး သည် အငြိုးကြီးကြီးဖြင့် သန်းထန်စွာရွာသွန်းနေပါသည်။
ကျူရှင်မှ အပြီး အိမ်အပြန်တွင် မိုး က TAXI ဌားပြန်မယ်ဟု ဆိုပါသည်။ ကျွန်တော်က သူ့ ကို လိုက်ပို့ ခွင့်ရပါသည်။ သူတို့ လမ်းထိပ် တွင် ကားရပ်ပြီး အဆင်း . ညောင်ညိုပင်အောက်တွင် ကျွန်တော်သည် သူ့ ကို မရဲတရဲ နှင့် ဖွင့်ပြောဖို့ ကြိုးစား ပါသည်။
လေရောမိုးပါ သည်းထန်လာသည်။ ညောင် ပင် အောက်တွင် လူ ရှင်းသဖြင့် . ကျွန်တော့်အတွက် အဆင်ပြေလှသည်။ ကျွန်တော် တောင် ဒီလောက် ချမ်းနေလျှင် မိုး သည် မိန်းကလေး ဖြစ်သောကြောင့် ပို ပြီး ချမ်းမှာ အသေအချာပင် ။
ဖြစ်နိုင်လျှင် ရင်ခွင်ထဲသို့ .ထွေးပွေ့ ထားလိုက်ချင်မိပါသည်။
မိုး . ရေ ခဏ . ငါ နင့်ကို ပြောစရာရှိလို့ ..
ဟာ.. လပြည့်ကလည်း ကွာ ။ မိုးတွေ ဒီလောက်သည်းနေတာ . အိမ်ကိုပဲ ပြန်တော့မယ် ။ ဘာပြောမလို့ လည်း မြန်မြန်ပြော ။ အရေးမကြီးရင်လည်း နောက်နေ့ မှ ပြော ပါလား။
မဟုတ်ဘူး အရေးကြီးတယ်။. အရမ်း အရေးကြီးတယ်။ ဟိုလေ.ဟို... ဟိုဟာလေ...
ငါ နင့် ကို ချစ်တယ် ဟာ.....
ကျွန်တော်သည် အချိန်မရှိသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်ကြားမှ မိုး ဆိုသော မိန်းကလေးကို မိုးတွေ သည်းထန်နေသည့် အောက်တွင် ကဗျာ မဆန်စွာပင် ဖွင့်ပြောလိုက်မိသည်။
ဘာ..ဘာပြောတယ်.. နင်က ငါ့ကို ..
လပြည့်ရယ်။။ဘယ်လို ဖြစ်တာလဲ .. နင် က တကယ်လား.. နောက်နေတာလား။။
သူမက သိနေရက်သားနှင့် ရယ်ကျဲကျဲ လုပ်ကာ မေးသည်။
ငါ အရင်ကတော့ စာမေးပွဲ ပြီးမှ ဖွင့်ပြောမလို့ ပါပဲ ဟာ . ဒါပေမယ့် နင့် အိမ်က သဘေတူထားတဲ့ ဟို စင်ကာပူ ကဆိုတဲ့လူ ပေါ်လာလို့ ငါ အခုလို အရင်လို နေရတာပေါ့ ။
ကျွန်တော်သည် မိုးရေ ကြောင့် ချမ်းတာလား ။ သူမကို ကြောက် ၍ ချမ်းတာလားတော့မသိ ။ နှူတ်ခမ်းများပြာကာ . မေး တုန်လျက် သူ့ ကို ကြိုးစားပြီး ရှင်းပြနေရသည်။
မိုး က မျက်မှောင်ကုတ်လျက် .. ပြောသည်။
ငါ့ အိမ်က သဘောတူ ထားတဲ့ လူ ဘယ်သူများပါလိမ့် .. အော်..သိပြီ .. သိပြီ ... နင့် ကို ဘယ်သူတွေကပြောလိုက်တာလဲ ။
ဟို အကောင် တွေ ပြောတာမဟုတ်လား ။ နင်တော့လေ မိုးတွေ ရွာနေတာ.. မိုး ကြိုးပါ ပစ်အောင်လုပ်နေပြန်ပြီ ။
အဲဒါ ငါ့ ရဲ့ ဝမ်းကွဲ အစ်ကို စင်ကာပူ ကနေ ခဏ ပြန်လာတာ..သိပြီလား ဟဲ့ ..
အောင်မလေး ဗျာ...ရင်ထဲ က အပူလုံးကြီး လျှော ခနဲ ကျသွားသလို ပါပဲ ။ ကျွန်တော်နားလည်လိုက်ပါပြီ ။ သူငယ်ချင်းတွေ က ကျွန်တော့်ကို အချွန်နဲ့ မပြီး . မြန်မြန်ဖွင့်ပြောအောင် ဇာတ်လမ်း ဆင်လိုက်ကြတာပေါ့ ။
ဟိုကောင် မြင့်ထွန်း ဆိုတဲ့အကောင် ပေါ့.. ဒင်းတော့လား..
ဒါပေမယ့် . ကျွန်တော်ကတော့ သူတို့ ဆင်ထားတဲ့အတိုင်း ကွက်တိကို ၀င်သွားပါပြီ ။ ဖွင့်ပြောပြီးကာမှ မထူးတော့ပါဘူး ။ ချောလဲ ရောထိုင် ရင်းနဲ့ ပဲ အဖြေတောင်းဖို့စဉ်းစားလိုက်ပါတယ်။
အခုလို မြန်မြန်ပြောလိုက်တာပဲ ကောင်းပါတယ်။ ရင်ထဲ က အပူမီးတစ်ခုတော့ ငြိမ်းသွားတာပေါ့။
သူမ ကတော့ တည်ငြိမ်စွာနဲ့ ပဲ မိန်းကလေးတို့ ထုံးစံ အတိုင်း စဉ်းစာ ပါရစေအုံးပေါ့နော်။
ဒုတိယပိုင်း တွင် ဆက်လက် အားပေးတော်မူကြပါ။။။။
တခါတုန်းက တက္ကသိုလ်မှာ...
မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)
ဤ ပိုစ့်ကို www.roadtoarabian.blogspot.com တွင် အပြည့်အစုံ ရှူရန်
Good post, carry on 2 part.
ReplyDelete