ထိန်ထိန်လင်းကာ အလှဆင်မည်း မီပုံးလေးများ
သီတင်းကျွတ် ဟု ဆိုလိုက်လျှင် ကလေး ဘ၀ ကတည်းက စည်ကားလှသောမီးထွန်းပွဲတော်များ ၊ ပျော်စရာကောင်းလှသော မီးရှူးမီးပန်းများ ၊ ပျော်ပွဲရွင်ပွဲ ဇာတ်ပွဲ စတိတ်ရှိုးများ ၊ ထို့ နောက် ခမ်းနားလှသော မင်္ဂလာဆောင် အလှူပွဲများ စသည့် ပွဲလမ်းသဘင်တို့ နှင့် ပြည့်နှက် လျက် ရှိသော ပျော်စရာကောင်းဆုံး လ ဟု သိနားလည်ထားပါသည်။
ဤ လ သို့ ရောက်တိုင်း သီတင်းကျွတ်ပြယုဂ် အဖြစ် အိမ်တိုင်းတွင်လည်း ရောင်စုံမီးပုံးလေးများ ထိန်ညီးစွာ ထွန်းညှီထားကြသည်။
ထို့ ပြင် ရွှေတိဂုံဘုရား ကြီးမှ နှင့်တကွ ရန်ကုန်မြို့ ရှိဘုရားပုထိုးစေတီများတွင်လည်း ဗုဒ္ဓပူဇနိယ ပွဲတော်များ ဖြင့် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကြိတ်ကြိတ်တိုး ကျင်းပကြသည်။
သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားသခင်သည် မိမိအား မွေးကျေးဇူးရှိခဲ့သော မယ်တော် မိ နတ်သားကို ကျေးဇူးဆပ်သည့် အနေဖြင့် တာဝတိံသာနတ်ပြည်တွင် ဓမ္မစင်္ကြာတရားဟောကြားအပြီး လူ့ ပြည်သို့ ပြန် အကြွ တွင် နတ်ဗြဟ္မာ များက ရွှေစောင်းတန်း ငွေ စောင်းတန်း ပတ္တမြားစောင်းတန်း စသည်ဖြင့် စောင်းတန်းသုံးသွယ်ဖြင့် ပူဇော်ကြသလို ၊ လူ့ ပြည်မှ ရဟန်းရှင်လူ ပြည်သူများကလည်း ဆီမီးရောင်တထိန်ထိန် ဖြင့်ထွန်းညှီ ပူဇော်ကြသည်ကို အစွဲပြု ရွေ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွဲ ခဲ့ကြသည်။
ထို့ ပြင် ဗုဒ္ဓဘာသာရဟန်းတော်များအတွက် မိုးတွင်းအခါ ၀ါတွင်းကာလ များတွင် သက်ဆိုင်ရာ ကျောင်းတိုက်များ ၌ ၀ါဆိုခြင်းအမှူ့ ကို ပြုပြီးနောက် ယခုလို သီတင်းကျွတ်တွင် ၀ါဆိုခြင်း ပြီးမြောက် သည့်အတွက် ၀ါလကင်းလွတ်သီတင်းကျွတ် ဟု ဆိုကြသည်။
မြန်မာတို့ ၏ ချစ်စရာ ရိုးရာယဉ်ကျေးမှူ့ တွင်လည်း သီတင်းကျွတ် လတွင် မိမိထက် အသက် ၀ါ ကြီးမြတ်သူများကို ဤလတွင် လက်အုပ်စုံမိုးကာ ရှိခိုး တောင်းပန်ကြရင်း အပြစ်တို့ ကို ခွင့်လွတ်ကျေအေး စေပါသည်။ လူကြီးသူမ များကလည်း ထိုသို့ လာရောက် ဂါရ၀ ပြုရှိခိုးကန်တော့ကြသည့် လူငယ်များကို စိတ်ပျော်ရွင်စေရန်ရည်စူးပြီး အသပြာမုန့် ဖိုးများ ပေးကမ်းစွန့် ကြဲကြသည်။
အထူသဖြင့် ကျောင်းသားလူငယ်များအတွက် သီတင်းကျွတ်ကျောင်းပိတ်ရက်ကြီးတွင် စိတ်လွတ်လက်လွတ်အေးချမ်းစွာပျော်ပါးနိုင်ပေပြီ ။ လူကြီးမိဘများက ပေးကမ်းသော မုန့် ဖိုးငွေများဖြင့် ပွဲလမ်းသဘင်များတွင် စိတ်တိုင်းကျ ဖောဖောသီသီ သုံးစွဲနိုင်ကြပေသည်။ ထိုကာလသည် ကလေးများအတွက် လွန်စွာပျော်ရွင်စရာကောင်းသော လ ဟုဆိုရပေမည်။
ပျော်စရာကောင်းတဲ့ ကလေးဘဝ
ကျွန်တော် ငယ်စဉ်ကလည်း သီတင်းကျွတ် ကို လွန်စွာတမ်းတသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းများက ပထမအစမ်းစာမေးပွဲကြီး ပြီးဆုံးသဖြင့် ဆယ်ရက်ကျော်ခန့် ကျောင်းပိတ်သည့်အတွက်ကြောင့်ဖြစ်သည်။ ကလေးသဘာဝ အရ မီးရှူးမီးပန်းလွတ်ခြင်း ၊ ပွဲလမ်းသဘင် သွားခြင်းတို့ ကိုလည်း လွန်စွာ ၀ါသနာထုံသူဖြစ်သည်။
ကျွန်တော် တို့ သူငယ်ချင်းတစ်သိုက်သည် ပိုက်ဆံစုကာ မီးပုံးများ ၀ယ်ကြကာ . ည အခါတွင် မီးစာ မှိုင်းတိုက် ပြီး ကောင်းကင်ယံသို့ လွင့်တင်ကြသည်။ ဂျွတ်ဂျွတ်အိတ်ဖြင့် ပြုလုပ်ထားသောမှိုင်းဝ နေသည့် မီးပုံးပျံလေးများ ကောင်းကင် တွင် ၀င့်ကြွားစွာ တလွင့်လွင့် တက်သွားသည်ကို ကြည့်ကာ ပျော်မဆုံး မော်မဆုံး ဖြစ်ကြသည်။ လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက် မြူးထူးကြသည်။
သို့ သော် တခါတရံ လွင့်တင်လိုက်သည့် မီးပုံးပျံများသည် ကောင်းစွာမှိုင်း မ၀ လျှင်သော် ၄င်း ၊ လေတိုက်နှူန်း မမှန်လျှင်သော် ၄င်း ကောင်းကင်ယံသို့ လွတ်လွတ်ကျွတ်ကျွတ်မတက်နိုင်ပဲ . တိုက်ခေါင်မိုးများ ၊ သစ်ပင် များနှင့် ငြိကာ မီးလောင် ပျက်စွား သွားတတ်သည်။ ထို အခါမျိုးတွင် လည်း လွန်စွာ နှမြောတသ ဖြစ်ကြရသည်။
လူကြီးများကမူ မီးပုံးပျံလွတ်ခြင်းကို သိပ်မကြိုက်ပေ ။ မီးဘေးအန္တရာယ် ရှိသည် ဟု ဆိုကြသည်။ ထရံကာ ဓနီမိုး တဲအိမ်များ အတွက် မီးပုံးပျံလေးများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
သီတင်းကျွတ်တွင် နောက်ထပ်ပျော်စရာ ကောင်းသည်မှာ ဗျောက်အိုးဖောက်ခြင်း ၊ ရှူးဒိုင်း ဟုခေါ်သည့် မီးရှူးများ ၊ ကောင်းကင်ယံတွင် မီးပွားရောင်စုံများ ဖွာကနဲ ဖျာသွားသော မီးရှူးပန်းများ ပစ်ဖောက်လွင့်တင်ခြင်းဖြစ်သည်။ ရောင်စုံမီးပန်းများကို လက်တွင်ဝှေ့ ယမ်းကာ ပျော်မြူးခဲ့ဖူးသည်။ မာကျူရီ ဟုခေါ်သည့် လွန်စွာ အားကောင်းသော မီးပန်းတမျိုးကို အချိန်အတန်ကြာအောင်မီးညှိရသည်။ ပြီးနောက် ရာဘာဖိနပ် ဖြင့် တဖောင်းဖောင်းမြည်အောင် ရိုက်ကြရသည။်
ယမ်းသေနတ် များ တဒိုင်းဒိုင်း ပစ်ကာ ပေသီး များ တဖောင်းဖောင်းဖြင့် စစ်တိုက်တမ်း လည်း ကစား ဖူးသည်။
စစ်တိုက်သည့်အခါ ဇာတ်လိုက်မင်းသား လုပ်သူသည် ဘယ်တော့မှ မသေစေရ ။ အခြားသူများသာ သေ ရမည် ဟု စည်းမျဉ်းထုတ်ထားသည်။
မင်းသား လုပ်ချင်သော သူသည် ကောက်ညှင်းပေါင်းကျွေးရသည်။ လက်ဖက်ရည် အ၀ တိုက်ရသည်။ ကျွန်တော်သည် အမြဲလိုလို လူကြမ်းသာ လုပ်ရသည်။
မုန့် ဖိုးကို ချွေတာသည့်အနေဖြင့် ၄င်း ၊ သူများကျွေးတာ စား ချင်သည့်အတွက်ကြောင့် ၄င်း လူကြမ်းအဖြစ် ကို ကျေနပ်စွာခံယူရလေသည်။
ချိန်ကိုက်ဗုံး အလား တရုတ်နီ စွမ်းအား
ဖောက်ဖွဲရေး တပ်သား လေး ရဲ့ တရုတ်နီ ဗျောက်အိုး
မှတ်မိပါသေးသည်။ သူငယ်ချင်းတသိုက် လမ်းထိပ်က ပန်းခြံများတွင် အတွဲများကို အထိတ်တလန့် ဖြစ်အောင် ဗျောက်အိုးလေးများဖြင့် ကျီစား ကြသည်။ တရုတ်နီ ဟုခေါ်သော အလွန် အသံကျယ်သည့် ဗျောက်အိုး ၏ စနစ်တံလေးကို အမွေးတိုင်တုတ်တွင် ပူးကပ်ပြီး အပ်ချည်ကြိုးနှင့် ချည်သည်။ အမွေးတိုင် က တဖြည်းဖြည်းမီးလောင်ပြီး တိုလာလျှင် . ဗျောက်အိုး စနစ်တံ ကို မီးကူးစေရန်စီမံထားခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက ကိုယ့်ဘာသာကိုယ် ဖောက်ခွဲရေး တပ်သား ဟု အပျော် သဘောဖြင့်နာမည်ပေးကာ ပန်းခြံထောင့် ရှိ စုံတွဲ ထိုင်ခုံအောက်တွင် အမွေးတိုင်ကို မသိမသာ မီးညှိပြီး စိုက်ထားလိုက်သည်။ ထိုစဉ်ကတည်းက ချိန်ကိုက်ဗုံး ၏ သဘောသဘာဝ ကို နားလည်ထားပါသည်။
သိပ်မကြာပါ။ လမ်းထဲမှ လူပျိုကြီး ကိုတင်မောင် နှင့် ကျောင်းဆရာမ မသိန်းမြ တို့ ချိန်းတွေ့ ကြသည်။ မသိန်းမြ သည် ဆရာမ ပီပီ လွန်စွာ မှ အသံကျယ်သည်။ ကိုတင်မောင်ကလည် လူပျိုကြီးပီပီ လွန်စွာ အရှက်ကြီးသည်။ သူတို့ နှစ်ယောက် ကြိုက်နေကြောင်းကို အမြဲလိုလိုသိုသိပ်တတ်သည်။ ယခုလည်း မှောင်ရိပ်သန်းချိန်တွင် လမ်းထိပ်ပန်းခြံထဲတွင် ခေတ္တခဏ ၀င်ရောက်ကာ ချိန်းတွေ့ ကြခြင်းဖြစ်သည်။ ဒီနှစ် သီတင်းကျွတ် လျှင် လက်ထပ်ရန်စီစဉ်ထားသည်။
မရည်ရွယ်ပဲ ပစ်ကွင်းထဲရောက်လာသော စုံတွဲ အတွက် ကျွန်တော်တို့ ၏ ဖောက်ခွဲရေး ပစ္စည်းကလည်း ချိန်သားကိုက်ပင် လှူပ်ရှားလာသည်။ လေအေ၀ှ့  တွင်အငွေ့ တလူလူဖြင့် မီးတောက်နေသော အမွေးတိုင်ကို ချစ်စ ခင်စ ချစ်သူနှစ်ဦးကမူ မိုးမမြင် လေမမြင် ဖြစ်နေသည်။ ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေကြပုံများသည် တကယ့်ကို ဆယ်ကျော်သက် လူငယ်စုံတွဲ လေးများအတိုင်းပင် ။
ရင်တမမ ဖြင့် ပုန်းကွယ်ကာကြည့်နေသော ကျွန်တော်တို့ သူငယ်ချင်းများသည် ဆရမ မသိန်းမြ ၏ အသံဝါ ကြီးကို မရဲတရဲ နားစွင့်နေကြသည်။
တအောင့်မျှအကြာတွင် . ဒိုင်း .. ဟူသော ဗျောက်အိုး ကွဲသံနှင့် အတူ . အမလေး ဘုရားကြီး ငုတ်တုပ်ကြွ ဟူသော ဆရာမလေး၏ ကျယ်လောင်သည့် အာမေဋိတ်သံကြီးကိုလည်း ကြားလိုက်ရသည်။ ယမ်းငွေ့ တဝေေ၀ ထဲတွင် ဆရာမလေး၏ ကြောက်လန့် တကြား ဖြင့် သူ့ ချစ်သူ လူပျိုကြီးကို ဖက်ထားပုံမှာတကယ့်ရုပ်ရှင် ထဲကအတိုင်းပင်။
တဆက်တည်းမှာပင် . ရှက်ရမ်း ရမ်းကာ . ဟို ကြည့်ဒီကြည့်ဖြင့် တရားခံရှာနေသော လူပျိုကြီး ၏ မကျေမချမ်း ရေရွတ် သံကိုလည်း အတိုင်းသားကြားနေရသည်။
ပန်းခြံထောင့် တွင် ရပ်ထားသော ကား တစ်စီးနောက်ကွယ်မှ ကလေး တသိုက်ကမူ အဆိုပါ မြင်ကွင်းကို အူတက်မတက် တခွီးခွီးဖြင့် ရယ် နေကြသည်။
ဒီလို ကိစ္စမျိုးကို အိမ်က လူကြီးတွေကိုလည်း ပြန်တိုင်လို့ ရမည် မဟုတ်ပေ။ ဒေါသဖြင့် ထိုင်ခုံအောက်မှ အမွေးတိုင်ကလေးကို ခြေဖြင့် တဖုန်းဖုန်း နင်း နေသော လူပျိုကြီး ကိုတင်မောင်ကို ယနေ့ အထိ မျက်စိ ထဲတွင်မြင်ယောင်နေမိပါသည်။
လူ့ သဘာဝ သည် သူတပါး ဒုက္ခရောက်အောင် ချောက်တွန်း လိုက်ရမှ ပျော်ရွင်ပါသည်။ ကလေးသဘာဝ အရ အပျော်သဘောဖြင့်သာ စ.နောက် ကြခြင်း သာဖြစ်သည်။ မည်သို့ မျှ ထိခိုက်နစ်နာစေရန် မရည်ရွယ်။ အဖြူထည် စိတ်ဖြင့် အပျော်ရှာခြင်းသာဖြစ်သည်။ သို့ သော် မိမိကြောင့် ယခုလို ကြောက်လန့် တကြား ဖြစ်သွားလျှင်တော့ လွန်စွာ သဘောကျ ကြောင်းဝန်ခံရပါမည်။
သီတင်းကျွတ် သည် ပွဲလမ်းသဘင်များဖြင့် ပြည့်နှက်နေသော လ ဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ်တုန်းက . သီတင်းကျွတ် ရေကျော် ဈေးပွဲတော်သည် လွန်စွာမှ စည်ကားသည်။ အနယ်နယ် အရပ်ရပ်မှ . ပွဲတော်လာသူများနှင့် စည်ကားလှသည်။ ဇာတ်ပွဲသဘင်ကြီးများ ၊ စတိတ်ရှိးများ ၊ မျက်လှည့်ပွဲများ ၊ ကို ပွဲဈေးတလျှောက် မမောတမ်း လိုက်ကြည့်ရသည်။ လမ်းလျှောက်ရတာ မော လာလျှင် ကြံရည်သောက်ကြသည် ၊ ရေမုန့် စားသည်။ ကောက်ညှင်းကျည်တောက်စားကြသည်။
ထိုစဉ်က နာမည်ကြီးသော ပုလင်းစိန် ၊ ဇလုံစိန် ၊ ဖန်ခွက်စိန် ဇာတ်အဖွဲ့ မျာ ၊ သစ္စာမေတ္တာ ရွှေမန်းသဘင် ဇာတ်အဖွဲ့ များ ၏ ဇာတ်ပွဲ မစမီတွင် ဇာတ်ရုံထဲသို့ ဝင်ကြည့် ကြသည်။ အိမ်က လူကြီးမိဘ များက ညဥ့်နက် ဇာတ်ပွဲ မကြည့်ရဟု အမိန့် ထုတ်ထားသဖြင့် ထို မျှနှင့် သာ တင်းတိမ်ရတော့သည။်
Merry-go-round ဟုဆိုသည့် ကားပုံစံ မြင်းပုံစံ ကလေးစီး မြေရှပ်ရဟတ်လေးများကို မလွတ်တမ်းစီးမိသည်။ တကယ့်ကားကြီးကို ၊ မြင်းအစစ်ကြီးကိုစီးသလို ပါးစပ်မှလည်း .. ကား စက်သံ ၊ မြင်းမောင်းသံများ တကြော်ကြော်အော်လေသည်။ .. ၀ူး..၀ူး... တီတီ ..... ဟော့ မြင်းကြီးလားပြီကွ..ဖေ့သားကြီး ဟိုင်း၇ား..
Big Wheel ဆယ့်နှစ်တွဲ ချားရဟတ်များ
သီတင်းကျွတ် ပွဲဈေး ၏ အထင်ရှားဆုံး ပြယုဂ်ဖြစ်သည်။. ဆယ်နှစ်တွဲ ရဟတ် ဟုခေါ်သော အလွန်ကြီးမားသည့် ချားရဟတ်ကြီးများကို လူတိုင်း စီးဖူးကြပေမည်။ မီးချောင်းရောင်စုံများဖြင့် အလှ ဆင် ထားသော ချားရဟတ်ကြီးသည် အောက်မှ ကြည့်နေသူများကို လာလှည့် စီးလှည့် ဟု ဖိတ်ခေါ်နေသယောင် ။
ချားရဟတ်ကြီးသည် အခု ချက်ချင်း ဟိုး အမြင့်ကြီးကို တက်သွားလိုက် ၊ ချက်ချင်းပင် ပြန်ကျ လိုက်ဖြင့် အသည်းအေး စရာ ကောင်းလောက်အောင် ရင်ထဲကို တလှစ်လှစ် ဖြစ်ရသည်။ ဤ သည်က ချားရဟတ်စီးခြင်း ၏ အရသာ ပင်ဖြစ်သည်။ ကလေးဘ၀တုန်းကတော့ တစ်ခါ စီးပြီးသည်နှင့် ကြူကြူပါအောင် ငို လေသည်။ ရင်ထဲတွင် လှပ် ခနဲ အေးခနဲ ဖြစ်သွားသယောင် ၊ အောက်ကို ပြုတ်ကျတော့မယောင် အသည်းအေးစဖွယ် ကြောက်စရာကြီးဟု ထင်မှတ်ခဲ့ဖူးသည်။
နောင်သော် . အဆိုပါ အသည်းအေး ကနဲ ဖြစ်သွားတာကိုပင် အရသာ ခံကာ စီးချင်နေမိသည်။ ထို့ ပြင် ရဟတ် မောင်းသည့် လူများကိုလည်း စိတ်ဝင်စားမိပါသည်။ သန်စွမ်းဖျတ်လတ်ခြင်း ၊ လက် ၏ မြဲမြံခြင်း ကို အားပြုကာ ရဟတ်တစ်စီးမှ တစ်စီးသို့  လူးလာပြေးလွှားနေကြသည်။ ရဟတ် အရှိန်ကိုလည်း အနှေး အမြန် လို သလို ပင် ချိန်ညှိနိုင်ကြသည် ။ တခါတရံပြုတ်ကျတော့မယောင် . အသည်းယား စရာ ဘားကျွမ်း ဆပ်ကပ်များပြနေသည်ဟုပင် ထင်ရလောက်အောင် ကြည့်ကောင်းလှပါသည်။
ချားရဟတ် စီးခြင်းသည် ကြည့်တတ်လျှင် လွန်စွာ တရားကျ ဖို့ ကောင်းသည်။ အတက် အကျ လွန်စွာမြန်ဆန်လှသည်။ လူ့ ဘ၀ ဆိုသည်ကလည်း ကြမ္မာရဟတ် ၏ စေစားရာ ကို ခံကြရသည် မဟုတ်ပါလား ။ အမြင့်ကိုရောက်လျှင်လည်း ခဏ ၊ မကြာခင် ပြန်ကျ ပေမည်။ အောက်အနိမ့် ဆုံးကိုရောက်လျှင်လည်း ခဏ . မကြာခင် ကြိုးစားမှူတွန်းအားများဖြင့် ပြန်တတ်ပေမည်။ ဤသည်က ကြမ္မာရဟတ် ဥပမာ ပင်ဖြစ်ပေသည်။
ကမ္ဘာကျော်မည့် စိတ်ကူး (သို့ ) လျှပ်စစ်မဲ့ . ချားရဟတ်ကြီး
လွန်ခဲ့သောလ က စင်ကာပူ နိုင်ငံရှိ သူငယ်ချင်းတစ်ဦးက . ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးကို စီးကာ ဓာတ်ပုံများ ရိုက်ပြီး လှမ်းကြွားလိုက်သည်။
ရန်ကုန်မြို့ ရှူခင်းသာ တွင်ရှိသော ချားရဟတ်ထက် လွန်စွာကြီးမားပါသည် ဟု ဆိုလေသည်။ ပတ်ဝန်းကျင်ရှခင်းများလည်း လွန်စွာလှပပါသည်။
သို့ သော် ကျွန်တော့် အတွက်မူ . ငယ်စဉ်က ဘုရားပွဲတွင်စီးရသော လူ အား ဖြင့် လည်ပတ်သည့် ချားရဟတ်ကိုသာ နှစ်သက်သဘောကျမိပါသည်။
စင်ကာပူ နိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး ချားရဟတ်ကြီးသည် . လျှပ်စစ်ဓာတ်အား ဖြင့်သာ လည်ပတ်နေရပါသည်။ သို့ သော် သီတင်းကျွတ်ဘုရားပွဲဈေးရှိ ချားရဟတ်ကမူ မည်သည့် လျှပ်စစ်ဓာတ်အားမှ မလိုအပ်ပေ ။ လူ ၏လုပ်အားသာ လိုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အခြေအနေနှင့်လွန်စွာ ကိုက်ညီပါသည်။
ယနေ့ ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်းအင် ချွေတာသော နေရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံသည် ထိပ်တန်းအဆင့်တွင်ရှိသည်။ လွန်စွာချွေတာသော နိုင်ငံဖြစ်ကြောင်း စာဖွဲ့ ရန်မလို ။
ထို့ ကြောင့် ကျွန်တော် စဉ်းစားမိသည်က . စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး ချားရဟတ်ကြီးကို . လျှပ်စစ် ဓာတ်အားဖြင့် မလည်ပတ်စေပဲ . မြန်မာနိုင်ငံမှ "ဒိုးကလေး" ချားရဟတ်အဖွဲ့ မှ လူများဖြင့် လည်ပတ်စေမည်။ ပြီးလျှင် . ကမ္ဘာ့ ပထမဦးဆုံး လျှပ်စစ်မဲ့ . ချားရဟတ်ကြီး ဟု ကြော်ငြာကာ ဂရင်းနစ် စာအုပ်ထဲတွင် မှတ်တမ်း ၀င်စေမည်။ .Green city . Green environment ဟုကြွေးကြော်နေသော စင်ကာပူနိုင်ငံသည် ယခုလို လျှပ်စစ်ဓာတ်အား ချွေတာရေး အစီအစဉ်ကို ပြုလုပ်စေချင်သည်။ နေ့ ချင်းညချင်း ကမ္ဘာကျော်စေမည့် . လျှပ်စစ်ချွေတာရေး ဗျူဟာ အသစ်ဟုဆိုချင်ပါသည်။
စင်ကာပူနိုင်ငံ၏ အထင်ကရ Great Wheel
သီတင်းကျွတ်မီးထွန်းပွဲတော်၏ အမှတ်အသားဖြစ်သော မီးပုံးလေးများကိုလည်း ငယ်စဉ်က အမြဲပူဆာတတ်သည်။ ရောင်စုံ ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော တွန်းလှည်း မီးပုံး လေးများသည် လွန်စွာချစ်စဖွယ်ဖြစ်သည်။ ကလေးတို့ ၏ အသည်းကျော် လည်းဖြစ်၏။ ထို့ ပြင် အိမ်တိုင်းလိုလိုပင် အလှချိတ် မီးပုံးလေးများ ထွန်းညှိထားတတ်ကြသည်။
မြင်သာမြင် မကြင်ရသော သီတင်းကျွတ် မုန့် ဖိုး
ပွဲတော်ရက်မတိုင်ခင်ကပင် လူကြီးမိဘများက . ဆွေမျိုးထဲရှိ သက်ကြီးဝါကြီး ပုဂ္ဂိုလ် များကိုသွားရောက် ဂါရ၀ပြု ရှိခိုးကန်တော့ကြသည်။ ထို့ နောက် . အဘိုးအဘွား ဦးကြီး အဒေါ်တို့ က . ကျွန်တော်တို့ ကလေး များကို မုန့် ဖိုးများပေးလိုက်ကြသည်။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် ထို သို့ သီတင်းကျွတ်တွင်ရသောမုန့် ဖိုးများကို လွန်စွာတန်ဖိုးထားပါသည်။
အကြောင်းဆိုသော်.. ကျွန်တော်တို့ မိဘများသည် အခြားသော မိဘများနှင့်မတူသော လွန်စွာထူးခြားသည့်အယူအဆတစ်ခုရှိသည်။
ကလေး ဆိုတာ ငယ်ငယ်ရွယ်ရွယ်နှင့် ပိုက်ဆံ ကိုင်သုံးရင် ပျက်စီးတတ်သည်ဟု ဆိုသော အယူအဆကြီးကို လက်ခံကျင့်သုံးကြသောကြောင့်ဖြစ်သည်။
ထို့ ကြောင့် သူငယ်တန်းမှ . အထက်တန်း ရောက်သည့် အထိပင် မုန့် ဖိုး ဟူ ၍ သတ်မှတ်ပြီးပေးလေ့ မရှိပေ။ နေ့ စဉ်ဆိုသလိုပင် အမေသည် ရုံးမှ ပြန်လာတိုင်း သူ့ သားနှစ်ယောက်အတွက် မုန့် များ တနေ့ တမျိုးမရိုးအောင် ၀ယ်လာတတ်သည်။ မိဘ က ၀ယ်ကျွေးသောမုန့် သည် အန္တရာယ်ကင်းသည် ဟုဆိုလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပိုက်ဆံသုံးလျှင် ပျက်စီးလွယ်သည် ဟုလည်း မကြာခဏ ပြောလေ့ရှိသည်။
ကျောင်းစရိတ်များ ၊ စာအုပ်ဖိုးစသည့် အထွေထွေကုန်ကျစရိတ်ရှိလျှင် အကျိုးအကြောင်းပြောကာ တောင်းရသည်။ အကြောင်းပြချက်မရှိပဲနှင့် မုန့် ဖိုး ဟူသော ခေါင်းစဉ်တပ်ကာဘယ်တော့မှ မပေးချေ။ ထို့ ကြောင့် . ငယ်စဉ်ကတည်းက အခြားသူများကမေးသော ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးအတွက် လွန်စွာ အဖြေရခက်သော မေးခွန်းတစ်ခုရှိလေသည် ...
သား တို့ တစ်နေ့ ကို မုန့် ဖိုး ဘယ်လောက် ရသလဲ ဟူသောမေးခွန်းဖြစ်သည်။
ထို့ ကြောင့် ယခုလို သီတင်းကျွတ်လများတွင် ဆွေမျိုးများ ၊ အဖိုးအဖွားများက မုန့် ဖိုး များဖောဖောသီသီပေးလျှင် လွန်စွာပျော်သည်။ စားချင်တာကိုဝယ်စား ။ ၀တ်ချင်တာကိုဝယ် ၀တ်နိုင်သည်။
ဒါကိုလည်း အဖေနှင့်အမေက သိပ်သဘောမကျချင်ပေ။ လူကြီးများက ပေးလို့ သာ ဘာမှ ၀င်မပြောသော်လည်း . ဆွေမျိုးများကို ကန်တော့အပြီး အိမ်အပြန် ကားပေါ်တွင် . အမေ က ရသမျှသော မုန့် ဖိုးများကို သိမ်းတတ်သည်။ ထို မုန့် ဖိုးများကိုလည်း . သားတို့ တနေ့ ကြီ၊းလာလျှင် ပြန်ပေးမည် . ယခု ခဏ သိမ်းထားပေးမည် ဟု ဆိုကာ သိမ်းတတ်သည်။ ထို့ ကြောင့် ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက်အဖို့ သီတင်းကျွတ် မုန့် ဖိုး အများစုသည် မြင်သာမြင် မကြင်ရဟု ဆိုလျှင် မှားမည် မထင်။
အဲဒီ ကန်တော့လို့ ရတဲ့ မုန့် ဖိုးတွေ ဘယ်တော့ပြန်ပေးမှာလဲ အမေ ဟု မေးလျှင် . သားတို့ အသက်ကြီးလို့ မိန်းမ ရလျှင် ပြန်ပေးမည်ဟု ဆိုလေသည်။ ပြီးလျှင် ကိုယ် စုထားသော ပိုက်ဆံကို ဘယ်ရွေ့ ဘယ်မျှ ရှိကြောင်းမှတ်ထားရသည်။ ကျွန်တော် မှတ်မိသည်က . အမေ့ ထံတွင် စုထားငွေ သုံးထောင် ကျော်မျှ ရှိပေမည်။ လက်ဖက်ရည် တစ်ခွက် တစ်ကျပ် ၊ မုန့် ဟင်းခါးတစ်ပွဲ နှစ်ကျပ် သာ ပေးရသော ခေတ်တွင် ကျွန်တော် ၏ စုငွေသည် သုံးထောင်ကျော်မျှရှိပေမည်။
(၀န်ခံချက် :: အမေ့ စကားအတိုင်းဆိုလျှင် ထိုငွေများသည် .ကျွန်တော်.. မိန်းမ ရသော နေ့ တွင် ပြန်ရဖွယ်ရာ ရှိသည်။ သို့ သော် ယခုအထိတော့
ရဖို့ လမ်း မမြင်မိသေးပါ..)
သို့ သော် . ညီလေးကတော့ ရသည့်မုန်းဖိုးများကို ဒီလို သိမ်းတာ သိပ်မကြိုက် . လက်မခံချင်။ သား ဘာသာ .. သိမ်းတတ်တယ် ဟု ဆိုကာ ဘူး ခံပြီး ငြင်း လေသည။်
ဒီလို ကိစ္စ မျိုးဆိုလျှင် အငယ်ကောင်လေးက ကျွန်တော့်ထက် ပိုမို လက်စောင်းထက်သည်။ ကြာသော် . အမေ လည်း လက်လျော့ကာ . သီတင်းကျွတ်မုန့် ဖိုး သိမ်း ခြင်း အမှူကို စွန့် လွတ် လိုက်ရလေသည်။
ထို့ ပြင် ကျွန်တော်တို့ ဆွေမျိုးများ ၏ သီတင်းကျွတ်မုန့် ဖိုးပေးသည့် အစဉ်အလာ တရပ်လည်းရှိသေးသည်။ လူကြီးများက ကလေးများကို မုန့် ဖိုးပေးရာတွင် အသက် အရွယ် နှင့် မတိုင်းတာ မသတ်မှတ် ။ ကန်တော့သည့် သူသည် အိမ်ထောင်ပြုပြီးသား ဖြစ်နေလျှင် မုန့် ဖိုးပေးခြင်း အမှူ့ ကို မပြုတော့ချေ။ အိမ်ထောင်ကျလျှင် လူကြီး ဟု သတ်မှတ်သည်။ ထို့ ကြောင့် အချို့ သည် အရွယ် ငယ်ပါလျက်နှင့် စောစီးစွာ အိမ်ထောင်ကျသည့်အတွက် သီတင်းကျွတ်မုန့် ဖိုးများ မရကြတော့ချေ။ အချို့ ကမူ အတော်အတန် အသက်ကြီးသည့်တိုင် အိမ်ထောင်မကျသေးသည့်အတွက် ကလေး ဟူသော ခေါင်းစဉ်အောက်တွင်ရှိကာ မုန့် ဖိုးများ ရလေသည်။
သီတင်းလည်း ကျွတ်ပေါင်းများလှပြီ
ဝါလကင်းလွတ် သီတင်းကျွတ်လသည် . ကလေးများအတွက်သာ ပျော်ဖွယ်ရာ မဟုတ် ။ မေတ္တာမျှနေသူ များ နှင့် မင်္ဂလာပွဲ ဆင်မြန်း ကြမည့်သူများအတွက်လည်း ရင်ခုန်ဖွယ်ရာကောင်းသောလ ဖြစ်သည်။
ပျော်ရွင်စရာမြန်မာ့ရိုးရာ မင်္ဂလာပွဲ တစ်ခု
မြန်မာ့ရိုးရာ ဓလေ့အရ . ၀ါတွင်းကာလတွင် မင်္ဂလာဆောင် ၊ အိမ်ထောင်ပြုခြင်းအမှူ့ ကို မပြုစကောင်း ပေ။ ယခုလို ၀ါကျွတ်သည့်အခါမှသာ ပြုလုပ်လေ့ရှိကြသည်။ ထို့ ကြောင့် သီတင်းကျွတ်ပြီဆို သည်နှင့်တပြိုင်နက် ဟိုတယ် များ ၊ ဘုန်းကြီးကျောင်းများတွင် မင်္ဂလာဆောင်များ တစ်ပွဲပြီးတစ်ပွဲ ပင်။
ထို့ အတူ . တစ်ကိုယ်တည်း အပျိုကြီးများ ၊ ဂေါ်မစွံလူပျိုကြီးများ အတွက်လည်း ကြိမ်မီးအုံးသလို အမေးခံရသော မေးခွန် တစ်ခုရှိလေသည်။
အပျိုကြီးရေ သီတင်းကျွတ်တော့မယ်နော်။ ဘာမှ အကြောင်းမထူးသေးဘူးလား ...
ဟော့ ..လူပျိုကြီး .. သီတင်းလည်း ကျွတ်ပေါင်းများပြီနော်။ ဘယ်တော့ စားရမှာလဲ ။ ကြိုးစားပါအုံး။
ထိုသို့ မေးလာလျှင်လည်း . စိတ်ဆိုး၍လည်းမဖြစ် ။ ရန်ဖြစ်လို့ လည်း မသင့်ပေ။
ထို့ ကြောင့် ရယ် ကျဲကျဲသာ နေကြသည်ကို တွေ့ ဖူးပေလိမ့်မည်။
မချိလို့ သွားဖြဲတာကို ရယ် တယ် လို့ မမှတ်ပါနှင့် ဟူသော ဦးပုည စာချိုးလေးအတိုင်းပင်။
ထို့ သို့ သော အပျိုကြီး လူပျိုကြီးများအတွက်မူ သီတင်းကျွတ်သည် သူများတကာလို.ပျော်စရာမကောင်းလှပေ။
မလုံခြုံ လို့ မစည်ကားတော့ သော သီတင်းကျွတ်ပွဲများ
ကျွန်တော့် အတွက်မူ သီတင်းကျွတ်သည် ငယ်စဉ်တုန်းကလောက် ပျော်စရာမကောင်းလှတော့ ဟု ခံစားမိပါသည်။ အကြောင်းကြောင်းကြောင့် ပွဲလမ်းသဘင်များကို ကျင်းပခြင်းမပြုတော့ ။ လုံခြုံရေးကြေင့် ပွဲမိန့် မပေး တော့ ဟု သိရပါသည်။
အော်.. ဘာဖြစ်လို့ များ မလုံခြုံပါလိမ့်နော်။ ဘယ်တော့များမှ သီတင်းကျွတ်မီးထွန်းပွဲလေးကို ပြန်မြင်ရပါလိမ့် ။
ကျွန်တော် ကြိုက်သော ချားရဟတ်ကြီးကိုလည်း မစီးနိုင်တော့ချေ။ ကျွန်တော် ကြိုက်သော ကောက်ညှင်းကျည်တောက် နှင့် ရေမုန့် ကိုလည် မမြည်းနိုင်တော့ပေ။
မိန်းမလျာ များ ကပြဖျော်ဖြေသော မိုးကြိုးဌက်ငယ်လေးများ စတိတ်ရှိုးလည်း မမြင်ရတော့ချေ။
ထို့ ပြင် ဗျောက်အိုးများ မီးရှူးဒိုင်းများ ပစ်ဖောက်ခြင်းကိုလည်း မပြုလုပ်ရဟု တာမြစ်ထားလေသည်။
ပျော်စရာ အပျော်များ မရှိတော့သည့်နောက် တွင် ကျွန်တော်သည် သီတင်းကျွတ်တွင် တန်ခိုးကြီးဘုရားများ ၏ ဆီမီးတစ်ထောင် ပူဇော်ပွဲများကို သာ အားသန်လျက်ရှိပါသည်။
ငယ်ငယ်တုန်းက အတူဆော့ ခဲ့သော ငယ်သူငယ်ချင်းများ ကလည် ယခုချိန်တွင် ရေကြည်ရာမြက်နု ရာသို့  တကွဲတပြားစီ ..
ကျွန်တော်ကမူ တမူထူးခြားစွာ. ရေလည်း မကြည် . မြက်လည်းမနုသော .ကန္တာရ ထဲတွင်သာ တစ်ယောက်တည်း ရောက်နေရပါသည်။
ထို့ ပြင့် အလိုက်မသိသော သူငယ်ချင်း အချို့ ကလည်း . ဟော့ကောင်ကြီး သီတင်းကျွတ်ပြီနော် ဟု အဓိပ္ပာယ် ပါပါ ပြောတတ်သည်။
သို့ ဆိုလျှင် ကျွန်တော်ကလည်း . အေးလေ.. သူ့ ဘာသာ သီတင်းကျွတ် တာ . ဘာဖြစ်လဲ ။ ငါ နဲ့ ဘာဆိုင်တာမှတ်လို့ . ဟု . ခပ်တည်တည် မသိချင်ယောင် ဆောင်ကာ ပြန်ပြောရပေါင်းလည်း မနည်းတော့ .ပေ။
ဆယ့်နှစ်လ ရာသီတွင် ဤ သီတင်းကျွတ် လ ရောက်မှပင် တိုက်တိုက်ဆိုင်ဆိုင် အဘယ်ကြောင့် . သီတင်းကျွတ်ပြီနော် ဟု ဆိုကြပါအံ့နည်း ။
အချုပ်အားဖြင့် ဆိုရပါမူ .. ယခုအထိတော့ . အမေ့ ဆီမှ ငွေသုံးထောင်ကို လည်း ပြန်ရဖို့ အကြောင်းက မပေါ်သေး ပါ။
လူကြီးများပေးသော မုန့် ဖိုးကိုလည်း ဆက်လက် ရယူနိုင်မည့် အခြေအနေ တွင်သာရှိပါသည်။
ထို့ ကြောင့် ယခု သီတင်းကျွတ်သည်လည်း ကျွန်တော့် အတွက် တော့ ထူးမခြားနားသာ ဖြစ်ပေလိမ့်မည် တကား ။
အမှတ်တရ သီတင်းကျွတ် ခံစားမှူ့ 
ဇော်ပြည့်
ဤ ပိုစ့်ကို www.roadtoarabian.blogspot.com တွင် ရှူရန်
No comments:
Post a Comment